Wednesday, September 22, 2010

ရှမ်း အပစ်ရပ်တပ်နှင့် နအဖတပ် တိုက်ပွဲဖြစ်၊ တဦး ကျဆုံး

သန်းထိုက်ဦး Wednesday, September 22, 2010

နအဖ စစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သော ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ် ဖွဲ့ဝင်များ တနင်္လာနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ တဦး ကျဆုံးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် SSA-N တပ်မဟာ ၁ ၏ ထိန်းချုပ်နယ်မြေရှိ ၀မ်ဟိုင်းဒေသ တ၀ိုက်တွင် နအဖ၏ ခြေလျင်တပ်ရင်း (ခလရ) ၆၇ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည်ဟု ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) ၏ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းဆိုင် မိဏ်းက ဧရာဝတီသို့ ပြောသည်။

SSA-N တပ်သား ၃ ဦးသည် ၎င်းတို့၏ စိုက်ပျိုးရေးသီးနှံ ခြံမှအပြန် နအဖ တပ်သားများက စတင် ပစ်ခတ်ခဲ့ သောကြောင့် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်း တိုက်ပွဲတွင် နအဖ ဘက်မှ တဦး ကျဆုံးခဲ့ပြီး လက်နက် တလက်ပါရရှိခဲ့ကြောင်း၊ SSA-N တပ်သားများ ထိခိုက် သေဆုံး မှု မရှိဟု ကြားသိရကြောင်း စိုင်းဆိုင်မိဏ်းက ပြောသည်။

ယခုအခါ စစ်ရေး အရ နှစ်ဘက် တင်းမာမှုများ ရှိနေသော်လည်း တိုက်ပွဲများ ထပ်မံ ဖြစ်ပွားသည့် အသံများ မကြားမိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သော တပတ် အင်္ဂါနေ့ကလည်း စစ်အစိုးရတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဒုတိယ အကြိမ် ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယခင် တိုက်ပွဲ၌ SSA-N တပ်သား တဦး ဒဏ်ရရရှိခဲ့ကြောင်း ကြားသိရသည်။

SSA-N ခေါင်းဆောင် ဗိုလ်ချုပ် ပန်ဖ က ၎င်း ထိန်းချုပ်ထားသော ရှမ်းပြည်နယ် တောင်ပိုင်း တပ်မဟာ ၁ ဒေသရှိ တပ်ဖွဲ့ဝင်များ ကို အဆင်သင့်ဖြစ်ရန် ပြီးခဲ့သည့် အပတ်က တပ်လှန့်ထားသည်။

SSA-N တပ်မဟာ ၁ ထိန်းချုပ်ထားသော နယ်မြေ ၀မ်ဟိုင်းဒေသ တ၀ိုက်တွင်လည်း ၀ိုင်းထားသော ပုံစံမျိုးဖြင့် ယခုလဆန်း ပိုင်းတွင် နအဖ တပ်အင်အားများ ဖြည့်ဆည်းထားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

တပ်အင်အား ဖြည့်ဆည်းထားသော တပ်များသည် ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် စကခ ၂ မှ တပ်ရင်း တချို့တို့ ဖြစ်သည်ဟု ဆိုသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ ၎င်းအဖွဲ့က လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာနေခြင်း ဖြစ်သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များ အနေဖြင့် စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရန် ငြင်းဆန်ခဲ့ကြ သကဲ့သို့ လက်ရှိအခြေ အနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်း ဖော်ပြချက်များ အရ
သိရသည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

No comments: