Saturday, September 25, 2010

နအဖစစ်ရဟတ်ယာဉ် ကေအိုင်အို ပစ်ခတ်သတိပေး

သျှမ်းသံတော်ဆင့်

နအဖစစ်ရဟတ်ယာဉ် တစ်စီးသည် နယ်ခြားစောင့်တပ် လက်မခံသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးသို့ ယမန်နေ့ညနေ ၃ နာရီခန့်က အကြောင်းမဲ့ ပျံသန်းလာစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

တရုတ် - မြန်မာနယ်စပ်လိုင်ဇာမြို့ရှိ ကေအိုင်အိုစစ်ရုံးချုပ် အခြေပြုရာ တောင်ကြောအနီးသို့ မြောက်ဘက်ယွန်းယွန်း အ ရပ်မှ အဆိုပါ ရဟတ်ယာဉ် ပျံသန်းလာစဉ် ကေအိုင်အေက ပစ်ခတ်သတိပေးခဲ့ခြင်း ဖြစ်သည်။

“စစ်ရုံးဌာနတွေရှိတဲ့နားကို ကပ်ပျံလာတာ တောဘဲအုပ်တွေပျံတဲ့ အမြင့်ထက်ပိုမြင့်တယ် ၀ယ်ကြိုင်ရပ်ကွက် အထက် ဘက်ကိုလည်း ပတ်သွားတယ် ပွိုင့် ၅ စက်သေနတ်နဲ့ လှမ်းဆွဲတယ် ၄/၅ ချက်လောက် ခြောက်ထုတ်တဲ့ အနေနဲ့ ပစ်လိုက် တယ် ” ဟု ကေအိုင်အေစစ်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုပစ်ခတ်မှုအတွင်း ရဟတ်ယာဉ်အား ထိမှန်ခြင်းမရှိသလို ရဟတ်ယာဉ်မှလည်း ပြန်လည်ပစ်ခတ်ခြင်းမရှိပဲ ကေအိုင်အို ဌာနချုပ်နှင့် ဝေးရာသို့ ထွက်ခွာသွားကြောင်း သိရသည်။

“အသံတော့ကြားလိုက်တယ် လိုင်ဇာရဲ့မြောက်ဘက်ကျတာပေါ့ နမ်ဆန်ယန်ရွာ ရှိတာပေါ့ အဲဒီဘက်ကိုပျံသွားတယ် အသံ ကနဲနဲနှေးတယ် ဆိုတော့ ရဟတ်ယာဉ်ဖြစ်ပုံရတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

အကဲစမ်းသည့် သဘောဖြင့် ကေအိုင်အိုဋ္ဌာနချုပ်အနီးသို့ အဆိုပါရဟတ်ယာဉ် ၀င်လာပုံရသည်ဟု လိုင်ဇာမြို့ခံများက ယူဆနေကြပြီး ယခုအခါ ကေအိုင်အိုဘက်မှလည်း လုံခြုံရေး ပိုမိုသတိထားနေကြောင်း သိရသည်။

အတည်မပြုနိုင်သော သတင်းတပုဒ်အရ အဆိုပါ ရဟတ်ယာဉ်မှာ နိုင်ငံခြားဧည့်သည်များကို သယ်ဆောင်လာသော ထူး ကုမ္ပဏီ ဦးတေဇ၏ ရဟတ်ယာဉ်ဟု ဆိုပါသည်။

ကေအိုင်အိုအဖွဲ့ လက်နက်စွန့်ရေးကိစ္စ စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားအကြောင်းပြန်ရန် နအဖက ရာဇသံ ပေးခဲ့ရာ ကေအိုင်အိုက ငြင်းပယ်ပြီးနောက် နှစ်ဘက်ဆက်ဆံရေး တင်းမာနေကြောင်း သိရသည်။

No comments: