Sunday, September 26, 2010

ဆေးအတိအကျမပေါ်သေးတဲ့ သွေးလွန်တုပ်ကွေး

ဒေါက်တာ တင့်ဆွေ

ဒေလီမှာ ဗြိတိသျှ ဓနသဟာယ အားကစားပွဲကြီး စပါတော့မယ်။ နိုင်ငံခြားသားတွေ တပြုံတမ လာကြမှာမို့ တိုးရစ်တွေ အတွက် သတိပေးချက်တွေလဲ ထွက်နေပါတယ်။

“လူကြားသူမြင် ပွေ့ဖက်နမ်းရှုံ့ မလုပ်ပါနဲ့”

“ရေအိမ်သာ မလုံလောက်၍ ကိုယ့်ဖာသာ တစ်ရှူး ယူလာပါ”

“သွေးလွန်တုပ်ကွေး အရေးကြီးသည်”

သွေးလွန်တုပ်ကွေး Dengue Haemorrhagic Fever (DHF) ကို Aedes Aegypti ခြင်ကနေကူးပြီး ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်။ ဆရာဝန်တွေထက် ကွန်ပျူတာ သုံးသူတွေက Virus ကို ပိုသိကြမယ် ထင်ပါတယ်။ ဒီနယ်ပယ် နှစ်ခုလုံးမှာ ဗိုင်းရပ်စ်က လူဆိုးပါ။ ကျနော်တို့ အဏုဇီဝဗေဒ သင်ရတုံးကတောင် ဗိုင်းရပ်စ်ဟာ ဆေးစာအုပ်တွေမှာ နေရာ သိပ်ရသေးတာ မဟုတ်ပါ။ အဲဒီပိုးကို သိပ္ပံဆရာတွေက သက်ရှိလို့တောင် သတ်မှတ်သေးတာ မဟုတ်လို့ ဇီဝစာရင်းထဲ မထည့်ခဲ့တာလဲ ဖြစ်မယ်။ ဒါပေမဲ့ အသက်ရှိတဲ့ လူ-တိရစ္ဆာန်-အပင်တွေကို ဒုက္ခ မလှမပ ပေးနေတာတော့ အမှန်ပဲ။

ဗိုင်းရပ်စ်ဆိုတဲ့ သတ္တဝါတွေကနေ ဖြစ်စေတဲ့ ရောဂါနာမည်တွေ ပြောရင် တချို့ မျက်လုံး နည်းနည်း ပြူးကြမယ် ထင်တယ်။ ပြောကြည့်ပါ့မယ်။ HIV ဒါလောက်တော့ သိပါတယ်။ နောက်တခုဗျာ၊ အသားဝါ။ သိလွန်းလို့။ ဆက်ဖတ်ပါ။ ခွေးရူးပြန်။ နည်းနည်း ဆန်းမယ်နော်။ ဟိုတုပ်ကွေး-ဒီတုပ်ကွေး၊ အအေးမိ၊ ပသိရောင်၊ ဝမ်းလျှော၊ ဝက်သက်၊ ရေယုန်၊ (ပိုလီယို)၊ ရေကျောက်၊ ကင်ဆာနဲ့ ကြွက်နို့တောင် ပါချင်သေးတယ်။

အဲဒီ ဗိုင်းရပ်စ်အမျိုးမျိုးကနေ ရောဂါအမျိုးမျိုးကို ဖြစ်စေကြပေမယ့် သူတို့အားလုံးမှာ တူတာတခု ရှိပါတယ်။ ကနေ့အချိန်ထိ ဒီကောင် ပေါက်စလေးတွေကို ဘယ်ဆေးနဲ့မှ သတ်မရသေးပါ။ ဘယ်ဟာကိုမဆို အနိုင် တိုက်မရသေးသ၍ အတော် အားကောင်းခိုင်မာလှတယ်လို့ ထင်ရမှာပေါ့။ သမိုင်းကြည့်ရင် စစ်ဘုရင်ကြီးတွေ ဇာတ်သိမ်းမလှကြပါ။ အသက်ပျင်းတဲ့ အကောင် မှန်သမျှ တနေ့ကျ နိုင်တာပေါ်ရစမြဲ မဟုတ်ပါလား။ တချိန်က ဆိုးသွမ်း သောင်းကျန်းခဲ့တဲ့ ဘက်တီးရီးယားတွေ Penicillin (ပနယ်စလင်) ပေါ်လာလို့ အတော် အထိနာ သွားရတယ်။ Small pox ကျောက်ကြီး ဆိုရင် အမျိုးပါ တုံးသွားလို့ သုတေသန လုပ်ဘို့တောင် အနိုင်နိုင် သိမ်းထားရတာ။

ဒါ့ကြောင့် အခု မနိုင်သေးရင် နိုင်အောင်လုပ်ဘို့ ကြိုးစားကြရမှာဘဲ။ ကျွန်တော်တို့ ခေတ်မှာ နိုင်တာ မပေါ်သေးရင် နောက်လူတွေကို အားကိုးရမှာပေါ့။ အနိုင်ရရေး စီမံချက်ကို သေချာအောင် ကလေးတွေကို ဒုက္ခပေးတဲ့ ရောဂါကို ရွေးထုတ်တာ ကောင်းမယ်။ ဒီတော့ အနာဂတ် ခေါင်းဆောင်များ သွေးလွန်တုပ်ကွေးဘေးက ဝေးအောင်လုပ်ပေးမှ တော်မယ် ထင်ပါတယ်။ ရာသီစာလဲ ဖြစ်နေတယ်။

တခုတော့ ရှိတယ်၊ သွေးလွန်တုပ်ကွေးကို ကလေးရောဂါလို့ ထင်တာ မမှန်ဘူး။ ဆင်းရဲတဲ့လူတွေဘဲ ဖြစ်တယ် မှတ်ရင်လဲ မှားတယ်။ ရောဂါကို စသိတာအနှစ် ၂ဝဝ ကျော်ပါပြီ။ Spanish word မို့ (ဒင်ဂေး) လို့ အသံထွက်တာ ပိုမှန်သတဲ့။ ဒါပေမဲ့ ဒီစာလုံး ဘယ်ကနေ ပေါ်ခဲ့တယ် ဆိုတာ တိတိပပ မသိကြပါ။

“ရောဂန္တရကပ်” အထိ ဆိုးအောင်လည်း ဖြစ်ခဲ့ဘူးတယ်။ Pandemic (ပင်းဒမစ်) အဆင့်ပေါ့။ ကွက်ပြီး အများကြီး ဖြစ်တဲ့ Endemic (အင်းဒမစ်) ကပ်လိုကတော့ အခုထိ ဖြစ်နေဆဲဘဲ။ ကူးစက်ရောဂါ ဆိုတာတွေက “ကံဆိုးမသွားရာ၊ မိုးလိုက်ရွာ” ဆိုသလို ဆင်းရဲလေလေ နှိပ်စက်လေလေဘဲ။ အာရှ၊ အာဖရိက၊ တောင်အမေရိက။ ဒါပေမဲ့ ချမ်းသာတယ် ပြောရမယ့် တိုင်ဝမ်၊ စင်္ကာပူ၊ ဆော်ဒီအာရေးဗျ တို့လည်း မလွတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တိုးတိုးလာလို့ သွေးလွန်တုပ်ကွေး ပြန့်နှံ့ပုံကဖြင့် ကနေ့ ကမ္ဘာတလွှား ဒုက္ခ များများ ပေးနေတဲ့ ငှက်ဖျားနဲ့ နင်လားငါလားပါဘဲ။

ငှက်ဖျားနဲ့ တူသေးတာက ခြင်ကနေ ကူးတာပါ။ ခြင်အမျိုးတော့ မတူဘူး။ “ငှက်ဖျားခြင်က တောသား၊” “သွေးလွန်ခြင်က မြို့သူ။” သွေးလွန်ဟာ ခြင်အမကနေဘဲ ကူးတယ်။ မ သဘာဝ တူသေးတာတခုက ညမှာ အိမ်တွင်း အောင်းပြီး နေ့မှာသာ ထွက်ကိုက်တယ်။ အစာရှာတာပေါ့ဗျာ။ အများအားဖြင့် မနက်မလင်းတလင်း ကိုက်တာများတယ်။ အမဖြစ်တော့ အသန့် ကြိုက်တယ်။ ရေသန့်မှာ နေတဲ့အမျိုး။ ဒါကြောင့် အဲဒီခြင်မျိုး နှိမ်နင်းဘို့ မော်တော်ကား ဆိုင်ကယ် တာယာဟောင်း၊ ပုံးခွံ၊ ပေပါခွံ၊ ရေအိုး၊ ညောင်ရေအိုးတွေမှာ ကျန်နေအောင်းနေတဲ့ ရေတွေ မှန်သမျှ သွန်ခိုင်းရတယ်။ ပိုးလောက်လန်းတွေ မပေါက်အောင် လုပ်ရတာပါ။ ခြင်စားငါး မွေးတာတို့၊ ပိုးလောက်လန်းသတ်ဆေးတို့လဲ သုံးနိုင်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ရေနံချေး ဝအောင်သုတ်ထားတဲ့ အိမ်ထရံတွေ၊ တိုင်တွေပေါ်မှာ ဆေးဖျန်းပြီးလို့ ရေးမှတ်ထားတတ်တဲ့ (ဒီတီတီ) ကလည်း ခြင်ကို အတော်အသင့် နိုင်ပါတယ်။

သွေးလွန်တုပ်ကွေးမှာ အထင်နဲ့အမြင် မဆင်တာတခု ပြောရဦးမယ်။ နာမည်က သွေးလွန်ဆိုတာနဲ့ သွေးလွန်ပြီး သေနိုင်တယ်လို့ ထင်တာ မဟုတ်ပါ။ ကိုယ်ထဲက အရည်တွေရော သွေးရော ယိုလို့ နောက်ဆုံး ရှော့ခ် ရတာကြောင့်သာ သေတာ ဖြစ်တယ်။ ဒါပေမဲ့ “သွေးယိုတုပ်ကွေး”လို့ နာမည်ပေးရင်တော့ မမိုက်ဘူး မဟုတ်လား။

ခြင်အကိုက် ခံရပြီးနောက် ၄-၅-၆ ရက်မှာ ရောဂါဖြစ်တယ်။ ဖြစ်စတော့ ရိုးရိုး တုပ်ကွေးလိုပါဘဲ။ ဖျား၊ ခေါင်းကိုက်၊ ဟိုကဒီကနာ ဖြစ်မယ်။ အရိုးထဲကနာတာ သိသာတာမို့ တချို့က “အရိုးကွဲဖျား” လို့တောင် ခေါ်သေးတယ်။ ခပ်ရဲရဲ အနီပြင်တွေ ထွက်မယ်။ အပြင်းဖျားမယ်၊ (၁ဝ၃-၁ဝ၄-၁ဝ၅)။ ခေါင်း (နားထင်) ကိုက်မယ်၊ မျက်လုံးအတွင်းက နာမယ်၊ ကြွက်သား အဆစ်နာမယ်၊ စားချင်စိတ် ပျက်မယ်။ ပျို့အန်မယ်။ ပြီးရင် သွေးပြဿနာ တက်လာပါမယ်။ သွေးခြည်ဥတွေ ထွက်မယ်။ နှာခေါင်းသွေးယို၊ သွားဖုံးသွေးယို၊ ပါးစပ်ကနေ သွေးအန်၊ ဆီးထဲ သွေးပါမယ်၊ ဝမ်းထဲ သွေးပါရင် ဝမ်း အရောင်မည်းတာနဲ့ သိမယ်။ အမျိုးသမီးဆိုရင် လစဉ်ဆင်းတာက များမယ်။

ရက်တိုရောဂါ ဖြစ်လို့ ၂ရက် က ၇ ရက်သာ ကြာမယ်။ သွေးအရည်ယိုတာ ကြာလာရင် သတိမကောင်း ဖြစ်ရာကနေ သတိ လုံးဝလစ်မယ်၊ တက်လဲ တက်နိုင်တယ်။ ဗိုက်နာ၊ ဆက်တိုက် အန်၊ ဖျားနေတုန်း ချွေးပြန်တယ်ဆိုရင် မကောင်းတဲ့ လက္ခဏာဘဲ။ တကိုယ်လုံး အေးစက်ပျော့ခွေပြီး ဂနာမငြိမ်ဖြစ်ရာကနေ သတိလက်လွတ်ရင် အရေးပေါ် အခြေအနေ Dengue Shock Syndrome (DSS) ဖြစ်သွားပါပြီ။ အသက်လုပြီး ကုရပါတော့မယ်။

သွေးအရည်တွေ အပြင်စိမ့်ထွက်လာလို့ အဆုတ်အိတ်ထဲ အရည်များတာ၊ ရေဖျဉ်းရှိတာ၊ သွေးထဲ ပရိုတင်း နည်းတာတွေ ရှိနိုင်တယ်။ သွေးလွန်တုပ်ကွေးဆိုတာ သေချာအောင် သွေးစစ်ရတယ်။ ရောဂါကို ဆန့်ကျင်တဲ့ဓါတ် (အင်တီဘော်ဒီ) တွေ့မယ်။ သွေးတိုင်းတဲ့ Tourniquest test နဲ့ စမ်းရင် Positive ဖြစ်မယ်။ Thrombocytopaemia သွေးမှုန်အရေအတွက် နည်းနေမယ်ဆိုရင် Platelets ကို သွင်းပေးရတယ်။ သွေးဆိုတာ အရည်နဲ့ အခဲ ရောနေတာပါ။ အခဲပိုင်းမှာ သွေးနီဥ၊ သွေးဖြူဥအပြင် သွေးမှုန်ဆိုပြီး သုံးမျိုးရှိပါတယ်။ ဒီကောင်တွေက အသေးဆုံး၊ ဒါပေမဲ့ သူရှိမှ လူ့သွေးဟာ ခဲနိုင်တယ်။ မခဲရင် သွေးယိုမယ်လေ။ သွေးဆိုတာ ရဲမှခဲမှ ကောင်းတယ်။

တခြား ဗိုင်းရပ်စ်ရောဂါတွေလိုဘဲ သွေးလွန်တုပ်ကွေးကို တိတိကျကျ ကုနည်း မရှိဘူး။ ကလေးတွေက လူကြီးလောက် မဆိုးဘူး။ ကံကောင်းသူများက ၁ ပတ် ကြာရင် ပျောက်မှာပါ။ အားယုတ်မယ်၊ စိတ်ဓါတ်ပါ ကျစေနိုင်တယ်။ ရေနဲ့ အရည် များများသောက်ပါ၊ အနားယူပါ။ ခြင်ထောင်နဲ့ အိပ်ရင် သူများကို မကူးစေဘူးပေါ့။ အန်နေရင်တော့ သွေးကြောထဲကနေ Drip သွင်းပေးရမှာပါ။ အဖျား အကိုက်အခဲ သက်သာအောင် ပါရာစီတမော ကလွဲရင် မပေးရ။ Asprin, Brufen မသောက်ရပါ။ အခုနောက်ပိုင်း သွေးလွန်တုပ်ကွေး ဆေးသစ်တွေ စပေါ်နေပါပြီ။ ကာကွယ်ဆေးတော့ မပေါ်သေးပါ။

ဆေးပညာရှင်များက လူပါးတွေမို့ သူတို့ သေသေချာချာ ကုပေးနိုင်တဲ့ရောဂါ မဟုတ်ရင် ကာကွယ်ပါ၊ မဖြစ်အောင် ဒီလို လုပ်ပါ၊ ဟိုလို လုပ်ပါဆိုပြီး ပြောကြတယ်။ HIV-AIDS တို့၊ အသားဝါရောဂါတို့ စသဖြင့်။ သွေးလွန်တုပ်ကွေးလဲ ပါတယ်။ ကျွန်တော်လဲ လူပါးဝလိုက်ဦးမယ်၊ မဖြစ်အောင်နေပါ၊ ဖြစ်ရင် ပြောတဲ့အတိုင်း လုပ်ပါ။ အနာဂတ် ခေါင်းဆောင်များ သွေးလွန်တုပ်ကွေး ကင်းဝေးပါမှ ကနေ့ လူကြီးတွေ မနိုင်သေးတာ မှန်သမျှကို အနိုင်ရကြပါလိမ့်မယ်။

No comments: