Friday, September 24, 2010

ရွေးကောက်ပွဲမတိုင်မီ မူးယစ်ဆေးဝါး အမြန်လုပ်ယူရန် ပြည်သူ့စစ် ၃ ဖွဲ့ ညွှန်ကြားခံရ

KNG

စစ်အစိုးရထိပ်တန်းအရာရှိတစ်ဦးက ၎င်းတို့သစ္စာခံ နာမည်ဆိုးနှင့်ကျော်ကြားသော မူးယစ်ရာဇာပြည်သူ့စစ် ခေါင်းဆောင် ၃ ဦးအား နိုဝင်ဘာ ၇ ရွေးကောက်ပွဲမတိုင်မီ မူးယစ်ဆေးဝါး အမြန်လုပ်ယူကြရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် ၎င်းတို့အား အစိုးရအပြောင်းအလဲမလုပ်ခင် မုးယစ်ဆေးဝါး စီးပွားရေး အမြန်လုပ်ယူကြ ရန် ထိုစဉ်က အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်မှ အကြံပေးခဲ့ ကြောင်း ပြည်သူ့စစ်တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရပ်ကွက်မှသိရသည်။

ရှမ်းပြည်အရှေ့မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးနဲ (Tamungnye) ပြည်သူ့စစ်ခေါင်းဆောင် ဦးယန်ဂွယ်တ၊ ကွတ်ခိုင်မြို့နယ် ရှော်ဟော-လုံထန် (Shauhaw-Lunghtan) ပြည်သူ့စစ်ခေါင်းဆောင် ဦးယန်လင် နှင့် နမ့်ခမ်းမြို့နယ် ပန်ဆဲ (Panse) ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့် တို့အား တိုင်းမှူးက ဆင့်ခေါ်၍ ညွှန်ကြားခြင်း ဖြစ်သည်။

၎င်းပြည်သူ့စစ်တပ်ဖွဲ့များသည် ခွဲ-ကချင်ပြည်နယ် (Kachin Sub-state)၊ စစ်အစိုးအရအခေါ် ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်း အခြေစိုက်ထားသည့် အဖွဲ့များလည်းဖြစ်ပါသည်။

ပြည်သူ့စစ်ခေါင်းဆောင် ၃ ဦးတို့မှာ တရုတ်လူမျိုးများဖြစ်ကြပြီး ၎င်းတို့အား မြန်မာစစ်အစိုးရမှ ရှမ်းပြည်မြောက်ပိုင်း ကချင် နှင့် ရှမ်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ချေမှုန်းရာတွင် အသုံးချနေသည်မှာ ယခုအနှစ် (၂၀) ခန့်ရောက်လာပြီဖြစ်ကြောင်း ဒေသခံများပြောသည်။

အတုန့်အလှည့်အခွင့်အရေးအားဖြင့် ပြည်သူ့စစ်များအား မူးယစ်ဆေးဝါးများ ထုတ်လုပ်၊ ကုန်ကူး၊ ရောင်း-၀ယ် ဖေါက်ကားခြင်းနှင့် အခြားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် စစ်အစိုးရမှ နားလည်မှုပေးထားကြောင်း ဒေသခံမူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာသူများပြောသည်။

ပြည်သှု့စစ်ခေါင်းဆောင် ၃ ဦးကို တိုင်းမှူးက “အစိုးရအပြောင်းအလဲ မကြာမီဖြစ်လာတော့မယ်။ အဲဒါကြောင့် အရင်ကလို ငါတို့စစ်တပ်က နှင်တို့ကိုကာကွယ်ပေးဖို့ လွယ်မယ် မလွယ်ဘူး ဆိုတာ မသိဘူး။ ဒါကြောင့် မူးယစ်ဆေးဝါးကို အစိုးရအပြောင်းအလဲမတိုင်ခင် မြန်မြန်လုပ်ကြ” ဟု ညွှန်ကြားကြောင်း ၎င်းတို့နှင့် နီးစပ်သူများပြောပါသည်။

ယခုလိုညွှန်ကြားခဲ့ပြီး နောက်လ သြဂုတ်၌ စစ်အစိုးရအတွင်း စစ်တပ်ရာထူးအပြောင်းအလဲပေါ်ပေါက်ကာ ဗိုလ်ချုပ်အောင်သန်းထွဋ်မှာ စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ)–၂ မှူးအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရသည်။

အဓိက ဘိန်းမဲ၊ ဘိန်းဖြူ၊ ရာမနှင့် အခြားစိတ်ကြွဆေးပြားအမျိုးမျိုးကို ပြည်သူ့စစ်များ ၎င်းတို့ထိန်းချုပ်ရာဒေသမှ ထုတ်လုပ်နေခြင်းဖြစ်သည်။

ထိုအဖွဲ့ ၃ ဖွဲ့မှ မူးယစ်ဆေးဝါးများထုတ်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းကိရိယာတန်ဆာပလာများကို စစ်အစိုးရအာဏာပိုင်များ တွေ့ရှိလျှင်လည်း သိမ်းဆည်းအရေးယူခြင်း မရှိကြောင်း ၎င်းတို့နှင့် နီးစပ်သူများ ပြောသည်။

ယင်းမူးယစ်ဆေးဝါးများကို အဓိက ရှမ်းပြည်နယ်တ၀န်း၊ ကချင်ပြည်နယ်နှင့် နယ်စပ်မှတဆင့် အိန္ဒိယနိုင်ငံသို့ဖြန့်ဖြူးနေကြောင်း သိရသည်။

ယခင်နှင့်မတူ ယခုနှစ်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ဖောက်ကားခြင်းများကို ရှမ်းပြည်မြောက်ပိုင်းတွင် ပို၍ လွတ်လွတ်လပ်လပ်ပြုလုပ်လာနိုင်သည်ကို မြင်တွေ့နေရကြောင်း ဒေသခံလေ့လာသူများ ပြောသည်။

တစ်ချိန်ထဲမှာပဲ ဦးယန်ဂွယ်တသည် စစ်အစိုးရ၏ ကြံ့ဖွတ်ပါတီ (USDP) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကွတ်ခိုင်မှဝင်ပြိုင်ရန်နှင့် ဦးကျော်မြင့်မှာလည်း USDP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် နမ့်ခမ်းမှ ၀င်ပြိုင်ရန်ရှိသည်ဟု ၎င်းတို့နှစ်ဦးနှင့်နီးစပ်သူများပြောသည်။

တာမိုးနဲပြည်သူ့စစ်ခေါင်းဆောင် ဦးယန်ဂွယ်တသည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှုရှိကြောင်း သိရသည်။

နှစ်စဉ် ထိုပြည်သူ့စစ်အဖွဲ့ ၃ ဖွဲ့မှ နေပြည်တော်စစ်အစိုးရသို့ အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ လဒ်ငွေပေးရသည့်အပြင် ယခင် ရမခ တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်ကိုလည်း နှစ်တိုင်း လဒ်ငွေကျပ်သိန်း ၅၀၀ (US $526,316) အထက် ပေးခဲ့ရကြောင်း ၎င်းတို့အဖွဲ့နှင့်နီးစပ်သူများပြောသည်။

No comments: