Friday, September 24, 2010

တရားမမျှတမှုကို တစုတစည်းတည်း ဆန့်ကျင်ကြ

ဆူးခက်

မြန်မာပြည် ပြည်မကြီးသည် နယ်ချဲ့အင်္ဂလိပ်အစိုးရများ၏ ကျူးကျော်မှုကို ခံခဲ့ရသည်မှာ သမိုင်းမှတ်တမ်း များစွာက အထောက်အထားများ ရှိခဲ့သကဲ့သို့ ကရင်နီပြည်၏ သီးခြားလွတ်လပ်ရေးသည်လည်း သမိုင်းမှတ်တမ်းများ ရှိခဲ့သည်မှာ ငြင်းဆန်၍ မရနိုင်သော ပကတိစာချုပ်များပင် ဖြစ်ပေသည်။

မိမိတို့၏ ကရင်ပြည်ပြည်သီခြားလွတ်လပ်ရေးကို ဗြိသိသျှအစိုးရများပင် အသိအမှတ်ပြု လက်မှတ်ရေးထိုးခဲ့ပါသော်လည်း မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်းတွင် သီခြားလွတ်လပ်ရေးကို ကျူးကျော်စော်ကားခံခဲ့ရသည်မှာလည်း သမိုင်းမှတ်တမ်းများက သက်သေထူထားခဲ့သည်။

နယ်ချဲ့ဗြိတိရှအစိုးရ လက်အောက်မှာ လွတ်လပ်ရေး ရခဲ့ပြီးသော ယနေ့ မြန်မာနိုင်ငံသည် ဗမာလူမျိုးကြီးဝါဒ၏ လွမ်းမိုးမှုကြောင့် မြန်မာ့တိုင်းရင်းသားများ အချင်းချင်း သွေးကွဲမှုများကို တွေ့ရှိရပေသည်။

ကျွန်ုပ်တို့သည် မြန်မာလူမျိုးများကို တိုက်နေခြင်း မဟုတ်။ ဗမာလူမျိုးကြီးဝါဒကို တိုက်ခိုက်နေခြင်း စစ်အုပ်စု၏ ၀ါဒဆိုးကို တိုက်ခိုက်နေခြင်း ဖြစ်သည်ကို တိုင်းရင်းသား ပြည်သူအများ သိရှိလက်ခံစေလိုပေသည်။

မြန်မာမြန်မာဟု ပြောလိုက်သည်နှင့် ကျွန်ုပ်တို့ တိုင်းရင်းသား မျိုးချစ်ညီအကိုများသည် အလွန်ပင် မုန်းတီးနေကြပေသည်။ မိမိတို့ တိုင်းရင်းသား သွေးချင်းများသည် စစ်အုပ်စု တစု၏ မတရားဖိနှိမ့်မှုကို သမိုင်းသလျှောက်လုံး ခံစားလာခဲ့ရသည်နှင့်အမျှ စစ်အုပ်စု၏ ဦးဆောင်မှု အခန်းကဏ္ဍ များစွာတွင်လည်း မြန်မာအများစုသာ ဖြစ်နေမှုကြောင့် ကျွန်ုပ်တို့သည် မြန်မာကို မုန်းတီးနေကြသည်။

သို့လောသို့လော……. ၎င်းစစ်အုပ်စုကို ပြန်လည်တိုက်ခိုက်ချေမုန်းနေသည်မှာလည်း မြန်မာလူမျိုးများစွာ ပါဝင်နေသည်ကို ငြင်းလို့ရမည် မဟုတ်။ ကျွန်ုပ်တို့၏ တိုင်းရင်းသား သွေးချင်းညီအကိုများသည်လည်း စစ်အုပ်စု၏ လက်ကိုင်တုတ်များစွာအဖြစ် တည်ရှိနေကြသည်မှာ ယနေ့အထိပင် ရှိနေဆဲ။ အသွေးအသားကို စုပ်ယူ၍ စစ်အုပ်စုတစု၏ လက်ကိုင်တုတ်များ ဖြစ်နေသော မိမိတို့တိုင်းရင်းသား သွေးချင်းများကို ပြန်လည်၍ သင့်မြတ်ရန် အထူးအရေးကြီးလှပေသည်။

ကျွန်ုပ်တို့ တိုင်းရင်းသား ညီအကိုများ၏ တဦးချင်းဆန္ဒ အများဆန္ဒ အစုအဖွဲ့၏ ဆန္ဒကို လေ့လာစမ်းစစ်ကြည့်သော် လွတ်လပ်သော ဒီမိုကရေစီ၊ သွေးစည်းညီညွတ်သော ဖက်ဒရယ်ပြည်ထောင်စု၊ တိုင်းရင်းသားများ စုပေါင်းစည်းလုံးညီညွတ်မှုနှင့် စစ်မှန်သော မြန်မာပြည်ဒီမိုကရေစီ ရရှိရေးအတွတ် တသွေးတသံတည်း ထွက်ဆိုလျှက်ရှိခဲ့သည်မှာ ယနေ့အထိပင် ဖြစ်ပေသည်။

သို့လောသို့လော… စစ်အုပ်စုကြီး ဘာကြောင့် သက်ဆိုးရှည်နေရပါသနည်း။ ယနေ့ တိုးတတ်နေသော ခေတ္တကြီးနှင့်အတူ လွတ်မြောက်နယ်မြေ၊ လွတ်လပ်သော နယ်မြေ အများစုတွင် အဖွဲ့အစည်းများ တနေ့ထက်တနေ့ ပိုမိုများပြာလာနေသည်ကို သင်တို့ လေ့လာတွေ့ရှိရပေမည်။

ထို့အတူ အဖွဲ့အစည်း အသီးသီးကို အထောက်အပံ့ ပေးနေသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများနှင့် အလှူရှင်များလည်း တနေ့တခြား စည်းကမ်းသက်မှတ်မှုများ တိုးလာသကဲ့သို့ ၎င်းတို့ကိုယ်တိုင် တဖြေးဖြေးနှင့် နှောက်ဆုတ်လာနေသည်ကို မြင်တွေ့နေရပေသည်။

ကျွန်ုပ်တို့ တိုင်းရင်းသားညီအကိုများ စစ်အုပ်စုကို တိုက်ထုတ်နေခြင်း၊ တူညီသော ပန်းတိုင် ရည်ရွယ်ချက်များ ရှိနေချင်း အသံတခုတည်း ခြေလှမ်းတူနေခြင်း ထိုတို့ ထပ်တူနေခြင်းများ တည်ရှိနေပါလျှက်နှင့် အဘယ့်ကြောင့် တစုတည်းသော စစ်အုပ်စုကို အောင်နိုင်ရန် ခဲယဉ်းကြန့်ကြာနေရပါသနည်း။

တရာသီနှင့် တရာသီ မတူညီသော မှိုပွင့်များ တနေ့ထက်တနေ့ ပေါက်ပွားလာနေကြသည်။ စားလို့ ရသော မှိုပွင့်များ ရှိသကဲ့သို့ အစိတ်သင့်စေသော မှိုပွင့်များလည်း ပါဝင်သည်။ ထိုမှိုပွင့်များကို ထိုးဖောက်လျှက် တပ်ပေါင်းစုများ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်သားစုံ ကိုယ်စားပြုသော အဖွဲ့များ တဖွဲ့ပြီးတဖွဲ့ ပေါ်ပေါက်လာပေသည်။

သို့လောသို့လော…. စာရွက်ပေါ်တွင် ကျွန်ုပ်တို့ ဆွေးနွေးချက်များ တင်ပြချက်များ အပြန်အလှန် ငြင်းခုန်မှုများ ဆုံးဖြတ်ချက်များမှာ ဆုံးဖြတ်ချက် သတ်သတ်ချည်းသာ မဖြစ်သင့်ပေ။

တိုင်းရင်းသားစုံညီ တိုက်ပွဲဝင်လျှက် စစ်မှန်သော ဒီမိုကရေစီ ရရှိရန် အလွန်ပင် အရေးကြီးလှပေသည်။ အခက်အခဲများ တွန်းလှန်မှု အမျိုးမျိုးကြားမှာ နအဖစစ်အုပ်စုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အနိုင်ရရန် ကြိုးစားခဲ့ပြီး ဖြစ်သည်။

မိမိတို့ တိုင်းရင်းသားညီအကိုများ ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသည်ဖြစ်စေ လက်ခံသည်ဖြစ်စေ နိုဝင်ဘာ ၇၊ ၂၀၁၀ တွင် ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေကို အမှီပြု၍ ရွေးကောက်ပွဲပင် ကျင်းပပေတော့မည်။ ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားမျှတမှု ကင်းသော စစ်အုပ်စု၏ ဆန္ဒတခုတည်းကိုသာ စောင်းပေးသော ဖွဲ့စည်းပုံ ဖြစ်သည်ဟု မည်သို့ပင်ဆိုစေကာမူ စစ်အစိုးရမှာ ၎င်းရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဆောင်တော့မည်ကို ပြည်သူအသိ ကမ္ဘာအသိပင် ဖြစ်သည်။ သို့ဖြစ်ပါ၍ မိမိတို့သည် ဆွေးနွေးပွဲတွင် ထိုင်မနေဘဲ ဆွေးနွေးပွဲမှ ထွက်သင့်ပြီဟု ယုံကြည်ပေသည်။

တိုင်းရင်သားစုံညီ လက်တွဲညီလျှက် နအဖစစ်အစိုးရ၏ တရားမျှတမှု ကင်းမဲ့သော ရွေးကောက်ပွဲကြီး ပျက်ပြားစေရန်အတွက် လူတိုင်းစေ့တွင် တာဝန်ကိုယ်စီရှိကြပေသည်။

No comments: