Thursday, September 23, 2010

အပစ်ရပ်သျှမ်းတပ်နှင့် နအဖတို့ တစ်ပတ်အတွင်းနှစ်ကြိမ်တိုက်ခိုက်

သျှမ်းသံတော်ဆင့်


ပြည်သူ့စစ်ဖွဲ့စည်းရေးကို ငြင်းဆန်နေသည့် အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA လက်အောက်ခံ တပ်မဟာ ၁ တပ်ဖွဲ့ နှင့် နအဖစစ်တပ်တို့ အကြား ယခုလ ၁၄ ရက်နေ့က တိုက်ပွဲဖြစ်အပြီး ၆ ရက်အကြာ ယခုလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နှစ်ဘက်တိုက်ခိုက်မှု ထပ်မံဖြစ်ပွားကြောင်း သိရသည်။

မိုင်းရယ်မြို့နှင့် ၈ မိုင်ခန့်အကွာ ၀မ်စန့်ကျေးရွာအုပ်စု ၀မ်ဟိုင်ရွာအနီး၌ အရှေ့မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် လက်အောက်ခံ ခလရ ၆၇ က ရွာမှပြန်လာသည့် သျှမ်းတပ်ဖွဲ့ကို စတင်ပစ်ခတ်ရာမှ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသျှမ်းတပ်နှင့်နီးစပ် သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အဆိုပါတိုက်ပွဲ၌ နအဖဘက်မှ တစ်ဦးသေဆုံးပြီး သျှမ်းတပ်ဘက်မှ ထိခိုက်မှုမရှိကြောင်း MA 1 အမျိုးအစား ရိုင်ဖယ် သေနတ် တစ်လက်နှင့် ကျည်ဆံ ၇ တောင့်ကို သျှမ်းတပ်မှ သိမ်းဆည်ရမိကြောင်း သိရသည်။

“အက်အက်အေ သျှမ်းစစ်သား ၄/၅ယောက်ပေါ့ သူတို့ရွာကိုသွားတယ် ရွာကနေတပ်စခန်းအပြန်မှာ ခလရ ၆၇ က ၄/၅ ယောက်ပဲ လမ်းဘေးကနေချောင်းပစ်တာပေါ့။ အပစ်ခံရတဲ့သျှမ်းစစ်သားတွေက နေရာယူပြီးမှ ပြန်ပစ် တော့နှစ်ဘက် တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်တယ်။ ပထမ အကြိမ်တုန်းက သျှမ်းဘက်တယောက်ဒဏ်ရာအပြင်း အထန်ရတယ်၊ဒီတခေါက် တော့ ဘာမှမဖြစ်တဲ့အပြင် လက်နက်ပါရတယ်ဆိုဘဲ” - ဟု အဆိုပါပုဂ္ဂိုလ်ကပြော ပါသည်။

တိုက်ပွဲအပြီး နောက်တစ်နေ့ (၂၁/၉/၂၀၁၀) ၌ မိုင်းကောဝ်မြို့နယ် အခြေဆိုက် ခလရ ၃၃ မှ တပ်ရင်းမှူး ကျော် ကျော်နိုင် ဦးစီးစစ်ကြောင်းသည် ယခင်က သျှမ်းတပ်များ အခြေချရာ နမ့်လောင်းကျေးရွာသို့ ၀င်ရောက် ရှင်းလင်း မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သျှမ်းပြည် (မြောက်ပိုင်း) အတွင်း အပစ်ရပ်အဖွဲ့များနှင့် နအဖတို့ စစ်ရေးတင်းမာနေရာ ယခုလ ၁၉ ရက်နေ့ နောက်ပိုင်း မန္တလေးဘက်မှ ဆယ်ဂဏန်းချီရှိသည့် စစ်ကားများ လားရှိုးမြို့သို့ ညအချိန် ထပ်မံရောက်ရှိလာ ကြောင်း သျှမ်းပြည် တပ်မတော် သတင်းရပ်ကွက်က ဆိုသည်။

No comments: