Friday, September 24, 2010

အန်အယ်လ်ဒီနှင့် ယှဉ်ပြိုင်လိုသေးကြောင်း တစညပါတီ ပြောကြား

မျိုးချစ်သူ / ၂၄ စက်တင်ဘာ ၂၀၁၀

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ (၇) ရက်နေ့၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) နှင့် တပွဲတလမ်း အကဲစမ်းချင်ကြောင်း ယနေ့ပြောဆိုလိုက်သည်။

ယနေ့နံနက်တွင် ဗဟန်းမြို့နယ်ရှိ ယင်းပါတီရုံးချုပ်၌ ပြုလုပ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ (၂၂) နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ပါတီတွဲဖက် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးက ပြည်တွင်းပြည်ပ သတင်းမီဒီယာများကို ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “အမှန်မှာ ကျနော်တို့က လာမယ့်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီနဲ့ နွှဲချင်သေးတာဗျ၊ အခုကတော့ အခြားပါတီတွေပဲ ရှိတာပေါ့လေ” ဟု ပြောသည်။

အန်အယ်လ်ဒီပါတီကမူ ၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အန်အယ်လ်ဒီသည် ပါတီအဖြစ် မှတ်ပုံတင်ခြင်းမရှိဘဲ ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်ခဲ့သည်။

ထို့အပြင် အန်အယ်လ်ဒီကို မဲပေးလိုသည့် ပြည်သူလူထုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါဝင်သဖြင့် မဲမပေးကြရန်ကိုလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

တစည ပါတီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ပြောင်းလဲလာသည့် စစ်ဗိုလ်ချုပ်ဟောင်းများ ပါဝင်ဖွဲ့စည်းထားသည့် ပါတီဖြစ်ပြီး ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီပါတီကို အပြတ်အသတ် ရှုံးနိမ့်ခဲ့သောပါတီဖြစ်သည်။

ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲတွင် တစညပါတီအနေဖြင့် ကြံ့ဖွံ့ပါတီတခုတည်းသာ အကြိတ်အနယ် အဓိကပြိုင်ဘက် ပါတီအဖြစ် ရှိနေပြီး ပြည်သူများကလည်း ယင်းပါတီ (၂) ခုသည် လက်ရှိအစိုးရက ကြောထောက်နောက်ခံပေးထားသည့် ပါတီများအဖြစ် ပြောဆိုနေကြသည်။

သို့သော် တစညပါတီက ၎င်းတို့၏အဓိက ပြိုင်ဘက်ပါတီသည် ကြံ့ဖွံ့ပါတီဖြစ်ကြောင်း မီဒီယာများကို တရားဝင်ထုတ်ဖော် ပြောကြားထားသည်။

အဆိုပါ ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော် စသည့် လွှတ်တော် (၃) ရပ်စလုံးအတွက် ကိုယ်စားလှယ်လောင်း (၉၈၀) ကျော်ကို တင်ထားသော ဒုတိယ ကိုယ်စားလှယ်လောင်း အများဆုံး ပါတီတခုဖြစ်သည်။

No comments: