Tuesday, September 21, 2010

အပစ်ရပ် သျှမ်းတပ်အားမှားပစ်ကြောင်း နအဖတပ်တောင်းပန်

သျှမ်းသံတော်ဆင့်

အပစ်ရပ်သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ တပ်မဟာ ၁ အား နအဖတပ်က နယ်ကျွံ၍မှားပစ် မိကြောင်းဒေသခံ လူထုမှတဆင့်တောင်းပန်စကားပြောခိုင်းခဲ့သည်ဟုဆိုသည်။

“၁၄ ရက်နေ့က နအဖတပ်နဲ့ တပ်မဟာ ၁ (အပစ်ရပ် သျှမ်းပြည်တပ်မတော်) တိုက်ပွဲဖြစ်ပြီး နှစ်ရက် လောက်တော့ နအဖတပ်ကနေ မှားပြီးနယ်ကျွံမိတဲ့ကြောင်း ဒေသခံအကြီးအကဲကတဆင့်တောင်းပန် စကားပြောခိုင်းတယ်” -ဟု အမည်မဖေါ်လိုသည့် လားရှိုးရောက်ဒေသခံတဦး ကပြောပါသည်။

စက်တင်္ဘာ ၁၄ ရက်နေ့ ညနေပိုင်း သီပေါမြို့နယ် နောင်ကော့အခြေစိုက် ခလရ ၁၄၅ အင်အား ဆယ် ဂဏန်း က အပစ်ရပ် SSA တပ်မဟာ ၁ ၊ အမှတ် ၁ စစ်ဒေသ လုံခြုံရေးတပ်ဖွဲ့လှုပ်ရှားနယ်မြေအတွင်း ကျွံဝင်ခဲ့ပြီး ဦးစွာတိုက်ခိုက် ခဲ့ကြောင်း အမည်မဖေါ်လိုသည့် တပ်မဟာ ၁ တပ်ဖွဲ့ဝင်တဦးက ဤကဲ့သို့ ပြောပြပါသည်။

“တိုက်ပွဲဖြစ်တာက သီပေါမြို့နယ် တုန့်ကျိုင်းအုပ်စု ၀မ့်ဖက်တွပ် ကျေးရွာနားက နမ့်မချောင်းအနား မှာ၊သူတို့ဘက်က ပွဲဦးစတိုက်ပေမယ့် သေနတ် ၄ ချက်ဘဲ ပစ်တယ်။ ကျနော်တို့ကို စပစ်တယ်ဆိုတော့ ပြန်လည်ခုခံတိုက်ခိုက်ရတာပေါ့၊ ကျနော်တို့ဘက်ကတယောက် ဒဏ်ရာအပြင်းအထန်ရတယ်၊ ပြည်သူ တွေပြန်လည်ပြောပြချက်အရတော့ သူတို့ဘက်လဲ အနည်းဆုံး ၃ ယောက်သေကြေဒဏ်ရာရတယ် ဆိုဘဲ၊ အသေးစိတ်တော့ ကျနော်တို့လဲမသိဘူး”

သီပေါအခြေစိုက် ခလရ ၁၄၈ နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် အပစ်ရပ်သျှမ်းပြည်တပ်မတော် တပ်မဟာ ၁လက်အောက်ခံ တပ်ဖွဲ့မှာ အင်အား ၁၀ ကျော်ဖြင့် ဗိုလ်ဆိုင်ဟန်ဦးဆောင်ကင်းလှည့်နေသောအမှတ် ၁ စစ်ဒေသလုံခြုံရေးစစ်ကြောင်း ဖြစ်သည်ဟုဆို၏။

စက်တင်္ဘာ ၁၄ ရက် နယ်ကျွံတိုက်ခိုက်မှုအား နအဖ တပ်က ကျူးကျော်ရန်စခြင်းသာဖြစ်ကြောင်း၊ တန့်ယန်းမြို့နယ် ၀မ့်နောင်ခမ်းကျေးရွာအုပ်စုဘက်တွင်လည်း ခလရ ၃၃ လက်အောက်ခံ ဗိုလ်ကြီး အောင်နိုင် ဦးဆောင်သည့်စစ်ကြောင်း ကလည်း ဒေသခံလူထုအပြင် မြင်းများပါချောခေါ်၍ကင်းလဲ မွေနှောက်နေကြောင်းလည်း ပြောပြပါသည်။

ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သော အပစ်ရပ်သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ သည် နအဖ စစ်အုပ်စု၏အသွင်ကူးပြောင်း ရေးအဆိုကို ငြင်းပယ်ထားသောကြောင့် ၎င်း၏ထိန်းချုပ်နယ်မြေအား နအဖတပ်များ က ယခုလဆန်းပိုင်းမှစ၍ ၀ိုင်းရံပိတ်ဆို့ထားခြင်းဖြစ်သည်။ နအဖတပ်များ တပ်ရုပ်ဆုတ်ခွာပေးခြင်းမရှိ ပါကတိုက်ပွဲများထပ်မံဖြစ်ပွားလာဖွယ်ရှိ သည်ဟုလည်းသုံးသပ်ပြပါသည်။

No comments: