Thursday, September 23, 2010

KNCC မှ ရွေးကောက်ပွဲတွင် မဲဆန္ဒ မထည့်ရန် ပြည်သူများအား နိုးဆော်စာ ထုတ်ပြန်

နှောင်းလှိုင်

ကရင်နီပြည်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများ စစ်အစိုးရ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီအား မဲဆန္ဒ မပေးရန် KNCC (ကရင်နီ အမျိုးသား လူမှုအသိုင်းအ၀ိုင်း ကနေဒါ) မှ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကရင်နီပြည်သူများသို့ ပန်ကြားနိုးဆော်စာတစောင် ထုတ်ပြန် လိုက်သည်။

“သူတို့ အနေနဲ့က စစ်အုပ်စုက တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ အုပ်စု ဖြစ်တော့ရယ်။ ပြည်သူဘဏ္ဌာကို သုံးစွဲပြီး နိုင်ငံရေးပါတီအဖြစ် ရပ်တည်နေ တာဟာ တရားမ၀င် ပါတီ ဖြစ်နေပါတယ်” ဟု ကရင်နီအမျိုးသား လူမှု အသိုင်းအ၀ိုင်း ကနေဒါ KNCC မှ ပြောရေးဆိုခွင့်ရှိသူ ခွန်းမျိုးမင်းလတ်က ပြောပါသည်။

ထိုရွေးကောက်ပွဲတွင် စစ်မှန်သော ပြည်သူကိုယ်စားလှယ်များ ပေါ်ထွန်းမှုနှင့် ပြည်သူ အကျိုးစီးပွားကို ဖော်ဆောင်နိုင်သော ပြည်နယ်အစိုးရတရပ် ဖြစ်ပေါ်လာမည်မဟုတ်ကြောင်း၊ စစ်အစိုးရနှင့် စစ်တပ်အပေါင်းအပါများသာ ပါဝင်ဖွဲ့စည်းမည့် အစိုးရသာ ဖြစ်လာမည်ဖြစ်သည့်အတွက် မဲဆန္ဒမထည့်ရန် KNCC ၏ ထုတ်ပြန်စာတွင် ရေးသားထားသည်။

ကြံ့ဖွံ့နှင့်စစ်အုပ်စုက ပြည်သူကိုယ်စားလှယ်များ၊ ပြည်သူလူထုမှ ပေါက်ဖွား သည့် ပါတီများကို အမျိုးမျိုးခြိမ်းခြောက်ပြီး အရပ်သားပါတီဝင်များ၏ လုံခြုံရေးကို နေ့စဉ် နှောင့်ယှက်ခြိမ်းခြောက်နေသည်ဟု ဆိုသည်။

“နိုင်ငံတော်၏ လွတ်တော် နှစ်ရပ်လုံးတွင် ပြည်သူလူထု ဆန္ဒမှန်ဖြင့် ရွေးချယ်သည့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းမည့် အစိုးရတရပ် ဖြစ်ပေါ်စေမည် မဟုတ်ပါ။ စစ်အစိုးရနှင့် အပေါင်းအပါများ ပါဝင်ဖွဲ့စည်းသည့် စစ်အာဏာရှင် သက်ဆိုးရှည်ရေးသာလျှင် ဖြစ်ပါသည်” ဟု ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲသည် တရားမျှတမှု၊ လွတ်လပ်မှု၊ လွတ်လပ်စွာ တွေးခေါ်မှုများ မရှိဘဲ စစ်အာဏာရှင်တည်မြဲရေးကို အခြေခံသည့် ရွေးကောက်ပွဲသာဖြစ်သည့်အတွက် ကရင်နီပြည်နယ် မဲဆန္ဒနယ်မြေအသီးသီးတွင် အရွေးချယ်ခံမည့် ကြံဖွံ့ပါတီအား မဲဆန္ဒမပေးရန် နိုးဆော်ထားသည်။

ထိုနိုးဆော်စာကို ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်ရှိ လူစည်ကားသည့်နေရာတွေ စာရွက်များ ချထားခြင်း၊ အင်တာနက် အီးမေးလ်မှတဆင့် ဖြန့်ဝေခြင်းများ ပြုလုပ်ပြီး ဒီးမော့ဆိုနှင့် ဖရူဆိုကိုလည်း ထိုနည်းအတူ ဖြန့်ခဲ့ကြောင်း သိရသည်။ တောထဲကျသည့် ကျေးရွာများကို စာများ ဖြန့်ဝေရန် အခက်အခဲရှိသည့်အတွက် စာဖြန့်ဝေခြင်း မရှိပါ။

No comments: