Saturday, September 25, 2010

ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပြုခြင်းသည် နိုင်ငံရေး လှည့်စားမှုဟု ပြောဆို

စိုင်းဇွမ်ဆိုင်း Saturday, September 25, 2010

ဒေါ်အောင်ဆန်း စုကြည်ကို လာမည့် ရွေးကောက်ပွဲ အတွက် မဲပေးခွင့် ပြုလိုက်ခြင်းသည် ပြည်သူလူထုကို နိုင်ငံရေးအရ လှည့်စား လိုက်ခြင်းသာ ဖြစ်သည်ဟု မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက ပြောဆိုသည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အတွင်းရေးမှူး ဦးအေးသာအောင်က ဒေါ်အောင်ဆန်း စုကြည်ကို ယခုကဲ့သို့ မဲထည့်ခွင့် ပြုလိုက်ခြင်းသည် စစ်အစိုးရ၏ နိုင်ငံရေးအရ အသုံးချမှုသာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်ကို မဲပေးခွင့် ပြုလိုက်တယ်၊ အဲဒီမှာ ဒေါ်အောင်ဆန်း စုကြည်က မဲမထည့်ဘူး ဆိုရင် နိုင်ငံသား တယောက် ဖြစ်ပြီးမှ မဲမထည့်ဘူး၊ နိုင်ငံသား တယောက်ရဲ့ တာဝန် မကျေဘူး ဆိုပြီးမှ အပုပ်ချ ပြောဆိုကြ လိမ့်ဦးမယ်၊ နိုင်ငံရေး အမြတ် ထုတ်ဦးမယ်”ဟု ဦးအေးသာအောင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင်များအနေဖြင့် မဲမပေးဘဲ နေပိုင်ခွင့်ရှိကြောင်း တိုက်တွန်းထားသည်။ ၎င်း ဦးဆောင် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကလည်း စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို တရားမျှတမှုမရှိဟု ဆိုပြီး ပါတီ ထပ်မံ မှတ်ပုံတင်ခြင်း မပြုဘဲ သပိတ်မှောက်ခဲ့သည်။

ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူများစာရင်းကို ယခုလ ၂၀ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။ စတင်ထုတ်ပြန်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ပါဝင်ခြင်းမရှိကြောင်း တွေ့ရှိရပြီး ယမန်နေ့တွင်မှ မဲပေးခွင့်ရှိသူ အမှတ် ၂၈၃၃ ဖြင့် မဲပေးခွင့်ရှိကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေအိမ် အကျယ်ချုပ်ကျခံနေရသည့် ဒေါ်ခင်ခင်ဝင်း၊ သမီးဖြစ်သူ မ၀င်းမမနှင့်ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့်၏ သားဖြစ်သူ ဦးရဲနိုင်ဝင်း တို့အား မဲပေးခွင့်စာရင်း၌ ထည့်သွင်းကာ ဗဟန်းမြို့နယ် အရှေ့ရွှေတောင်ကြား ရပ်ကွက် ကော်မရှင်ရုံးတွင် ဖော်ပြထားကြောင်း သွားရောက်ကြည့်ရှုခဲ့သူ တဦးထံမှ သိရသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ မဲထည့်ခွင့်ပြုလိုက်ခြင်းသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အမြင်တွင် နိုင်ငံသားတိုင်း မဲပေးခွင့်ရှိသည့် ပုံစံမျိုးဖြစ်စေရန် စစ်အစိုးရက လုပ်ဆောင်ခြင်းသာ ဖြစ်သည် ဟု ပြောဆိုသည်။

၎င်းက“နိုင်ငံတကာကလည်း အစိုးရကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖိအားတွေပေးနေတယ်၊ ရွေးကောက်ပွဲကို လူတိုင်း မဲပေးခွင့်ရှိပါတယ်ဆိုတာမျိုးလည်း ဖြစ်သွားအောင် အခုလို မဲပေးခွင့်ပြုလိုက်တာလို့ပဲ ယူဆတယ်၊ ဒါက သူတို့အနေနဲ့ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စပါ”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား မဲပေးခွင့်ပြုလိုက်သော်လည်း ၎င်းကိုယ်တိုင်က ယခုကျင်းပမည့်ရွေးကောက်ပွဲတွင် မဲမပေး ကြရန် တိုက်တွန်းထားသောကြောင့် မဲထည့်လိမ့်မည်ဟု မထင်ကြောင်းလည်း သခင်ချန်ထွန်းက ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၁ နှစ်အတွင်း ၁၅ နှစ်ခန့်ကို နေအိမ်အကျယ်ချုပ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော နေအိမ်အတွင်းသို့ ဝင်ရောက်မှုဖြင့် နေအိမ်အကျယ်ချုပ် ဥပဒေကို ချိုးဖောက်သည်ဟုဆိုကာ ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခံခဲ့ရသည်။ ထို့နောက် စစ် အစိုး ရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့် ဖြင့် နေအိမ်အကျယ်ချုပ် ၁၈ လ သို့ လျှော့ချခဲ့သည်။

ယခုနှစ် မတ်လတွင် အစိုးရက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဥပဒေများ၌ ပြစ်ဒဏ် ကျခံနေရသူများသည် ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိကြောင်း၊ မဲပေးပိုင်ခွင့် မရှိကြောင်း ပြဌာန်းထားသည်။

NLD မှ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒု- ဥက္ကဋ္ဌ ဦးတင်ဦးတို့၏ ကိုယ်ရေး အရာရှိ အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဦးဝင်းထိန် ကမူ“ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်မပြုတဲ့ ဥပဒေကိုလည်း အစိုးရကလုပ်တာ၊ အခုက မဲထည့်ခွင့်ပြု လိုက်ပြီ ဆိုတော့ ဥပဒေကို ဗလောင်းဗလဲ လုပ်တဲ့သဘောပဲ”ဟု ပြောသည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည် ကို မဲပေးခွင့်ပြုသော်လည်း စစ်အာဏာရှင် စနစ်ကို ဆက်လက် အသက်သွင်းမည့် ရွေးကောက်ပွဲသာဖြစ်သည်ဟု လေ့လာသူများက ပြောဆိုကြသည်။

No comments: