Tuesday, September 21, 2010

မြန်မာ့အရေး လှုပ်ရှားသူများ ငြိမ်းချမ်းရေးနေ့ ချီတက်

စိုင်းဇွမ်ဆိုင်း Tuesday, September 21, 2010

သံဃာတော် များသည် နိုင်ငံရေး လုပ်ခြင်း မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ဖော်ဆောင် နေခြင်းသာ ဖြစ်သည်ဟု ဗုဒ္ဓဘာသာ ရဟန်းတော် တပါးက ယနေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ချီတက်ပွဲတွင် ပြောဆို လိုက်သည်။

“ငြိမ်းချမ်းရေး ဆိုတာ မြန်မာပြည်တင် မဟုတ်ဘူး၊ တကမ္ဘာလုံးက လိုအပ်တယ်။ အထူးသဖြင့် အကြမ်းဖက်မှုတွေ ဆိုတာ နေရာအနှံ့မှာ ဖြစ်နေတာလေ။ အဲဒီတော့ ဦးဉ္ဇင်းတို့က ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ ဆိုတော့ အားလုံးကို ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒကြောင့်မို့လို့ အခုလိုမျိုး ငြိမ်းချမ်းရေး အသံကို ဖော်ထုတ် ကြတာပေါ့” ဟု ထိုင်းနိုင်ငံ အခြေစိုက် မိတ်ဆွေကောင်း စာကြည့်တိုက်မှ အရှင်သောပါက က မိန့်ကြားသည်။

ယင်းချီတက်ပွဲကို ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် ကျင်းပပြီး မြန်မာ သံဃာတော်များ၊ မိတ်ဆွေကောင်း စာကြည့်တိုက်၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ မြန်မာ့ မိတ်ဆွေများအဖွဲ့ (Friends of Burma)၊ MAP Foundation နှင့် Burma Partnership (BP) တို့မှ ဦးဆောင် ကျင်းပခြင်းဖြစ်သည်။

လမ်းလျှောက်ချီတက်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ချင်းမိုင်မြို့ရှိ ဆွန်တောက် ဘုန်းကြီးကျောင်းမှ စတင်ပြီး ထာ့ဖဲ ဂိတ် တံခါး(Ta Pae Gate) တွင် အဆုံးသတ်သည်။

လူပေါင်း ၁၀၀ ခန့်က ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံများ၊ “မြန်မာပြည် အမြန် ငြိမ်းချမ်းပါစေ” ဟု ရေးသားထားသော စာတမ်းများ ကိုင်ဆောင်၍ လမ်းလျှောက်ချီတက်ကြသည်။

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ချီတက်ခြင်းကို ဦးဆောင်သည့် သံဃာတော်များကလည်း ပရိတ်ရွတ်ခြင်း၊ မေတ္တာသုတ်များ ရွတ်ဖတ်ခြင်း၊ မေတ္တာပို့ခြင်းများပြုလုပ်ကြသည်။

ထာ့ဖဲ ဂိတ် တံခါးတွင် ယနေ့ကျင်းပရသည့် လမ်းလျှောက်ချီတက်ခြင်း၏ ရည်ရွယ်ချက်များ ပြောကြားခြင်း၊ ဦးဆောင် သည့် အဖွဲ့အစည်းများမှ ထုတ်ပြန်သော ကြေညာချက်များကို ဖတ်ကြားခြင်းတို့ကိုလည်း ပြုလုပ်ကြောင်း တွေ့ရသည်။

အစီအစဉ်ကို ဦးဆောင်သူ တဦးဖြစ်သည့် မိတ်ဆွေကောင်း စာကြည့်တိုက်မှ မစ္စတာ ရောက်ဖ်ခရိမ်းက ယနေ့သည် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော်လည်း မြန်မာပြည်တွင်းမှ မငြိမ်းချမ်းနိုင်သေးသည့် အခြေအနေကို အများသိရှိစေရန်၊ မြန်မာပြည် အမြန်ဆုံး ငြိမ်းချမ်းစေရန်အတွက် ရည်ရွယ်၍ ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ငြိမ်းချမ်းရေးဆိုတာက မြန်မာပြည်အတွက်တင် မကဘူး လူသားတိုင်းအတွက် အရေးကြီးပါတယ်။ လွတ်လပ်စွာ ပြောဆို လုပ်ကိုင်ခွင့် ဆိုတာတွေက အရေးကြီးဆုံးပါ။ လူသားတိုင်း လိုအပ်နေတာကတော့ လွတ်လပ်ခြင်း ဆိုတာပါပဲ” ဟု မစ္စတာ ရောက်ဖ်ခရိမ်းက ပြောသည်။

မြန်မာနိုင်ငံသားများ လွတ်လပ်စွာ ပြောဆိုလုပ်ကိုင်ခွင့် မရခြင်း၏ အဓိကအကြောင်းအရင်းမှာ နိုင်ငံကို အုပ်ချုပ်နေသော စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်ကြောင်း၊ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ပြည်ပမှ အင်အားစုများကလည်း မြန်မာနိုင်ငံအရေးကို အလေးထားသည်ကို သိရှိစေလိုကြောင်း မစ္စတာ ရောက်ဖ်ခရိမ်းက ဆက်လက်ပြောကြားသည်။

ချီတက်ပွဲကို ဦးဆောင်သူတဦးဖြစ်သည့် ဂျာမနီနိုင်ငံမှ ဒေါက်တာ အန်ဒရီယာ ဗယ်လန်တင်က ယနေ့ကျင်းပသည့် လမ်းလျှောက်ချီတက်ခြင်းမှတဆင့် စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲကို ပြည်သူများက လက်မခံကြရန်လည်း တိုက်တွန်း သွားမည်ဖြစ်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံက အခုလက်ရှိအစိုးရရဲ့ သက်တမ်းသာ ဆက်ရှည်သွားမယ်ဆိုရင်တော့ မြန်မာပြည်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် လာမယ့်ရွေးကောက်ပွဲကို လက်မခံဖို့ ကျမတို့ တိုက်တွန်းနေတာပါ” ဟု ဒေါက်တာ အန်ဒရီယာက ဧရာဝတီသို့ ပြောသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ဦးဆောင်ကျင်းပကြသည့် အဖွဲ့အစည်းများက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကလည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ထောက်ခံ အားပေးသူများမှ မြန်မာနိုင်ငံတွင် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရရှိရေးတို့အတွက် နအဖအစိုးရအား ဖိအားပေး တိုက်တွန်းပေးကြရန် တောင်းဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် နအဖ အစိုးရ၏ တပ်များနှင့် ယနေ့ တနေ့တာ အပစ်အခတ်ရပ်သွားမည် ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ၁၉၈၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်မှ “ငြိမ်းချမ်းရေး ခေါင်းလောင်း” တီးပြီး ဖွင့်လှစ်ပေးသည်။

ယင်းခေါင်းလောင်းသည် ကမ္ဘာတဝန်းမှ ကလေးသူငယ်များ လှူဒါန်းထားသော အကြွေစေ့များဖြင့် သွန်းလုပ်ထားခြင်း ဖြစ်သည်။

No comments: