Friday, September 24, 2010

NUDP ပါတီအား ထောက်ခံအားပေးသော လူငယ်များ စိတ်ပျက်လက်ပျက် ဖြစ်နေ

နှောင်းလှိုင်

NUDP ပါတီ ဖျက်သိမ်းခံလိုက်ရသည့်အတွက် ပါတီအား တက်ကြွစွာ ပါဝင်ထောက်ခံအားပေးကြသော လူငယ်များ ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိတော့ဘဲ စိတ်ဓါတ်ကျနေသည်ဟု သိရသည်။

“သူတို့က ပြောင်းလဲမှုများ ဖြစ်လာမလား ဆိုတဲ့ မျှော်လင့်ချက် တခုနဲ့တော့ သူတို့ စိတ်ဝင်စားတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ စိတ်မ၀င် စားတော့ဘူးလို့ ပြောလို့ ရတာပေါ့။ ဘာဖြစ်လဲဆို သူတို့ အားထားရတဲ့ ပါတီ NUDP အဲဒီပါတီကနေ အဲလိုမျိုး ဖြစ်သွားတော့ သူတို့ အနေနဲ့ တော်တော်လေး စိတ်ဓါတ်ကျကြတယ်” ဟု ကရင်နီအမျိုးသား လူငယ်အစည်းအရုံး KNYO ဥက္ကဌ စမ်းရှိုင်းက ပြောပါသည်။

ကရင်နီပြည်နယ် ကိုယ်စားပြု လူမျိုးပေါင်းစုံစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ NUDP သည် ပြည်နယ်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့် အာဏာပိုင်တို့၏ နှောင့်ယှက်မှုကြောင့် ပါတီရုံးကို ပိတ်ထားရပြီး အဖွဲ့အစည်းကိုလည်း တရားဝင် ဖျက်သိမ်းမှု မရှိတာက လွဲပြီး ဘာမှ လှုပ်ရှားမှု မရတော့ပဲ ပါတီ ဖျက်သိမ်းခံလိုက်ရသည့် သဘောတွင် ရှိသည်။

စစ်တပ်ကြိုး ကိုင်မှု မပါဘဲ ကရင်နီပြည်မှ လူထု လေးစားထိုက်သည့် ကိုယ်စားလှယ်များက NUDP ပါတီအား ယခုနှစ်တွင် စတင်ထူထောင် လိုက်ပြီးနောက် အဆိုပါ ပါတီအား ပြည်တွင်းမှ ပညာတတ်လူငယ် အတော်များများ နိုင်ငံရေးပိုင်းသို့ စိတ်ဝင်တစားရှိလာခဲ့သည်။

ကယန်းလူငယ်၊ ကယောလူငယ်၊ ကလလတ (အပစ်ရပ်အဖွဲ့) လူငယ်နှင့် ကန္ဒရ၀တီ လူငယ်များသည် လစဉ် ပုံမှန် တွေ့ဆုံမှုများ ပြုလုပ်လေ့ရှိပြီး သို့သော် ယခုအချိန်တွင် ရပ်နားထားကြရသည်။

“ကယန်းလူငယ်တွေကတော့ လစဉ် ပုံမှန်တွေ့ဆုံမှုတွေ ရှိမယ် ထင်တယ်။ တော်တော်လေး လျှော့သွားတယ်လို့ ပြောလို့ ရတယ်။ ကန္ဒရ၀တီ လူငယ်တွေတော့ လစဉ် တွေ့ဆုံမှုကို ခဏနားထားတယ်” ဟု လွိုင်ကော်မှ ဒေသခံ တဦးက ပြောပါသည်။

ထိုလူငယ်များသည် လစဉ် တွေ့ဆုံဆွေးနွေးရာတွေ မျိုးနွယ်စုများ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု တိုးပွားစေသည့် လှုပ်ရှားမှုများကိုသာ ဦးတည်လုပ်ဆောင်ကြသည်ဟု သိရသည်။

“ဘာဖြစ်လို့ စိတ်ဓါတ်ကျလဲဆိုရင် သူတို့က သူတို့ ကယားပါတီကို အပြတ်အသတ် အနိုင်ရအောင် သူတို့ လုပ်မယ်။ ပြီးတော့ သူတို့ ဒီပါတီက ပြည်မှာ ရပ်တည်နိုင်ဖို့ သူတို့ကြိုးစားမယ်ပေါ့။ အဲလိုမျိုး သူတို့မှာ ရည်မှန်းချက် ရှိတယ်” ဟု စမ်းရှိုင်းက ပြောသည်။

အခုလောလောဆယ်တွင် လူငယ်များသည် သက်ကြီးပိုင်း ခေါင်းဆောင်များကို ညွန်ကြားချက်များကိုသာ စောင့်နေပြီး ပါတီမှ တခုခု ညွန်ကြားလာပါက ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး သို့သော် လူကြီးပိုင်းများသည် မိမိစီးပွားရေးနှင့် မိသားစု မထိခိုက်ပါက ရေလိုက်ငါးလိုက် နေမည့် သဘော ရှိသည်ဟု ကယားပြည်နယ်မှ လူငယ်များ၏ ပြောပြချက်အရ သိရသည်။

NUDP ပါတီမှ တခုခု ခိုင်ခိုင်မာမာ လူငယ်များရှေ့တွင် ရပ်တည်ပြီး ဆုံးဖြတ်ပေးနိုင်ပါက လူငယ်များ တနည်းတလမ်းဖြင့် လုပ်ဆောင်နိုင်မည်ဟု သိရသည်။

No comments: