Saturday, September 25, 2010
စာအုပ်နှင့် စာကြည့်တိုက်
ယခုခေတ်သမယတွင် ရှေ့ကထက် စာဖတ်ခြင်းအလေ့အထသည် သာလွန်များပြားလျက် ရှိလေပြီ။ မဖတ်၍လည်း မဖြစ်တော့ပေ။ ရှေးက ကိုယ့်စိတ်စူးစိုက်ရာနယ်ပယ်သည် ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံ လောက်သာဖြစ်သည်။ လူမှု ကိစ္စတို့မှာလည်း ခုခေတ်လောက် မရှုပ်ထွေးသေး၊ သိစရာတတ်စရာဖြစ်သော နီတိကျမ်းလာ အတတ်ဆယ်ရပ်တို့မှာလည်း ခုခေတ်ပညာရပ်များလောက် မများမြောင်၊ သို့မဟုတ် ဆင့်ကဲဆင့်ကဲ စုပုံပွားများမလာသေး။ သို့ကလို ရှင်းလင်း လွယ်ကူသေးသော ရှေးခေတ်အခါက နေရေး ထိုင်ရေး ကိစ္စများတွင် ကိုယ့်မျက်စိနှင့်မြင်ရာ ကိုယ့်မိဘက ပြောပြခဲ့ရာ၊ ကိုယ့်စာအုပ်ကလေးထဲလောက် ပါရာတို့ကို နေရာတကျ အသုံးချတတ်ခဲ့ပါလျှင် ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ ဆိုသလို လူဖြစ်ရကျိုးနပ်စရာ အကြောင်းပင်ဖြစ်သည်။
ကိုယ်နှင့်ပတ်သက်ရာ ဆွေမျိုး ရပ်ရွာတို့မှာလည်း ဘေးရန်ကင်းရှင်း၍ စိတ်ပူပင်စရာ နည်းနိုင်သမျှ နည်းပါးဖို့သာရှိလေသည်။ သို့ရာတွင် ၁၉ ရာစု၏ ဤမှာဘက်၌ကား ပညာရပ်တို့မှာ များသထက် များ၊ ရှုပ်သထက်ရှုပ်လာသည်မှာ အထင်အရှားပင်။ သည်လို ရှုပ်ထွေးသော ခေတ်ကာလနှင့် လျော်အောင် သူသူကိုယ်ကိုယ် စာကို ပို၍ဖတ်လာကြရ၏။ အဖတ်၍လည်း မဖြစ်တော့ပေ။
အကြောင်းမူကား အမေရိကန်တွင် ဟိုက်ဒရိုဂျင်ဗုံး လုပ်နေသည့်ကိစ္စ၊ တရုတ်တို့ နိုင်ငံသစ် စမ်းသပ်တည်ထောင်နေသည့် ကိစ္စ၊ စပါးဈေး ခပ်ပျော့ပျော့ဖြစ်နေသည့်ကိစ္စ အဝဝတို့ကို စာမတတ်လျှင် ဘယ်လို သိနိုင်ပါမည်နည်း။ သူများနိုင်ငံများတွင် ဖြစ်ခဲ့၊ ဖြစ်ဆဲ ကိစ္စရေးရာ၊ ပညာရပ်တို့သည် ကိုယ်နှင့် တနည်းတဖုံ ဆက်သွယ်နေသည်မှာ မငြင်းနိုင်။ သည်လို သူ့ကိစ္စနှင့် ကိုယ့်ကိစ္စတို့ ဆက်သွယ်ရေး အမှားအမှန်ခွဲခြားနိုင်ရေး၊ လူ့ဘောင်၌ အနေမှန်မှန် နေတတ်ဖို့အရေးတွင် စာအုပ်၏ အကူအညီလိုနေသည်မှာ ယုံမှားစရာ မရှိပေ။
ထို့ကြောင့် လူသူတတွေ စာဖတ်နေကြ၏၊ စာဖတ်သည်ဆိုရာ၌ နှစ်မျိုးနှစ်စား ကွဲပေသေးသည်။ ကျောင်းသား ကိုလူပျိုတို့ ဖတ်သည့်စာက တမျိုး၊ သည့်နောက် ကျောင်းထွက်ပြီးသူများ ဖတ်သည့်စာက တဖုံဖြစ်လေသည်။ ကျောင်း၏ သင်ရိုးပညာနှင့် ပတ်သက်သော စာဖတ်မှုကို ဤစာရေးသူသည် ယခုအခါတွင် ဆွေးနွေးလိုစိတ် မရှိပေ။ သင်ရိုးပညာလေ့လာခြင်းသည် ကိုယ့်အသက်မွေးဝမ်းကျောင်းနှင့် ပို၍သက်ဆိုင်သည်ဟုသာ အကြမ်းဖျင်းဆိုပါရစေတော့။
ကျောင်းထွက်ပြီးနောက်မှ စာဖတ်ခြင်းသည် သင်ရိုးမှကွဲပြားရုံမက ရည်ရွယ်ချက်လည်း မျိုးစုံပေသည်။ ရှေ့ကရေးခဲ့သလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဆက်သွယ်မှု အလျဉ်သလောသိအောင်လည်း ဖတ်သည်။ အလုပ်အားချိန်တွင် စိတ်ပြေလက်ပျောက် အပျင်းပြေရန် အတွက်လည်း ဖတ်သည်။ သည့်ထက် အရေးကြီးသည်ကား လောကလူ့ဘောင်တွင်နေရင်း အမှားအမှန်သိဖို့ ကျဉ်းမြောင်းသော ကျင့်ဝတ်တို့မှ လွတ်ကျွတ်ဖို့ လောကဓံတရားကို ရင်ဆိုင်နိုင်ဖို့ စာအုပ်မှ အားသစ် အင်သစ် ဆွဲယူနိုင်ဖို့ ဖတ်သည်။
မဟာဆန်ချင်သူပြဇာတ်မှ ပကာသနကြိုက်သော ဦးရွှေနှောင်း၏ အဖြစ်သည် ရယ်စရာကောင်း၏။ စာဖတ်သူသည် ဦးရွှေနှောင်းကို ရယ်မောရင်းနှင့် ကိုယ့်ဘက်တဖြည်းဖြည်းကြည့်ကာ မလုံမလဲမဖြစ်ဟု မပြောနိုင်။ တကယ့်အချစ်ရှာသော အင်နာကရဲနီးနားသည် အဖြစ်ဆိုးသို့ ရောက်ရ၏။ စာဖတ်သူသည် ဝတ္ထု အဆုံးသို့ရောက်သော် ထိုခေတ်က ကျင့်ဝတ်သဘော လူ့အမြင်ကျဉ်းမြောင်းမှုကို သဘောပေါက် လာလိမ့်မည်။ သူရဲကောင်းသုံးယောက်ထဲမှ ဒါးတညန် သည် လက်ရဲဇက်ရဲနှင့် အစွမ်းကောင်းသည်။ စာတမျက်နှာ ကျော်ပြီးတိုင်း ကျော်ပြီးတိုင်း ဒါးတညန်၏ သတ္တိဓာတ်အားတို့ ကိုယ့်ကိုယ်ထဲသို့ ဝင်လာသလိုလို ထင်ရ၏။
သည်သဘောနှင့် နိုင်ငံအာဏာပိုင်များသည် ပြည်သူပြည်သားတွေကို စာဖတ်ခြင်း အလေ့အထဖြစ်အောင် ကြိုးပမ်းကြရ၏။ ထို့ကြောင့် အနောက်ဘက်တိုင်းပြည်တို့တွင် ဆင်းရဲချမ်းသာမရွေး ပညာရှိ ပညာမဲ့မရွေး စာဖတ်နိုင်ဖို့ အခွင့်အရေးကို များသထက်များအောင် ဖန်တီးပေးထားကြသည်မှာ အထင်အရှားဖြစ်သည်။ ၁၉၄၄ ခုနှစ် အင်္ဂလန်ပြည် ပညာရေး အက်ဥပဒေ၌ “မသင်မနေရ ပညာသင်ကြားချိန် အရွယ်လွန်ပြီးသူများအဖို့ စိတ်ဖျော်ဖြေရေး၊ လူမှုဆက်ဆံရေးတို့ကို သင့်သလို အားထုတ်နိုင်စေရန် အချိန်အားရှိသောလုပ်ငန်း ဖန်တီးပေးဖို့အတွက် ပညာရေး အာဏာပိုင်တို့တွင် တာဝန်ရှိကြောင်း” အတိအလင်း ဆိုထားသည်။
အဆိုနှင့်အညီ စာရေးသူ၏ မျက်မြင်ကိုယ်တွေ့အရဆိုလျှင် စာကြည့်တိုက်နှင့် ပြည်သူပြည်သားတို့၏ ဆက်သွယ်ရေးပင် ဖြစ်သည်။ အကြောင်းမူကား လူအများ၏ စာဖတ်မှုကို စာကြည့်တိုက်က အလုံးအရင်းနှင့် ထောက်ပံ့အားပေးသည်။ တယောက်ချင်း ရထားစီးရင်း ထမင်းစားရင်း၊ အိမ်သာသွားရင်း စာဖတ်နိုင်ပါ၏။ ကိုယ့်ဝင်ငွေအင်အားရှိသလောက် စာအုပ်ဝယ်နိုင်၏။ သို့သော်လည်း စာအုပ်အစုံအလင်ရအောင် ယဉ်ကျေးမှု ရေးရာ၌ တင်းပြည့်ကျပ်ပြည့် အကျိုးခံစားရအောင် စာကြည့်တိုက်ကိုသာ အားထားကြရ၏။
နီတိကျမ်းဆရာက စာကြည့်တိုက်ကို “အားနည်းသူ၏ အားထားရာပင်တည်း” ဟုဆိုသည်။ ထို့အတူ “ပညာမှီးသူတို့၏ အားထားရာကား စာကြည့်တိုက်တည်း” ဟုဆိုရလောက်အောင် အင်္ဂလန်ပြည်၌ စာကြည့်တိုက်သည် ပြည်သူ ပြည်သားတို့နှင့် ရင်းနှီးစွာ ဆက်သွယ်ပြီး ယဉ်ကျေးမှုရေးရာ၏ ဗဟိုမဏ္ဍိုင်ဖြစ်နေလေသည်။ ပညာရေး အာဏာပိုင်တို့သည် သည်အချက်ကို အလွန်ဂရုစိုက်နေသည်မှာ သိသာပါသည်။ သူတို့ပြည်သူတွေကို မဟာဆန်ချင်သူ ပြဇာတ်ထဲက ဦးရွှေနှောင်းလို အရွယ်အိုရောက်သောအခါမှ စကားပြေနှင့် အလင်္ကာ ခွဲခြားသိရသည့် အဖြစ်မျိုး မကြုံစေချင်။ ဒီမိုကရေစီ အလေ့အတိုင်းပြုမူ ဆောင်ရွက်မှု သိမြင်မှုတို့ကို အင်အားစု တစုအနေဖြင့် သုံးစွဲနေကြသည်မှာ စာရေးသူ မျက်မြင်ပင်ဖြစ်သည်။
သည်လို စာကြည့်တိုက်နှင့် နီးစပ်သော အင်္ဂလိပ် ကျား၊မ တို့ကို တစုံတရာ အကြောင်းမေးခဲ့သော် စာကြည့်တိုက်သို့ လက်ညိုးညွှန်သည်မှာ အဆန်းမဟုတ်ပေ။ စာကြည့်တိုက်တွင် အဖြေသည်ရှိ၏။ စာကြည့်တိုက်တွင် ကိုယ်လိုချင်ရာ ကိုယ်သိချင်ရာကို အစုအပုံနှင့် လွယ်လွယ်ကူကူတွေ့နိုင်သည်။ တနေ့တနေ့ မနက် ၈ နာရီမှ ည ၇ နာရီအထိ စာကြည့်တိုက်၌ လူတွေ ခဲလျက်သာနေသည်။ ပတ်ဝန်းကျင်ကလည်း ကောင်းသည်၊ အဆင်အပြင် အနေအထားကလည်း ကောင်းသည်။ စာအုပ်စာတမ်းအပြင် စာပေဟောပြောပွဲ ကဗျာဖတ်ပွဲ ပြဇာတ်တို့ဖြင့်လည်း ပို၍ပင် ကောင်းအောင် လုပ်ထားသည်။
သို့ကလို ကိစ္စများပြားသော ခုခေတ်ကာလ၌ လူတွေမသိတာ သိအောင်၊ ရှုပ်နေသောစိတ်ကို ရှင်းအောင် ဥာဏ်အမြင် များသထက်များအောင် စာဖတ်ခြင်း အလေ့အထ ပွားအောင် လုပ်ရ၏။ ပွားအောင် အခွင့်အရေး နေရာဌာနကိုလည်း ဖန်တီးပေးရ၏။ ရှေးအခါက ရပ်ရွာထဲတွင် တဦးက ဟစ်လိုက်လျှင် ကျန်လူများ အကုန်သိကြ၏။ ယခုအခါ ကမ္ဘာတပိုင်းမှာ ဘာဖြစ်သည်ကို ကမ္ဘာ့တခြားပိုင်းက စာအုပ်မရှိဘဲ မသိနိုင်။ လူ့သမိုင်း၌ ဘာဖြစ်ခဲ့သည်ကို စာအုပ်အကိုးအကား မရှိဘဲ မသိနိုင်ပေ။
(တာရာ မဂ္ဂဇင်း ၊ မတ် ၁၉၅ဝ)
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment