Tuesday, September 21, 2010

မဲဆောက်-မြ၀တီ နယ်စပ်ဂိတ်ကို ထိုင်းတပ်အရာရှိ စစ်ဆေး

ရဲရင့် / ၂၁ စက်တင်ဘာ ၂၀၁၀

မြန်မာဘက်မှပိတ်ထားသည့် မြ၀တီနယ်စပ်ဂိတ် ပြဿနာများသည် လာမည့် (၂) လခန့်တွင် ပြေလည်သွားမည်ဟု ထိုင်းတပ်မတော် စစ်ဦးစီးအရာရှိချုပ်က ပြောကြားသည်။

ထိုင်းတပ်မတော် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ရတ်ချကစ်ကမ်ကျန၀ပ်က မဲဆောက်ရှိ ထိုင်း-မြန်မာနယ်စပ် အခြေအနေများကို ယနေ့ လာရောက်ကြည့်ရှုစစ်ဆေးအပြီးတွင် ဒေသခံသတင်းထောက်များအား ပြောကြားခြင်းဖြစ်သည်။

၎င်းက “လက်ရှိဖြစ်ပေါ်နေတဲ့ မဲဆောက်-မြ၀တီ နယ်စပ်အခြေအနေတွေနဲ့ပတ်သက်ပြီး နှစ်ဘက်အစိုးရ ညှိနှိုင်းမှုတွေ ဆောင်ရွက်နေပါတယ်။ ဒီကိစ္စတွေ ဒီတလ နှစ်လအတွင်းမှာ ပြေလည်သွားမှာဖြစ်တယ်” ဟု ပြောသည်။

သောင်ရင်းမြစ်ကြောင်းမှာ အမြဲတမ်း ပြောင်းလဲစီးဆင်းနေသည့်အတွက် နယ်ခြား သောင်ရင်းမြစ်အတွင်း ထိုင်းဘက်မှ ကမ်းထိန်းနံရံ တည်ဆောက်ရခြင်း ဖြစ်သည်ဟုလည်း ထိုင်းဗိုလ်ချုပ်ကြီးက ပြောကြားသည်။

သောင်းရင်းမြစ်တွင် ထိုင်းဘက်မှ ကမ်းထိန်းနံရံတည်ဆောက်ခဲ့သည်ကို ကန့်ကွက်သည့်အနေဖြင့် မြန်မာဘက်က ထိုင်းကုန်ပစ္စည်းတင်သွင်းမှုကို ပြီးခဲ့သည့်ဇူလိုင် (၁၁) ရက်မှ စတင်ပိတ်ပင်ခဲ့ပြီး ဇူလိုင် (၁၈) ရက်မှ စတင်ကာ မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောရှိ ချစ်ကြည်ရေး တံတားအပါအ၀င် ဆက်စပ်ဂိတ် (၂၀) ခန့်ကို မြန်မာဘက်က ပိတ်ထားခဲ့သည်မှာ ယနေ့အထိဖြစ်သည်။

မြန်မာနိုင်ငံ မြ၀တီမြို့၌လည်း နယ်ခြားသောင်ရင်းမြစ်အတွင်း ကမ်းထိန်းနံရံများကို မြန်မာဘက်က ပြန်လည် တည်ဆောက်လျက်ရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းဘက်မှ ကန့်ကွက်မှုရှိမရှိ ဗိုလ်ချုပ်ကြီးကို သတင်းထောက်များက မေးမြန်းခဲ့ရာတွင် ထိုင်းမှ ကမ်းထိန်းနံရံ တည်ဆောက်မှုကို မြန်မာက ကန့်ကွက်သဖြင့် ရပ်နားခဲ့သော်လည်း မြန်မာဘက်တွင် ကမ်းထိန်းနံရံ တည်ဆောက်နေမှုကိုမူ ထိုင်းက ကန့်ကွက်နေသည့်ကြားမှ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေသည်မှာ ယနေ့အထိဖြစ်သည်ဟု ထိုင်းဗိုလ်ချုပ်ကြီးက ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မဲဆောက်တွင် ပြုလုပ်ရန်ရှိသည့် ထိုင်း-မြန်မာ အဆင့်မြင့်ခေါင်းဆောင်များ တက်ရောက်မည့် ဒေသဆိုင်ရာ နယ်ခြားကော်မတီ (RBC) အစည်းအဝေးသို့ ထိုင်းက ဖိတ်ကြားခဲ့သော်လည်း မြန်မာဘက်မှ လာရောက်ခဲ့ခြင်းမရှိဟုလည်း သိရသည်။

မြန်မာနိုင်ငံ မြ၀တီဘက်မှ နယ်စပ်ဂိတ်များ ပိတ်လိုက်သောကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောဖြစ်သည့် မဲဆောက်-မြ၀တီလမ်းကြောမှ ကုန်သွယ်မှု ရပ်တန့်ခဲ့သည်။

No comments: