Wednesday, September 29, 2010

ရွေးကောက်ပွဲ အတွက် ရဲတပ်သားသစ်များ စုဆောင်း သင်တန်းပို့ချ

သင်းသဇင်ခိုင်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရွေးကောက်ပွဲ လုံခြုံရေးတွင် အသုံးပြုမည့် ရဲတပ်သားသစ် အခြေခံ သင်တန်း တစ်ခုကို စက်တဘာင်္လ ၂၀ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက “ သင်တန်းကို စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက်မှာ တည်ရှိတဲ့ ပြည်နယ်ရဲ အရံဝင်းထဲမှာရှိတဲ့ ဂစ္ဆပနဒီ ခန်းမမှာ စက်တင်္ဘာလ ၂၀ ရက်နေ့ နံနက် ၇ နာရီမှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ သင်တန်းသားက စုစုပေါင်း ၁၆၀ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ လုံခြုံရေး အတွက် သူတို့ကို သင်တန်းပေးတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပုံမှန်ရဲသင်တန်းမှာ ၆ လထိ ကြာမြှင့်သော်လည်း ယခုရဲသင်တန်းကို သုံးပတ်နှင့် အပြီးသတ် ပြုလုပ်မည်ဟု သူက ပြောသည်။

“ ရွေးကောက်ပွဲ လုံခြုံရေး အတွက် အရေးပေါ် ခေါ်ယူပြီး ပြုလုပ်ရတဲ့ သင်တန်း ဖြစ်တဲ့ အတွက် သင်တန်းက သုံးပတ်ဘဲ အချိန်ရပါတယ်။ အဓိကအားဖြင့် အခြေခံ စစ်ရေးပြနဲ့ အဓိဂရုဏ်း နှိမ်နှင်းရေး လေ့ကျင့်ခန်းတွေကို သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယခု သင်တန်းတွင် တက်ရောက်သင်ကြားနေသူ ရဲတပ်သားသစ်များမှာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က စုဆောင်းထားသော သင်တန်းသား သစ်များ ဖြစ်ပြီး အများစုမှာ စာမတတ်သူများ ဖြစ်သည်ဟု သိရသည်။

သူတို့အား ရဲသား တစ်ဦး၏ လစာ အပြည့်ဖြင့် ခန့်အပ်မည် ဖြစ်သော်လည်း ရွေးကောက်ပွဲပြီးပါက ဆက်လက် ခန့်အပ်မည် မခန့်မည်ကို တပ်အပ် သေချာ မပြောနိုင်ကြောင်း အဆိုပါရဲ အရာရှိက ပြောသည်။

အခြေခံ ရဲသားသစ် သင်တန်း ဖွင့်ပွဲသို့ ရဲအရာရှိ အတော်များများ တက်ရောက်ခဲ့ကြပြီး ယခုအခါ အဆိုပါ ရဲအရာရှိများက သင်တန်းသားသစ်များကို အနီးကပ် သင်တန်း ပို့ချလျှက် ရှိကြောင်း သတင်း ရရှိပါသည်။

No comments: