Saturday, September 25, 2010

ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့်ရပြီ

ရန်ပိုင် Friday, September 24, 2010

ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ပြုသည့် စာရင်းကို ဗဟန်းမြို့နယ် အရှေ့ ရွှေတောင်ကြား ရပ်ကွက် ကော်မရှင် ရုံးတွင် ဖော်ပြထားကြောင်း သိရသည်။

ကော်မရှင်ရုံးရှိ မဲပေးပိုင်ခွင့်ရှိသူများ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ နေအိမ် အကျယ်ချုပ်ကျခံနေရသည့် ဒေါ် ခင်ခင် ၀င်းနှင့် သမီးဖြစ်သူ မ၀င်းမမတို့လည်း ပါဝင်ကြောင်း ရပ်ကွက်ကော်မရှင်ရုံးသို့ သွားရောက် ကြည့်ခဲ့သူတဦးက ဧရာဝတီသို့ ပြော သည်။

“အရင်ရက်က မရှိဘူး၊ ဒီနေ့ သွားကြည့်တော့ စာရွက် တရွက်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ နာမည်တွေက သီးသန့် ကပ်ထားတာ” ဟု ၎င်းက ဆိုသည်။

ထိုစာရွက်တွင် နေအိမ် အကျယ်ချုပ် ကျခံနေရသည့် စစ်ထောက်လှမ်းရေး အကြီး အကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏သား ဒေါက်တာ ရဲနိုင်ဝင်း၏ နာမည်လည်း ပါဝင်ကြောင်း၊ ၎င်းတို့ ၄ ဦးကို စာရွက် တရွက်ဖြင့် သီးသန့် ကပ်ပေးထားခြင်း ဖြစ်ကြောင်း ရပ်ကွက် ကော်မရှင်ရုံးသို့ သွားရောက် ကြည့်ခဲ့သူက ဆက်လက် ပြောသည်။

ဒေါ်အောင်ဆန်း စုကြည်၏ မဲပေးခွင့်ရှိသူ နံပါတ်မှာ ၂၈၃၃ ဖြစ်ပြီး ဒေါက်တာ ရဲနိုင်ဝင်း မှာ ၂၈၃၆ ဖြစ်သည်။

ရွေးကောက်ပွဲတွင် မဲပေးနိုင်သူများ စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူ တဦးကမူ မဲပေးခွင့်ရှိသူများ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ကြောင်း၊ စတင်ဖော်ပြစဉ်က လူပေါင်း ၄၀၀ သာ ဖော်ပြနိုင်သည့် အတွက် မပါဝင်ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

မဲပေးခွင့်ရှိသူ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည်ဟု ဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၎င်းတို့ ၄ ဦး သာ သီးသန့်ကပ်ထားသည့် အတွက် နောက်ဆက်တွဲ စာရင်းသာ ဖြစ်နိုင်ကြောင်း သွားရောက်ကြည့်ရှု့ခဲ့သူ ဆိုသည်။

စက်တင်ဘာ ၂၀ ရက်နေ့ ထုတ် AP သတင်းတွင်မူ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မ၀င်းမမတို့ မဲပေးခွင့် စာရင်းတွင် မပါဝင်ဟု ဖော်ပြထားသည်။

ယခုနှစ် ရွေးကောက်ပွဲသည် ၁၉၉၀ တွင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီး နှစ်ပေါင်း ၂၀ အတွင်း ကျင်းပမည့် ပထမဆုံး ရွေးကောက်ပွဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အသိအမှတ်မပြုခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပြီးခဲ့သည့် ၂၁ နှစ်တာ ကာလ အတွင်း ၁၅ နှစ်ခန့် နေအိမ် အကျယ်ချုပ် ချထားခဲ့သည်။


ယခုနှစ် မတ်လတွင် အစိုးရက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေများ၌ ပြစ်ဒဏ် ကျခံနေရသူများသည် ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိကြောင်း၊ မဲပေးပိုင်ခွင့် မရှိကြောင်း ပြဌာန်းထားသည်။

လာမည့် ရွေးကောက်ပွဲသည် ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သည့် စစ်အာဏာရှင် စနစ်ကို ဆက်လက် အသက်သွင်းမည့် ရွေးကောက်ပွဲ သာဖြစ်သည်ဟု လေ့လာသူများက ပြောဆိုကြောင်းလည်း AP သတင်းတွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရန် ၃ လ အလို ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော နေအိမ်အတွင်းသို့ ဝင်ရောက်မှုဖြင့် နေအိမ်အကျယ်ချုပ် ဥပဒေကို ချိုးဖောက်သည် ဟု ဆိုကာ ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခံခဲ့ရသည်။ ထို့နောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့် ဖြင့် နေအိမ် အကျယ်ချုပ် ၁၈ လ သို့ လျှော့ချခဲ့သည်။

စစ်အစိုးရက ၁၉၈၈ တွင် အာဏာရယူပြီးနောက် ၁၉၇၄ အခြေခံဥပဒေကို ၂၀၀၈ အခြေခံ ဥပဒေဖြင့် အစားထိုးခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုရာတွင်မူ အခြေခံဥပဒေဟောင်းကို အသုံးပြုထားသဖြင့် တရားမဝင်ဟု အမေရိကန် နိုင်ငံ ဝါရှင်တန် မြို့အခြေစိုက် Freedom Now ဥပဒေ ရေးရာ အဖွဲ့က ယခုလ ၁၅ ရက်နေ့တွင် ပြောဆိုထားသည်။

မြန်မာ အစိုးရ၏ တည်ဆဲ ဥပဒေများအရ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ရမည် ဖြစ်ကြောင်းလည်း Freedom Now က ကြေညာချက် ထုတ်ပြန်ထားသည်။

No comments: