Sunday, September 26, 2010

စစ်အစိုးရ နျူကလီးယားရည်မှန်းချက် ကမ္ဘာ့ ခြောက်အိပ်မက်

အောင်ဇော်

မြန်မာ စစ်အစိုးရဟာ သူ့ပြည်သူလူထုအတွက် တကယ့် အန္တရာယ်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာ သဘောထား ခံလာ ခဲ့ရ ပါတယ်။ မြန်မာနိုင်ငံကို အရှေ့တောင်အာရှရဲ့ ပထမဆုံး နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာဖို့ မျှော် လင့် နေတယ်ဆိုပြီး စစ်အစိုးရအပေါ် ကာလရှည်ကြာ သံသယ ရှိနေခဲ့ကြပါတယ်။

ဒါပေမယ့် နောက်ဆုံး အစီရင်ခံစာတွေက အဲဒီ သံသယကို အတည်ပြုပေးလိုက်တဲ့ အခုအချိန်မှာတော့ ကျန်တဲ့ ဒေသ တွေကိုပါ ခြိမ်းခြောက်လာတဲ့ နိုင်ငံတခုအဖြစ် တကယ်ပဲ အန္တရာယ် ရှိလာပြီ ဖြစ်ပါတယ်။

အခုအချိန်မှာ နေပြည်တော်က ရန်လိုတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ပြည်ပက ထိုးဖောက် ၀င်ရောက်လာမှုတွေ အဆုံးစွန်ဆုံး ကင်းစင်ရေး ဆိုတဲ့ သူတို့ရဲ့ အိပ်မက်ကို သိမြင်သဘောပေါက်ဖို့ ဝေးပါသေးတယ်။ ဒါပေမယ့် စစ်အစိုးရက သူတို့ရဲ့ ရှင်သန် ရပ်တည်ရေးကို ရန်ပြုလာတယ်လို့ သဘောထားတဲ့ တိုင်းပြည်တွေရဲ့ ခြိမ်းခြောက်လာမှုကို ကာကွယ်နိုင်ဖို့ ဘယ်လောက်ပဲ ရှေးကျပါစေ၊ နျူကလီးယား လက်နက် တမျိုးမျိုးကို ရယူပိုင်ဆိုင်ဖို့ ပိုင်းဖြတ်ချက်ကို လျှော့တွက်မယ် ဆိုရင်တော့ မှားသွားပါလိမ့်မယ်။

ဒါပေမယ့် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ရဲ့ သတင်းပေးပို့ချက်မှာ ပါဝင်လာတဲ့ ဖွင့်ချမှုတွေကို ခပ်မဆိတ်ပဲ တုံ့ပြန်လာတာကို အကဲဖြတ်ရရင် အတော်များများကတော့ စစ်အစိုးရရဲ့ နျူကလီးယား ရည်ရွယ်ချက်တွေဟာ ယုံကြည်လောက်စရာ ခြိမ်းခြောက်မှုလို့ လက်မခံကြသေးဘူးလို့ ထင်ရပါတယ်။ တကယ်တော့ ချက်ချင်းကြီး ကောက်ချက်မချခင် သတိထား ဆောင်ရွက်ကြရင် ကောင်းပါလိမ့်မယ်။ ဒါပေမယ့် မြန်မာနိုင်င်ငံ နျူကလီးယား လက်နက် ပိုင်ဆိုင်သွားတဲ့အထိ စောင့်နေကြမယ် ဆိုရင်လည်း အမှားတခု ဖြစ်လာပါလိမ့်မယ်။

DVB ရဲ့ သတင်းပေးပို့ချက်ဟာ အစဉ်အလာ ပြည်တွင်း ခြိမ်းခြောက်လာမှုတွေကို ခြေမှုန်းဖို့ ရည်ရွယ်ချက်ကို ကျော် လွန် လာတဲ့ စစ်အစိုးရရဲ့ စစ်ရေး ရည်မှန်းချက်တွေကို ပြဆိုတဲ့ သက်သေ အထောက်အထားတွေကို ပထမဆုံး ဖော် ထုတ် တင်ပြပေးတဲ့ သတင်းပေးပို့ချက် မဟုတ်ပေမယ့် အစေ့စပ် အသေချာဆုံး ဖြစ်ပါတယ်။

အများဆုံး အခြေခံထားတာကတော့ စစ်အစိုးရရဲ့ ကြံရွယ်ချက်တွေကို သံသယဖြစ်စရာ မရှိလောက်အောင် ဖြစ်စေတဲ့ အစီရင်ခံ တင်ပြမှု၊ စွပ်စွဲချက်တွေကို အားဖြည့်ပေးတဲ့ များပြားလှတဲ့ ဓာတ်ပုံတွေ၊ အထောက်အထား မှတ်တမ်းတွေကို ခိုးထုတ်သယ်ဆောင်လာတဲ့ စစ်လက်နက် ပစ္စည်းကျွမ်းကျင်သူ မြန်မာစစ်တပ်က ဘက်ပြောင်းလာတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်း ရဲ့ ထွက်ဆိုချက်တွေ ဖြစ်ပါတယ်။

DVB က သတင်းပေးပို့ချက်ကို ရေးပေးတဲ့ နျူကလီးယား သိပ္ပံပညာရှင်၊ နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ အဖွဲ့ရဲ့ ဒါရိုက်တာဟောင်း ဖြစ်သူ ရောဘတ် ကယ်လီ(Robert Kelly) က “သက်သေ အထောက်အထားတွေက တခုတည်း သော ကောက်ချက်ကို ဦးတည်နေတယ်။ ဒီ နျူကလီးယား နည်းပညာဟာ လက်နက်အတွက်ပဲ။ ပြည်သူတွေ အတွက်၊ နျူကလီးယား စွမ်းအင်အတွက် မဟုတ်ဘူး”လို့ ဆိုပါတယ်။

ဒါပေမယ့် ဗိုလ်မှူး စိုင်းသိန်းဝင်း ဖွင့်ချမလာခင်ကတောင် စစ်အစိုးရဟာ ၄ သိန်းလောက် အင်အားရှိတဲ့ စစ်တပ်နဲ့ အင်အား လျော့နည်းပြီး အမျိုးမျိုးအထွေထွေ ကွဲပြားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို နှိမ်နင်းဖို့ ခန့်ညား လောက်တဲ့ စစ်လက်နက် ပစ္စည်းတွေနဲ့တင် မကျေနပ်နိုင်သေးဘူး ဆိုတာ သံသယ ဖြစ်စရာအကြောင်း ကောင်း ကောင်း ရှိပါတယ်။ အမှန်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုလောက်ကတည်းက ပြည်တွင်းပြည်ပ အားစမ်းမှုတွေကို တန့်ရပ်သွားအောင် လုပ်နိုင်တဲ့ စစ်တပ် အင်အားကို တိုးချဲ့ဖို့ ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။

“ဂျိန်း ကာကွယ်ရေး အပတ်စဉ်” (Jane’s Defense Weekly) စာစောင်အရ စစ်အစိုးရဟာ ၂၀၀၁ ခုနှစ်ကတည်းက ဘူလ်ဂေးရီးယားနိုင်ငံမှ အနိမ့်ပစ် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံက တာတိုပစ် တိုက်ချင်းပစ် ဒုံးကျည် လေကြောင်း ကာကွယ်ရေးစနစ်ကို ၀ယ်ယူခဲ့ပါတယ်။

နောက်နှစ်မှာတော့ မြန်မာ့ ကာကွယ်ရေး အကဲခတ် မောင်အောင်မျိုးရဲ့ ၂၀၀၉ ခုနှစ် စာအုပ်ဖြစ်တဲ့“တပ်မတော် တည်ဆောက်ခြင်း” (Building the Tatmadaw) စာအုပ်အရ စစ်အစိုးရဟာ အနိမ့်၊ အလတ်နဲ့ အမြင့် လေကြောင်း ပစ်မှတ်တွေကို ရှာဖွေနိုင်ပြီး ရန်သူမိတ်ဆွေ ခွဲခြားဖော်ပြနိုင်တဲ့ ယူကရိန်းနိုင်ငံလုပ် 36D6 ရေဒါတွေကို ၀ယ်ယူ ထားခဲ့ ပါတယ်။

တချို့ အကဲခတ်တွေကတော့ ၂၀၀၁-၀၂ နှစ် တွေမှာ ထိုင်းတပ်တွေနဲ့ နယ်စပ်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့အချိန် မြန်မာရှေ့တန်းတပ်တွေနဲ့ စစ်ဌာနချုပ်တွေအကြား ဆက်သွယ်ရေး အပြင်းအထန် ဖြတ်တောက်ပြစ်ဖို့ ထိုင်း တပ်မတော် က သူ့ရဲ့ F 16 တိုက်လေယာဉ်တွေကို မစေလွှတ်ခင် ရန်သူ လေကြောင်းရန် ကာကွယ်ရေးစနစ် နှိမ်နင်း ရေး လက်နက်ကိရိယာတွေကို ချထားချိန်မှာ စစ်အစိုးရက သူရဲ့လက်နက်တွေကို အဆင့်မြှင့်နိုင်ရေးကို ရုတ်တရက် စိတ်ဝင်စားသွားခဲ့ပါတယ်လို့ ဆိုပါတယ်။

စစ်အစိုးရဟာ သူ့ရဲ့လက်နက်တွေ ပိုပြီး ခေတ်မီဆန်းပြားရေး ကြိုးပမ်းမှုအတွက် မြောက်ကိုရီးယားဘက်ကို ဒီလောက် မြန်မြန်ဆန်ဆန် ဦးလှည့်သွားတာကတော့ စိတ်ဝင်စားစရာပါပဲ။ မောင်အောင်မျိုးရဲ့ အဆိုအရတော့ မြန်မာစစ်ဗိုလ်ချုပ် တွေ ဟာ ဧကစာကျင့်နေတဲ့ ကွန်မြူနစ်အစိုးရဆီက ဟွာဆောင် စကဒ် ဒုံးကျည်တွေ ၀ယ်ယူဖို့ ၂၀၀၃ ခုနှစ်လောက် ကတည်းက လျှို့ဝှက်ဆွေးနွေးခဲ့ပါတယ်။ စစ်အစိုးရအနေနဲ့ ဒီဒုံးကျည်တွေကို တကယ်ပဲ ရရှိထားခဲ့ပြီလားဆိုတာ မရှင်း လင်း လှသေးပေမယ့် စစ်ရေးအကဲခတ်တွေကတော့ မကြာသေးခင် နှစ် ပိုင်းလောက်က မြောက်ကိုရီးယားကနေ မြန်မာနိုင်ငံကို သံသယ ဖြစ်စရာ သင်္ဘော တင်ပို့မှုတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီမြောက်ကိုရီးယားနဲ့ ဆက်သွယ်မှုဟာ မြန်မာနိုင်ငံအတွက် နောက်ထပ် လက်နက်ဖြန့်ဖြူး ထောက်ပံ့ပေးဖို့ထက်တော့ မကလောက်ဘူးလို့ ယူဆရပါတယ်။ နေပြည်တော်ကလည်း နိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံအဖြစ် ပြုံယမ်းရဲ့ ရန်လို သံခင်း တမန်ခင်း ပုံစံလိုမျိုး ပိုပြီးစဉ်းစားလာပုံရတယ်လို့ ထင်ရပါတယ်။ ဖြစ်နိုင်တာကတော့ တကယ်လို့ လာမယ့် ရွေးကောက်ပွဲနဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နှစ်ခုစလုံးဟာ အနောက်နိုင်ငံတွေရဲ့ ဝေဖန် ပြောဆိုမှုတွေကို တိတ်သွားအောင် မလုပ်နိုင်ဘူးဆိုရင် ဆက်ပြီး အသက်ဆက်နိုင်ဖို့ ထောက်ခံမှုရအောင် စီမံထားပုံ ရပါတယ်။

တကယ်လို့ မြန်မာနိုင်ငံဟာ ဒီလမ်းကို ရွေးချယ်မယ်ဆိုရင် အနောက်အတွက် တကယ့်အကျဉ်းအကျပ် အခြေအနေ အသေအချာ ဖြစ်သွားပါလိမ့်မယ်။ အရင်တုန်းကလည်း စစ်အစိုးရဟာ အနောက်ရဲ့ ဝေဖန်ပြောဆိုမှုတွေ ရပ်တန့် သွား ရအောင် သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေကို ထောက်ပံ့တာနဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ရုပ်သိမ်း၊ အကူအညီ အထောက်အပံ့တွေ ပေးပြီး ပြည်သူလူထုရဲ့ ဘ၀ပြည့်စုံ ဖူလုံမှုကို တိုးမြှင့်ပေး တာ နှစ်ခု အနက် တခုကို ရွေးချယ်လုပ်ကိုင်ကြဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။ အနာဂတ်မှာတော့ ရွေးချယ်မှုဟာ ပိုပြီး ဆိုးဝါး ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မေ့ထားလိုက်မလား၊ ဒါမှမဟုတ် နျူကလီးယား မြန်မာနိုင်ငံနဲ့ နေတတ် အောင် ကြိုးစားမလား ဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

တချို့ကတော့ အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံကို မြောက်ကိုရီးယားရဲ့လက်ထဲ ရောက်သွားအောင် တွန်းပို့မှု အတွက် တာဝန်တစိတ်တပိုင်း ရှိနေတယ်လို့ ဆန့်ကျင်ပြောဆိုကြပါတယ်။ သူတို့က ၂၀၀၈ ခုနှစ် နိုဝင်ဘာလ၊ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းမှာ အသက်မသေဘဲ ကျန်ရစ်တဲ့သူတွေကို အရေးပေါ် အကူအညီပေးအပ်ဖို့ အမေရိကန်၊ ပြင်သစ် နဲ့ ဗြိတိန်နိုင်ငံတွေက သူတို့ရဲ့ ရေတပ်သင်္ဘောတွေကို မြန်မာရေပိုင်နက်အနီး စေလွှတ်လိုက်ပြီး ၆ လ အကြာမှာ စစ်အစိုးရက လက်နက်သစ်တွေ အရောင်းအ၀ယ်ကိစ္စ တွေ့ဆုံဆွေးနွေးဖို့ ပြုံယမ်းကို အဆင့်အမြင့်ဆုံး ကိုယ်စားလှယ် စေလွှတ်ခဲ့တာကို ထောက်ပြဝေဖန်ခဲ့ကြတာပါ။

ဒါပေမယ့် အနောက်ရဲ့ ဆောင်ရွက်မှုတွေဟာ စစ်အစိုးရရဲ့ အစုလိုက်အပြုံလိုက် ပျက်စီးစေနိုင်တဲ့ လက်နက်တွေ ရယူ ပိုင်ဆိုင်ဖို့ ကြိုးစားအားထုတ်မှုရဲ့ အခြေခံစေ့ဆော်မှုဖြစ်တယ်ဆိုတဲ့ စိတ်ကူးကတော့ မမှန်လောက်ပါဘူး။ စစ်အစိုးရ ဟာ အဲဒီလမ်းကြောင်းအတိုင်း သွားနေတာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ နောက်ပြီး အတုအယောင် အရပ်သား အုပ်ချုပ်ရေး ပြန်တည်ဆောက်ပေးဖို့ အချိန်ဆွဲထားတဲ့ဖြစ်စဉ်ဟာ စစ်ဗိုလ်ချုပ်တွေက သူတို့ရဲ့ကြီးမားတဲ့ စစ်ရေး ရည်မှန်းချက်တွေကို နားလည်သဘောပေါက်ဖို့ အချိန်ဆွဲထားတဲ့ နည်းလမ်းတခုထက်တော့ ပိုပြီးဖြစ်လောက်တယ်လို့ အငြင်းပွားလို့ရပါတယ်။

ဒီအတိုင်းဖြစ်မယ်ဆိုရင် စစ်အစိုးရဟာ ဒီနှစ်ရွေးကောက်ပွဲကို မကောင်းတဲ့ အရာတခုအဖြစ် သဘောထားပြီး စစ်မှန်တဲ့ ဒီမိုကရေစီလုပ်ရပ်အဖြစ် ပြသဖို့ စိတ်ဝင်စားမှုမရှိဘူးလို့ ထင်ရပါတယ်။ တကယ်တော့ သုံးခုထဲက တခုကို ဆိုလိုတာ ပါ။ စစ်အစိုးရဟာ တခါထပ်ပြီး အပြောင်းအလဲလုပ်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ ကတိစကားတွေကို အနောက်နိုင်ငံ တွေက ယုံကြည်ကြလိမ့်မယ်လို့ တကယ်ပဲ ထင်တာဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် တရုတ်ဟာ သူ့အတွက် အကျိုးစီးပွား တစုံတရာ ရှိနေသေးသမျှ သူ့ရဲ့နောက်ကို အမြဲဆက်ပြီး စောင့်ကြည့်နေလိမ့်မယ်ဆိုတဲ့ စစ်အစိုးရရဲ့ယုံကြည်မှုကို အချက်ပြတာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အစိုးရိမ်ရဆုံးကတော့ ဒါဟာ စစ်ဗိုလ်ချုပ်တွေက ဒီမိုကရေစီ ဦးတည် ဆောင်ရွက်နေသယောင် ဆက်ပြီး ဟန်ဆောင်ပြနေတာထက် ပြုံယမ်းရဲ့နမူနာအတိုင်း လိုက်လုပ်ဖို့ကို ပိုပြီးစိတ်ဝင်စား တယ် ဆိုတာ ပြသတာပဲဖြစ်ပါတယ်။

ပထမဖြစ်နိုင်ခြေက ပိုပြီးလက်တွေ့ ကျပါတယ်။ အနောက်နိုင်ငံ အတော်များများ အထူးသဖြင့် ဥရောပက ဒီတခါတော့ စစ်ဗိုလ်ချုပ်တွေဟာ တကယ်ပဲ အာဏာကို လွှဲပြောင်းပေးဖို့ ပြောနေတာပဲလို့ ယုံကြည်နေခဲ့ကြပါတယ်။

ဒုတိယ ဖြစ်နိုင်ခြေကလည်း လုံးဝသေချာလောက်ပါတယ်။ ဘေဂျင်းက စစ်အစိုးရကို သစ္စာရှိရှိပဲ ဆက်ပြီး ကူညီ ထောက်ပံ့မှု ပေးနေဆဲဖြစ်ပါတယ်။ နေပြည်တော်နဲ့ ပြုံယမ်းဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးမှာတောင် အရေးပါ တဲ့ အခန်းကဏ္ဍက ပါဝင်လှုပ်ရှားပေးခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာ နှစ်နိုင်ငံ ပုံမှန်ဆက်ဆံရေး ပြန်လည် ထူဆောင်ခဲ့တဲ့အချိန်မှာ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ လျူကျန်ချောင်း (Liu Jianchao) က “မြောက်ကိုရီးယားနဲ့ မြန်မာ နိုင်ငံနှစ်နိုင်ငံလုံးဟာ တရုတ်နိုင်ငံရဲ့ ရင်းနှီးတဲ့ အိမ်နီးချင်းတွေပါ။ သူတို့နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး တိုးတက်လာတာကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါ တယ်”လို့ ပြောခဲ့ပါတယ်။ ဒေသတွင်း တည်ငြိမ်မှုရရှိရေးအတွက် ပူပင်သောကရှိတယ်လို့ အရိပ်အမြွက်တောင် ပြော မသွားပါဘူး။

တတိယဖြစ်နိုင်ခြေကတော့ ဖြစ်နိုင်မှု အနည်းဆုံးပါပဲ။ အထူးသဖြင့် အလွန် ခေတ်နောက်ကျနေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ နျူကလီးယားအစီအစဉ် အခြေအနေပေါ့လေ။ ဒီအဆင့်မှာ လောလောလတ်လတ် ဖြစ်နိုင်တဲ့ အခြေအနေထက် အဆိုးဝါးဆုံး အခြေအနေ နယ်ပယ်ထဲမှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ ဒုတိယ မြောက်ကိုရီးယား ဖြစ်လာမှာ စိုးရတဲ့အတွက် ဒီအနေအထားမှာတောင် အလေးအနက် တုံ့ပြန်မှုကို လိုအပ်နေပါပြီ။

အဲဒီလို မဖြစ်ဖို့ စိတ်ချရအောင် ပထ၀ီ နိုင်ငံရေးအရ တူညီမှုတွေရှိနေပေမယ့် တရုတ်နိုင်ငံ သြဇာလွှမ်းမိုးမှု နယ်ပယ် အတွင်းမှာ လှုပ်ရှားဆောင်ရွက်နေတဲ့ အပြည်ပြည်ဆိုင်ရာ မိတ်ဆွေမဲ့ ဇာတ်ပျက်တွေအဖြစ် မြန်မာနိုင်ငံနဲ့ ကိုရီးယား နိုင်ငံဟာ အများကြီး မတူကွဲပြားတဲ့နိုင်ငံတွေလို့ ကျနော်တို့က ပထမဆုံး အသိအမှတ်ပြုဖို့ လိုအပ်ပါလိမ့်မယ်။
တိုင်းပြည်နှစ်ခုစလုံးဟာ ရက်စက်ကြမ်းကြုတ်တဲ့ အစိုးတွေ အုပ်ချုပ်တာ ဖြစ်ပေမယ့် မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ နီးပါး ကြာတဲ့အထိ စစ်တပ်အုပ်ချုပ်ရေးအောက်မှာ ရှင်သန်နေနိုင်သေးတဲ့ လူမှုအဖွဲ့အစည်းတခု ရှိနေပါသေးတယ်။ မြန်မာတွေဟာ မြောက်ကိုရီးယားတွေထက် ပိုပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်လည်း ရှိကြတဲ့အတွက် အစိုးရရဲ့ ၀ါဒဖြန့်မှုတွေရဲ့ သြဇာသက်ရောက်ခံရမှု လျော့နည်းကြပါတယ်။ တကယ်တော့ လူကြိုက်များတဲ့ မြန်မာ စစ်အစိုးရ တိုက်အခံတွေဟာ နိုင်ငံတကာ နီးပါးလောက်ပါပဲ။ နောက်ပြီး စစ်တပ်အတွင်းမှာတောင် အခြေအနေမှန်တခု ရောက် သွားရင် စစ်အစိုးရကို စိတ်လိုလက်ရ စွန့်ခွာသွားမယ့်သူတွေလည်း အများကြီးရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက အိုဘားမား အစိုးရက စစ်တပ်ရဲ့ အနာဂတ်ခေါင်းဆောင်တွေထဲမှာ ပိုပြီးတိုးတက်တဲ့ အတွေးအခေါ်ရှိတဲ့သူတွေကို ရှာဖွေဖော်ထုတ်ဖို့ စစ်အစိုးရကို ချဉ်းကပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ်လို့ အဲဒီချဉ်းကပ် မှုဟာ ယနေ့အထိတော့ ငြင်းပယ်ခံထားရဆဲပဲ ဖြစ်ပါတယ်။

အိုဘားမား အစိုးရက စစ်အစိုးရကို ကိုင်တွယ်တာ လွယ်ကူတဲ့အလုပ် မဟုတ်ဘူးဆိုတာ နားလည်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆင့်လောက်နဲ့ သူတို့ရဲ့ အားထုတ်မှုကို လက်လျှော့လိုက်မယ့် အလားအလာ မရှိပါဘူး။ ဒါပေမယ်လို့ သူများပြောတာကို လိုက်နာလေ့မရှိတဲ့ စစ်ဗိုလ်ချုပ်တွေ ပိုပြီးလက်ခံလိုက်နာလာအောင် လုပ်ချင်တယ်ဆိုရင် ဖိအား ပေး နိုင်ဖို့ကို ပိုပြီး လုပ်ဆောင်ရပါလိမ့်မယ်။ အဲဒါကို အထိရောက်ဆုံးဖြစ်အောင် လုပ်ချင်တယ် ဆိုရင် အမေရိကန် ပြည်ထောင်စုအနေနဲ့ စစ်အစိုးရကို ပြုပြင်ပြောင်းလဲအောင် ဝေဖန်ပြောဆိုဖို့ ပိုပြီးကောင်းမွန်တဲ့ အခွင့်အလမ်းရှိလာတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ စစ်အစိုးရရဲ့ လျှို့ဝှက်လက်နက် အစီအစဉ်ကို ချဆွေးနွေးဖို့ တင်ပြရပါလိမ့်မယ်။

အခုချိန် အထိကတော့ ဒီကြိုးစားအားထုတ်မှုတွေဟာ မြန်မာနိုင်ငံက ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်လာတဲ့ အခြေအနေ မရှိသေးပါဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်နဲ့ရုရှား နိုင်ငံတွေရဲ့ တားဆီးတာကို ခံနေရဆဲဖြစ်ပါတယ်။

ဒါပေမယ့် ဒီရပ်တည်ချက်ဟာ ဆန့်ကျင်ဘက်အခြေအနေကို သက်သေအထောက်အထားနဲ့ ပြသနိုင်လာတဲ့အချိန်မှာ ဆက်ပြီး ထိန်းသိမ်းနိုင်ဖို့ ပိုပြီးခက်ခဲလာနေပါပြီ။ တကယ်လို့ စစ်အစိုးရရဲ့ မဟာမိတ်တွေက ဒီအခြေအနေကို ကျားကုတ် ကျားခဲ တွယ်ကပ်နေမယ်ဆိုရင်တောင် စစ်အစိုးရဟာ မြောက်ကိုရီးယားနဲ့ လက်နက်ကုန်သွယ်မှု မလုပ်ဖို့ တားမြစ်ပိတ်ပင်ထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်နေတယ်ဆိုတာကိုတော့ သူတို့ အနေနဲ့ ငြင်းဆန်ဖို့ ခက်သွားပါပြီ။

ကမ္ဘာက မြန်မာ စစ်ဗိုလ်ချုပ်တွေ သူတို့ ကိုင်စွဲထားတဲ့ လမ်းကြောင်းအတိုင်း ဆက်ပြီးသွားနေတာကို ခွင့်မပြုနိုင်တော့ ဘူး ဆိုတာကို အသိအမှတ်ပြုရပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားမဟုတ်ပါဘူး။ ဒါပေမယ့် တိုင်းပြည်ရဲ့ စစ်တပ်အုပ်ချုပ်သူ ခေါင်းဆောင်တွေဟာ ကိုယ့်ရှင်သန်နေထိုင်ရေး အန္တရာယ် ကျရောက်လာတဲ့အချိန်မှာ အိမ်နီးချင်း တွေကို ပြန်ပေးဆွဲ ငွေတောင်းတတ်တဲ့ ပြုံယမ်းခေါင်းဆောင်တွေထက်တော့ စွမ်းဆောင်ရည် မလျော့ပါဘူး။သူတို့ရဲ့ နျူကလီးယားအိပ်မက်ကို နားလည်သဘောပေါက်လာအောင် ပထမအဆင့်တွေကို သူတို့စတင်ဆောင်ရွက်ရပါမယ်။ အခုချိန်မှာ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းကလည်း ကျန်တဲ့လူသားတွေ အားလုံးအတွက် နျူကလီးယား ခြောက်အိပ်မက် တခု ဖြစ်မလာရအောင် ကာကွယ်တားဆီးဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

Junta's Dream is the World's Nightmare by Aung Zaw ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။

No comments: