Wednesday, September 22, 2010

နအဖစစ်တပ်သို့ ဆောက်လုပ်ရေးသုံးကား ၁၄ စီး တရုတ်ကူညီ

သျှမ်းသံတော်ဆင့်


နအဖစစ်တပ်အသုံးပြုရန် တရုတ်နိုင်ငံလုပ် DongFeng အမျိုးအစား ဆောက်လုပ်ရေးသုံးကား ၁၄ စီးကို တရုတ် - မြန်မာနယ်စပ် မန့်ဟောင်းလှေဆိပ်လမ်းအတိုင်း မြန်မာဘက်သို့ ယမန်နေ့ညနေ ၅ နာရီခန့်က လွဲပြောင်းခဲ့ကြောင်း သိရသည်။

အဆိုပါကားများသည် ဆောက်လုပ်ရေးလုပ်ငန်းများ၌ အုပ် ၊ ကျောက်နှင့်သဲ တင်သည့် ၆ ဘီးတပ် ထရပ်ကားများဖြစ်ပြီး သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မန့်ဟောင်း လှေဆိပ်နှင့် မိုင် ၂၀ ခန့်ဝေးသည့် တရုတ် ရွှေလီဘက်မှ မောင်းနှင် ယူဆောင်သွားခြင်း ဖြစ်သည်။

မြန်မာဘက်မှ နအဖစစ်တပ်နှင့်ဒေသခံ ပလောင်ပြည်သူစစ်အဖွဲ့များက လက်ခံယူခဲ့ကြောင်း မျက်မြင် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မနေ့က ညနေ ၅ နာရီ ၀န်းကျင်လောက်ပေါ့ သဲတွေအုပ်တွေ တင်တဲ့ တုန်ဖုန်းကား ၁၄ စီး မန့်ဟောင်း လှေဆိပ်ကနေ ပို့ လိုက်တယ်။ ပလောင်ပြည်သူ့စစ်နဲ့ ဗမာတပ်အရာရှိတွေသွားကြိုတာပေါ့။ ပစ္စည်းတွေတော့မပါဘူး။ ကားချည်းသက် သက်ပဲ ” ဟု သူက ဆိုသည်။

လွန်ခဲ့သည့်လကလည်း ယူနန်ပြည်နယ်အစိုးရမှ တရုတ်ယွမ်ငွေ ၂ သန်းဖိုးခန့်ရှိ ကွန်ပြူတာနှင့် အဆင့်မြင့် နည်းပညာများ တပ်ဆင်ထားသော ရဲတပ်ဖွဲ့သုံးကားများကို မြန်မာရဲတပ်ဖွဲ့ထံ ပေးအပ်ခဲ့သေးကြောင်း စစ်ရေးနိုင်ငံရေး လေ့လာသူ ဦး အောင်ကျော်ဇောက ပြောသည်။

တရုတ် - မြန်မာနယ်စပ် ကျယ်ဂေါင် - မူဆယ်နှင့် ကျန်းဖုန်း - လွယ်ဂျယ် နယ်စပ်လမ်းကြောင်းများမှ တဆင့် တရုတ်လုပ် စစ်ကား အမြောက်အများကို မြန်မာစစ်တပ်ထံ လွဲပြောင်းမှုများရှိနေရာ စစ်ကားအစီးရည်ထောင်နှင့် ချီရှိပြီဖြစ်ကြောင်း ဒေသခံမျက်မြင်များက ဆိုသည်။

No comments: