Tuesday, September 28, 2010

NLD ၂၂ နှစ်ပြည့် ကျင်းပ

ရန်ပိုင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တည်ထောင်သည့် ၂၂ နှစ်ပြည့် အခမ်းအနားကို ပါတီ ဒု ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်တွင် ယနေ့ ကျင်းပကြောင်း သတင်းရရှိသည်။

ပါတီ၏ ၂၂ နှစ်တာကာလ ဖြတ်သန်းမှုကို အားရကျေနပ်ပါကြောင်း၊ ယခုအခမ်းအနား တက်ရောက်ကြသူ အများစုမှာ ပါတီသက်တမ်း တလျှောက်တွင် အနစ်နာခံပြီး လုပ်ဆောင်ခဲ့သည့် အတွက် ဂုဏ်ယူပါကြောင်း ဦးတင်ဦးက ဧရာဝတီသို့ ပြောသည်။

“ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် ဒီ ၂၂ နှစ်ပြည့်က စပြီး ပါတီတရပ်လို ရှင်သန်လာမယ်။ ပြည်သူရဲ့ ယုံကြည်မှု ပိုမို အားကောင်းလာမယ်လို့ ယုံတယ်” ဦးတင်ဦးက ဆိုသည်။

စစ်အစိုးရက ပါတီကို ဖျက်သိမ်းလိုက်ပြီဟု ကြေညာသော်လည်း လူထုထောက်ခံမှုဖြင့် ပြန်လည်အားကောင်းလာမည် ဖြစ်ကြောင်း ဦးတင်ဦးက ပြောသည်။

ယင်းအခမ်းအနားသို့ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များ၊ တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်များနှင့် သတင်းထောက်များ အပါအ၀င် ၃၀၀ ခန့် တက်ရောက်ကြောင်း၊ အနှောင့်အယှက် တစုံတရာ မရှိသော်လည်း အရပ်ဝတ်ဖြင့် ရဲများက အခမ်းအနား တက်ရောက်သည့် သူများကို ဓာတ်ပုံများရိုက်ယူကြောင်း သိရသည်။

NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းတင်က ပါတီအနေဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရသည်မှာ လူတစု၏ ဆုံးဖြတ် ချက်မဟုတ်ကြောင်း၊ ပါတီသည် စစ်အစိုးရ ကျင်းပသည့် အမျိုးသားညီလာခံ ကတည်းက နိုင်ငံရေးတွင် စစ်တပ် ဦးဆောင်သည့် အခန်းကဏ္ဍကို လက်မခံနိုင်သည့်အတွက် သပိတ်မှောက်ခဲ့ကြောင်း ရှင်းပြသည်။

လက်ရှိတွင် ပါတီကို ပိုမိုအားကောင်းလာစေရန် ပါတီဝင် အောက်ခြေထုကို စည်းရုံးမူများ၊ ဗဟိုကိုလည်း ပိုမိုကျစ်လျစ်စေရန် ကြိုးပမ်းမှုများ လုပ်ဆောင်နေကြောင်း၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကိုလည်း ဆက်လက် ဆုပ်ကိုင်ထားမည် ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောသည်။

NLD ကို စစ်အစိုးရ အာဏာသိမ်းပြီးနောက် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးအောင်ကြီး တို့က ဦးဆောင်ပြီး တည်ထောင်ခဲ့သည်။

ပါတီတည်ထောင်ပြီး မကြာမီမှာပင် ဦးအောင်ကြီးက ပါတီတွင် ကွန်မြူနစ်များ ၀ိုင်းရံနေသည် ဆိုသည့် အကြောင်းပြချက်ဖြင့် ခွဲထွက်ခဲ့သည်။ NLD သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမတ်နေရာ အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။

စစ်အစိုးရက ရွေးကောက်ပွဲ အနိုင်ရသည့် NLD ပါတီကို အာဏလွှဲပေးခြင်းမရှိဘဲ အမျိုးသားညီလာခံ ခေါ်ယူပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်ကို ရေးဆွဲပြီး ရွေးကောက်ပွဲ အသစ်ထပ်မံ ပြုလုပ်မည်ဟု ကြေညာခဲ့သည်။

စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု မရှိခြင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖမ်းအဆီးခံ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးမှု မရှိခြင်းများကြောင့် ပြီးခဲ့သည့် မတ်လတွင် NLD က ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုနောက် ပါတီ၏ ဗဟိုကော်မတီဝင်များ ဖြစ်သည့် ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦးနှင့် ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်ပြီး ရွေးကောက်ပွဲဝင်ရန် ပါတီမှ ခွဲထွက်သွားပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီကို ထူထောင်ခဲ့သည်။

ယခုလ ၁၄ ရက်နေ့တွင် NLD ပါတီကို ဖျက်သိမ်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စစ်အစိုးရပိုင် မီဒီယာမှ ကြေညာခဲ့သည်။

No comments: