Friday, September 24, 2010

ဝန်ထမ်းများ မဲမပေးလည်းရဟု စစ်အစိုးရ ပြော

နရီလင်းလက် Friday, September 24, 2010

ရွေးကောက်ပွဲတွင် အစိုးရ ၀န်ထမ်းများ မဲမပေးလိုက မပေးဘဲ နေပိုင်ခွင့် ရှိကြောင်း စစ်အစိုးရက သက်ဆိုင်ရာ ဌာနများသို့ ယမန်နေ့က အသိပေး ထုတ်ပြန် လိုက်သည်ဟု နေပြည်တော် အသိုင်းအ၀န်းမှ သိရသည်။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မည်သည့်ပါတီကိုမဆို လွတ်လပ်စွာ ရွေးချယ်မဲပေးခွင့်ရှိခြင်း၊ အာဏာသုံး၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အား မဲထည့်ခိုင်းခြင်း ကိစ္စရပ်များ မရှိကြောင်း ဖော်ပြရန် အာဏာပိုင်များက အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု ကာကွယ်ရေး ဦးစီးချုပ်ရုံး-ကြည်း (ကက-ကြည်း) မှ အရာရှိတဦးက ပြောသည်။

စစ်အစိုးရပိုင် သတင်းစာများတွင် ဖော်ပြခြင်းမရှိဘဲ ရုံးအမိန့်စာပုံစံဖြင့် ၀န်ကြီးဌာနအလိုက် ဖြန့်ဝေခြင်းဖြစ်ကြောင်း၊ နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ ၀န်ကြီးဌာနများ လက်အောက်မှ ဌာနဆိုင်ရာ ၀န်ထမ်းများသည် ယင်းထုတ်ပြန်ချက်အား သိရှိကြောင်း လက်မှတ်ရေးထိုးခိုင်းကြောင်း သိရသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ပြန်ကြားရေး ၀န်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာ စသည့် ဌာနဆိုင်ရာ ရုံးများသို့ ယင်းကြေညာချက် ရောက်ရှိကြောင်း စုံစမ်းသိရသည်။

ထုတ်ပြန်လိုက်သည့် အဆိုပါ အသိပေး ကြေညာချက်၌ နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အစိုးရ၀န်ထမ်းများ မဲပေးရေး မပေးရေးကို မိမိဆန္ဒအရ လွတ်လပ်စွာ ပြုလုပ်နိုင်ကြောင်း၊ မဲပေးမည် ဆိုပါက လွတ်လပ်စွာ ရွေးချယ်ပေးပိုင်ခွင့် ရှိကြောင်း စသည့် အချက်အလက်များပါဝင်သည်ဟု ကက-ကြည်းမှ အရာရှိက ဆက်လက်ပြောသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတဦးက “အာဏာပိုင်တွေက အရေအတွက် နည်းရင်နည်းပါစေ၊ သေချာတာကိုပဲ အကုန်ရချင်တယ်။ အစိုးရ၀န်ထမ်းဆီက ရလာမယ့် မဲအရေအတွက်တွေ မပါလည်း ရွေးကောက်ပွဲမှာ ကြံ့ဖွံ့က အောင်နိုင်ခြေရှိ နေပြီ”ဟု ပြောသည်။

စစ်အစိုးရသည် အရပ်ဘက် အဆင့်မြင့် ရာထူးများဖြစ်သော ညွှန်ကြားရေးမှူး၊ ဌာနမှူးများအား အနားပေးကာ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်း အနေဖြင့် သက်ဆိုင်ရာမြို့နယ်များမှ ရွေးကောက်ပွဲ ၀င်စေခဲ့ကြောင်း သိရသည်။

“ကြိုတင်မဲလည်း လာမကောက်ဘူး။ မဲလည်း မထည့်ချင်ရတယ်ဆိုတော့ ဌာနမှူးတွေ၊ ညွှန်ကြားရေးမှူးတွေ ပြန်ကြည့်ရင် အကုန်လုံး သက်ဆိုင်ရာမြို့နယ်တွေမှာ ကိုယ်စားလှယ်လောင်း ၀င်ပြီးပြီ။ ကျန်တာ အောက်က ၀န်ထမ်းတွေ။ ဒီ ၀န်ထမ်း တွေက လက်ရှိ အစိုးရ၀န်ထမ်းဖြစ်နေတော့ ထည့်ချင်တယ်ဆိုရင်တောင် ကြံ့ဖွံ့ကိုကျော်ပြီး ထည့်ရဲမှာလား”ဟု အကောက်ခွန် ဦးစီးဌာနမှ အထက်တန်းအရာရှိတဦးက ပြောသည်။

၎င်းက ဆက်လက်၍ “ကြံ့ဖွံ့ကို မဲမပေးချင်တဲ့ အစိုးရ၀န်ထမ်းတွေ ရှိနေတာကို အာဏာပိုင်တွေက သိထားတော့ တခြားပါတီကို မဲပေးရင် ပြဿနာတက်မယ်လေ။ ဒီတော့ မင်းတို့ မပေးချင် မပေးလို့ရတယ်ဆိုရင် မပေးဘဲနေမယ့် လူတွေက အများကြီး။ ဒီလို မသေချာတဲ့မဲတွေ လျော့တာထက် တခြားပါတီ မဲမရသွားအောင် လုပ်တဲ့ သဘောလည်း ဖြစ်နိုင်တယ်။ အစိုးရ ၀န်ထမ်း က တခြားပါတီကို မဲထည့်ဖို့ကလည်း မဖြစ်နိုင်ဘူးလေ” ဟု ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ အကြီးတန်း အရာရှိတဦးကလည်း “၁၉၉၀ တုန်းက မဲမပေးဘဲ နေခဲ့တဲ့ အစိုးရ ၀န်ထမ်းတွေ အများကြီးရှိခဲ့တယ်။ ဒီလိုမျိုးဖြစ်မယ့်အတူတူ အာဏာပိုင်တွေက သေချာတဲ့ သူတို့လူတွေကို ကိုယ်စားလှယ် လောင်းတွေ ခန့်ပြီး ပြိုင်ခိုင်းထားတာ။ ၀န်ထမ်းတွေဆီက မဲမရလည်း နိုင်တဲ့ အနေအထားမျိုးကလည်း ရှိနေပြီ”ဟု ဆိုသည်။

၎င်းက ဆက်လက်၍ “တချို့ မဲဆန္ဒနယ်တွေမှာဆို အပြိုင်ဝင် အရွေးခံမယ့်သူ မရှိဘူး။ ဘုတလင်မှာဆို အမျိုးသားလွှတ်တော် အတွက် ပြိုင်မယ့်သူက ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးသာအေး တယောက်ပဲရှိတယ်။ ဒီမဲဆန္ဒနယ်ကနေ နိုင်ဖို့က သေချာနေပြီ လေ။ အပြိုင်မရှိဘူး။ မဲမပေးလေ ကြိုက်လေပဲ။ တချို့ရုံးတွေတော့ စာမရောက်သေးဘူးကြားတယ်။ သေချာတာက အစိုးရ ၀န်ထမ်းအားလုံးပါတယ်”ဟု ပြောသည်။

စစ်အစိုးရက ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပေးမည်ဟု ကြေညာထားသည်။

ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၃၇ ပါတီ ရှိပြီး ၃၅ ပါတီသည် ပါတီဝင်အင်အား စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားပြီး ဖြစ်ကြောင်း သတင်းစာများတွင် ဖော်ပြထားသည်။

No comments: