Tuesday, September 28, 2010

ရွေးကောက်ပွဲပြီးလျှင် နအဖအနေဖြင့် မတရားမှုများ ပိုလုပ်လာမည်ဟုပြော

ရိုးမ၃

စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲပြီးလျှင် မတရားမှုများကို တရားဝင် ပိုမိုလုပ်ဆောင်လာမည် ဖြစ်သည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန်လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ မဲဆောက်ရုံးတာဝန်ခံ ဦးဇဝနက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတွင် ပြောဆိုခြင်းဖြစ်သည်။

“နအဖ စစ်အစိုးရဟာ တရားဝင် အစိုးရမဟုတ်ပါဘူး၊ အဲဒီလို တရားဝင် မဟုတ်တာတောင် မြန်မာပြည်သူလူထုအပေါ် နှိပ်စက်မှုတွေဟာ တနေ့ထက်တနေ့ ဆိုးလာပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲပြီးလို့ တရားဝင်အစိုးရအဖြစ် ကမ္ဘာက လက်ခံလိုက်ရင် ဒီထက်မက မကောင်းမှုတွေကို ကျူးလွန်မှာဖြစ်တဲ့အတွက် တတိုင်းပြည်လုံးက သတ္တိရှိရှိနဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးကို ဆန့်ကျင်ကြပါလို့ ပြောချင်ပါတယ်” ဟု ဦးဇဝနက ပြောသည်။

ယနေ့ကာလတွင် သံဃာတော်များအနေဖြင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး ကိစ္စရပ်များကို အားကျိုးမာန်တက် လုပ်ဆောင်နေလျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ “သံဃာတော်များဟာ ပြည်သူလူထုတွေ ဒုက္ခရောက်လာတိုင်းမှာ လူထုဘက်က မားမားမတ်မတ်ရပ်တည်ပြီးတော့ သမိုင်းအဆက်ဆက် ဆောင်ရွက်ခဲ့တယ်၊ ၂၀၀၇ တုန်းကလဲ အဲလိုထွက်ခဲ့ကြလို့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို ကမ္ဘာကြီးက တအံ့တသြ တွေ့ရှိခဲ့ကြတဲ့ အဖြစ်အပျက်ကို တကမ္ဘာလုံးက မမေ့မပျောက်အောင်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် အခုလို ကျင်းပတာဖြစ်တယ်” ဟု ဦးဇဝနက ပြောသည်။

မြန်မာပြည်ဒီမိုကရေစီအရေးတွက် သံဃာတော်များ ကျောင်းသားလူငယ်များနှင့် လှည်းနေလှေအောင်းမကျန် ပြည်သူများပါဝင်သည့် ဆန္ဒပြပွဲများဖြစ်ပေါ်လာရေးအတွက် သံဃာ့တော်များအနေဖြင့် လုပ်ဆောင်နေလျှက်ရှိကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးတာဝန်ခံ အရှင်ဣသရိယက ပြောသည်။

“အခုဆိုရင် ပြည်တွင်းထဲမှာ သံဃာ့သမဂ္ဂီအဖွဲ့တွေ၊ ရဟန်းပျိုသမဂ္ဂအဖွဲ့တွေ၊ သောတုဇနဘိက္ခူအဖွဲ့တွေ ပြန်လည်ဖွဲ့စည်းပြီးတော့ မြန်မာပြည်ဒီမိုကရေစီရေးအတွက် လှုပ်ရှားမှုကြီးကို ကျောင်းသားပြည်သူတွေ ပါဝင်ပြီး ဖြစ်ရမယ်ဆိုပြီး စုပေါင်းဆောင်ရွက်နေကြပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲကို သံဃာတော်တွေက လက်ခံခြင်းမရှိတဲ့အတွက် နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေပါတယ်” ဟု ဆက်ပြောသည်။

ယနေ့သည် ၂၀၀၇ ခုနှစ် သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့သည်မှာ ၃ နှစ်ပြည့်မြောက်သည့်နေဖြစ်ပြီး အထိမ်းအမှတ်အခမ်းအနားများကို အုန်းဖျန်ဒုက္ခသည် စခန်းတွင်လည်းကျင်းပပြုလုပ်ပြီး အဆိုပါအခမ်းအနားသို့ သံဃာတော်အပါး (၁၀၀) နီးပါးတက်ရောက်ခဲ့သည်။

No comments: