Thursday, September 30, 2010

မူးယစ်ရာဇာအမည်ရ ပြည်သူ့စစ်ခေါင်းဆောင်များရွေးကောက်ပွဲဝင်

မွေခေါဝ်

မူးယစ်ရာဇာအဖြစ် ကျော်ကြားလျက်ရှိသောပြည်သူ့စစ်ခေါင်း ဆောင်များက USDP ပါတီကတဆင့် လာမည့် နိုဝင်ဘာ ၇ ရက် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

“မူးယစ်ရာဇာလို့ နာမည်ကြီးနေတဲ့ပြည်သူ့စစ်ခေါင်းဆောင်လေးယောက်ရှိတယ်။ သူတို့ကိုကြံ့ဖွတ်ပါတီက စိတ်ကြိုက် ရွေးထားတာလေ။ ကွတ်ခိုင်ကနှစ်ယောက်၊ မူဆယ်နဲ့နမ့်ခမ်းကတစ်ယောက်စီဖြစ်တယ်” ဟု မူဆယ်ဒေသခံတစ်ဦးက ပြောပါသည်။

ကွတ်ခိုင်မြို့မှ ဦးမြင့်လွင်(ခေါ်)၀မ်ကော့တာနှင့်ဦးထီခွန်မြတ်တို့နှစ်ဦးစလုံးပြည်နယ်လွှတ်တော်အဆင့် ယှဉ်ပြိုင်မည် ဖြစ်သည်။

ကွတ်ခိုင်မြို့နယ် တာမိုးညဲပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်လွင်(အသက် ၆၀ နှစ်)သည် ကြံ့ဖွတ်အသင်းအနေဖြင့် တာမိုးညဲမြို့နယ်ခွဲ ကိုယ်စားလှယ်အဖြစ် ညောင်နှစ်ပင်ညီလာခံကိုလည်းတက်ရောက်ခဲ့ဖူးသူဖြစ်သည်။

“မြို့ပေါ်ကလူတွေအားလုံးတော့ သူ့ကိုမူးယစ်ရာဇာလို့သိကြတယ်” ဟု ကွတ်ခိုင်ဒေသခံတစ်ဦးကပြောပါသည်။

အင်အား ၆၀၀ ခန့်ရှိ ကွတ်ခိုင်ပြည်သူ့စစ်ခေါင်းဆောင် ဦးထီခွန်မြတ်(အသက် ၅၇ နှစ်) မှာလည်း ညောင်နှစ်ပင်ညီလာခံ တက်ရောက်ခဲ့ ဖူးသည်။

“(ဖျက်သိမ်း) မြန်မာမေဖလားဝါးဘဏ်ရဲ့ ရှယ်ယာဝင်တစ်ဦးလဲဖြစ်တယ်။ ငွေမဲကနေငွေဖြူလုပ်တဲ့နေရာမှာ ထင်ရှားတယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။

ကချင်အမျိုးသား ဦးကင်မိုင်(အသက် ၅၀ နှစ်)မှာ အင်အား ၂၀၀ ရှိ မူဆယ်မြို့နယ် မိုင်းပေါ့ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်သည်။ မူဆယ်မြို့ မဲဆန္ဒနယ်မြေ(၂)၌ ပြည်နယ်လွှတ်တော်အဆင့်ယှဉ်ပြိုင်မည်ဖြစ်သည်။

“မူဆယ်နဲ့ကွတ်ခိုင်မှာ ဦးမြင့်လွင်နဲ့ဦးကင်မိုင်တို့က မူးယစ်ဆေးဝါးတွေထုတ်လုပ်တယ်။ ဦးထီခွန်မြတ်က ဦးကင်မိုင် ထိန်းချုပ်နယ်က တ ဆင့် မူးယစ်ဆေးတွေ တရုတ်ဘက်ကိုပို့တယ်” ဟု အဆိုပါ ကွတ်ခိုင်ဒေသခံကဆက်ပြော၏။

အသက် ၅၁ နှစ်ရှိ ပန်းဆေးကျော်မြင့်သည် မူဆယ်မြို့နယ် USDP ၏အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ် သည့်အပြင် ခိုလုံ လီစူး (ပန်းဆေး ကျေးရွာအုပ်စု) ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်သည်။ လီစူးလူမျိုးစုကိုယ်စားလှယ်အဖြစ် ညောင် နှစ်ပင်ညီလာခံကို တက်ရောက်ခဲ့ဖူး၏။

“ပန်းဆေးကျော်မြင့်က နမ့်ခမ်းမြို့ပြည်သူ့လွှတ်တော်အဆင့်ယှဉ်ပြိုင်မယ်။ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့လူသိများ တယ်။ မူဆယ်အနီး (ရွှေလီမြစ်လယ် ကျွန်းပေါ်ရှိ) ယုန်ယန်လောင်းကစားရုံကိုလဲသူပိုင်တယ်”- ဟု ဖိုင်ဟောင်ရပ် ကွက်နေ မူဆယ်ဒေသခံတစ်ဦးကပြောပါသည်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်အတွင်းသွားလာနေသော ကူးတို့စက်လှေများ၏ ပိုင်ရှင် စိုင်းကျော်ထွေးမှာ ပန်းဆေး ကျော်မြင့်၏ညီဖြစ် ပြီး (ယခင် စစ်တိုင်းမှူး) ဗိုလ်ချုပ် မြင့်လှိုင်နှင့်လည်းအထူးရင်းနှီးသည့် မူးယစ်ကုန်သည်ဟု နမ့်ခမ်းမြို့ ပန်းဆေးကျေးရွာအုပ်စု ရွာသားတ ဦးက ပြောပါသည်။

စိုင်းထွန်းမောင်(စိုင်းကျော်ထွေး၏ယောက်ဖ) မှာ လီစူးလူမျိုး လူနည်းစုဝန်ကြီးနေရာ၌ ယှဉ်ပြိုင်မည်ဟုသိရ၏။ နိုင်ငံအ၀ှမ်းလူဦးရေ၏ ၀.၁% (၅၇,၀၀၀ ဦး) ပြည့်ကာ ထောက်ခံမဲပါအနိုင်ရရှိပါက စိုင်းထွန်းမောင် ခေါ် စိုင်းခမ်းအွန်သည် သျှမ်းပြည်ရှိ လီစူးလူမျိုးစု ၀န်ကြီးဖြစ်လာနိုင်ကြောင်း နမ့်ခမ်းဒေသခံများကပြောကြသည်။

No comments: