Friday, September 24, 2010

မြန်မာစစ် ရဟတ်ယာဉ်အား KIO သတိပေးပစ်ခတ်

KNG

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာသို့ ဖြတ်ကျော် ပျံဝဲသော မြန်မာစစ်စိုးရ ရဟတ်ယာဉ်တစင်းအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်သားများ မနေ့က ပထမအကြိမ် သတိပေးပစ်ခတ်ခဲ့သည်။

အသိပေးခြင်းမရှိပဲ ကချင်ပြည်နယ်အရှေ့ဘက် တရုတ်နယ်စပ်အနီး KIA အလဲန်ဘွမ် (Alen Bum) ဗဟိုစစ်ဌာနချုပ် ဝေဟင်ပေါ် ဒေသအချိန် နေ့လည်ပိုင်း ၃ နာရီဝန်းကျင်တွင် ပျံဝဲခဲ့သည့် မြန်မာစစ်ရဟတ်ယာဉ်ကို KIA တပ်သားများ လက်နက်ငယ်ဖြင့် နှစ်ကြိမ် ပစ်ခတ်သတိပေးခဲ့ကြောင်း KIA ကပြောသည်။

၎င်းရဟတ်ယာဉ်သည် တရုတ်နယ်စပ်တလျှောက် မြောက်မှတောင် လိုင်စင်ဘွမ် (Laisin Bum) KIA စစ်အမာခံစခန်းမှ Alen Bum နှင့် လိုင်ဇာ (Laiza) ဘက်ဆီသို့ ပျံဝဲဖြတ်သန်းကြောင်းသိရသည်။

ပစ်ခတ်ခံရပြီးနောက် ရဟတ်ယာဉ်သည် မြစ်ကြီးနားမြို့ဘက်သို့ ဦးတည်ပျံဝဲသွားကြောင်း မျက်မြင်သက်သေများ ပြောသည်။

စက်ဘာလ ၁၁ ရက်တွင်လည်း နံနက် ၃ နာရီခန့်တွင် ပထမဆုံးအကြိမ် မြန်မာ စစ်ဂျက်တိုက်လေယာဉ် တစ်စင်းက ယခု ရဟတ်ယာဉ်ပျံသန်းသွားသောလမ်းကြောင်းအတိုင်း လိုင်စင်ဘွမ်-အလဲန်ဘွမ်-လိုင်ဇာ တစ်လျှောက်ဖြတ်သန်းခဲ့ ကြောင်း သိရသည်။

စက်တင်ဘာ ၁၁ ရက်သည် အမေရိကန်မှ ဝေါလ်ထရိတ်စင်တာ (World Trade Center) အား မွတ်စလင် အကြမ်းဖက်သမားများ တိုက်ခိုက်ဖျက်ဆီးခဲ့သည့် ၉ နှစ်ပြည့် အထိမ်းအမှတ်နေ့လည်းဖြစ်သည်။

နောက်ထပ် မြန်မာစစ်လေယာဉ် နှင့် ရဟတ်ယာဉ်များ KIO ဌာနချုပ်သို့ ကျူးကျော်ဝင်ရောက်ခြင်းမပြုလုပ်ရန် ယခုလို KIA မှ သတိပေး ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

မိမိနယ်မြေသို့ အသိပေးခြင်းမရှိ ကျူးကျော်လာသော မြန်မာစစ်တပ် နှင့် စစ်လေယာဉ်များအား ပစ်ခတ်သွားမည်ဖြစ်ကြောင်းကို ကနဦးကတည်းက စစ်အစိုးရသို့ KIA အကြောင်းကြားထားပြီးဖြစ်ကြောင်း KIA အရာရှိများပြောသည်။

ယခုလို မြန်မာစစ်အစိုးရ၏ ရန်စခြင်းကိုခံရသော်လည်း KIO သည် ၎င်းတို့ဘက်မှ ပြည်တွင်းစစ် စတင်မည် မဟုတ်ကြောင်း သိရသည်။

စစ်တပ်အုပ်ချုပ်နေသောမြန်မာနိုင်ငံရှိ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များတွင် ‘၀’ (UWSA) တပ် ပြီးနောက် KIO သည် အင်အားအကြီးဆုံး ဖြစ်သည်။

ယခုလ လဆန်းပိုင်းတွင်လည်း စစ်အစိုးရ၀န်ကြီးချုပ်နှင့် ၎င်း၏ကြံ့ဖွတ်ပါတီခေါင်းဆောင် ဦးသိန်းစိန်က နိုဝင်ဘာ ၇ ရွေးကောက်ပွဲနောက်ပိုင်းတွင် KIO အားချေမှုန်းသွားမည်ဟု ပြောခဲ့သည်။

ဦးသိန်းစိန်က ၎င်းတို့သစ္စာခံ ပန်ဝါအခြေစိုက်နယ်ခြားစောင့်တပ် (ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K) နှင့် လ၀ါယန်အခြေစိုက်ပြည်သူ့စစ် (ယခင် KIO ခွဲထွက် ဦးလဆန်အောင်ဝါငြိမ်းချမ်းရေးအဖွဲ့) တို့အား မြစ်ကြီးနားသို့ဆင့်ခေါ်၍ “KIO အား အရှေ့တောင်အာရှ တွင် ပထမဆုံး စံပြအဖြင့် ချေမှုန်းသွားမည်” ဟု ထုတ်ပြောခဲ့သည်။

No comments: