Thursday, September 23, 2010

တရုတ်က မြန်မာကို ဒေါ်လာ ၄ ဘီလီယံ အတိုးမဲ့ ချေးမည်

ဧရာဝတီ Thursday, September 23, 2010

တရုတ်အစိုးရက မြန်မာစစ်အစိုးရကို ယွမ် ဘီလီယံ ၃၀ (အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံ) အတိုးမဲ့ ထုတ်ချေးရန် သဘောတူ လိုက်ကြောင်း သတင်းရရှိသည်။

စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စက်တင်ဘာလ ၇ ရက်နေ့က စတင်ခဲ့သော ၅ ရက်ကြာ တရုတ်ပြည်ခရီးစဉ် အတွင်း ထိုကဲ့သို့ သဘောတူခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှတဆင့် သိရသည်။

“ဗိုလ်ချုပ်မှူးကြီးနဲ့ တရုတ်သမ္မတ ဟူကျင်းတောင်တို့ တွေ့ပြီးတဲ့ နောက်မှာ တရုတ် အစိုးရအနေနဲ့ အခုလို အတိုးမဲ့ ငွေချေးဖို့ သဘောတူ လိုက်တာပါ”ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန တာဝန်ရှိသူ တဦးက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၃၄ ဦးပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်၍ စက်တင်ဘာလ ၇ ရက်မှ ၁၁ ရက်နေ့အထိ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် ခရီး သွားရောက် ခဲ့ခြင်းဖြစ်သည်။ ၎င်းနှင့်အတူ လိုက်ပါသွား သူများတွင် ဗိုလ်ချုပ်ကြီး ဟောင်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ အနက် ၎င်းနှင့် နီးစပ်သော လုပ်ငန်းရှင် ဦးတေဇ အပြင် မက်စ် မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်တို့လည်း ပါဝင်ကြောင်း သိရသည်။

“ဒီချေးငွေကို ရေအားလျှပ်စစ်စီမံကိန်းတွေ၊ ကားလမ်း ဖောက်လုပ်ရေး၊ ရထားလမ်းနဲ့ သတင်းနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး တွေ မှာ သုံးနိုင်အောင် ရည်ရွယ်ပြီး ထုတ်ချေးတာဖြစ်ပါတယ်။ ဒီငွေတွေကို နှစ် ၃၀ အတွင်း ပြန်ဆပ်ရမှာပါ”ဟုလည်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန တာဝန်ရှိသူက ဆက်ပြောသည်။ သို့ရာတွင် ယင်းချေငွေကိစ္စနှင့် ပတ်သက် ၍ အသေးစိပ်ပြောဆိုရန် ၎င်းက ငြင်းဆိုသည်။

ရန်ကုန်အခြေစိုက် စီးပွားရေးပညာရှင်တဦးကမူ ဤကဲ့သို့ အတိုးမဲ့ ချေးငွေများကို လက်ခံခြင်းအားဖြင့် စစ်အစိုးရအနေနှင့် တရုတ်၏ သြဇာလွှမ်းမိုးမှုကို ပိုမို ခံရနိုင်ဖွယ်ရှိသည်ဟု ပြောဆိုသည်။

“ချေးငွေ ယွမ် ဘီလီယံ ၃၀ ကို လက်ခံတယ်ဆိုရင် မြန်မာပြည်ထဲမှာ တရုတ်ကုမ္ပဏီတွေနဲ့ တရုတ် အလုပ်သမားတွေကိုလည်း လက်ခံရမှာပဲ။ ဒါက သိပ်ရှင်းတယ်။ ဒီငွေတွေက တရုတ်တွေနဲ့ သူတို့ ကုမ္ပဏီတွေအတွက်ပဲ အကျိုးရှိလိမ့်မယ်။ သာမန် မြန်မာ ပြည်သူတွေအတွက်တော့ ဒီချေးငွေသဘောတူညီချက်ကနေ စီးပွားရေးအခွင့်အလမ်းတွေ ရနိုင်စရာမရှိဘူး”ဟု ၎င်းက ဆိုသည်။

“ငွေတွေကို ဘယ်လို စီမံသုံးစွဲမယ်၊ အဲ့ဒီအထဲကနေ ဗိုလ်ချုပ်မှူးကြီးက စစ်တပ်အတွက် ဘယ်လောက်သုံးမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့လည်း အစိုးရက တရားဝင် ထုတ်ပြောတာ မရှိသေးပါဘူး”ဟုလည်း ၎င်းက ဆက်ပြောသည်။

နေပြည်တော်အခြေစိုက် စစ်သတင်းရပ်ကွက်တခု အဆိုအရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနှင့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲအပြီး ကျင်းပမည့် ပြည်သူ့လွှတ်တော်သို့ စစ်တပ် အသုံးစရိတ်နှင့်ပတ်သက်၍ တင်ပြလိုစိတ် မရှိကြောင်း သိရသည်။

“ဗိုလ်ချုပ်မှူးကြီးက တပ်မတော် ဘတ်ဂျက် ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်မှာ မတင်ပြချင်ဘူး။ ဒါကြောင့် လွှတ်တော် အစည်း အဝေး မကျင်းပခင်မှာ စစ်တပ် အသုံးစရိတ်နဲ့ပတ်သက်ပြီး အားလုံးပြီးအောင် စီစဉ်ချင်ပုံရတယ်။ မကြာသေးခင်ကပဲ တိုက် လေယာဉ် နဲ့ သင်္ဘောတွေ အပါအဝင် တပ်မတော်အတွက် လိုအပ်တာတွေကို ဝယ်ယူခဲ့သေးတယ်လေ”ဟု စစ်တပ်နှင့် နီးစပ်သူ တဦးက ဆိုသည်။

မြန်မာစစ်အစိုးရအနေနှင့် စီးပွားရေးနှင့် သတင်းနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ရည်ရွယ်ကာ တရုတ်အစိုးရထံမှ ၂၀၀၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ချေးခဲ့သေးကြောင်းလည်း သိရသည်။

No comments: