Tuesday, September 28, 2010

မွန်သံဃာတပါးကို ထောင်ဒဏ် ၁၅ နှစ်ချ

မင်းနိုင်သူ

ရွှေဝါရောင် တော်လှန်ရေး ၃ နှစ်ပြည့်ချိန်တွင် မွန်သံဃာတော် တပါးကို အင်းစိန် အထူးတရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ် လိုက်ကြောင်း သိရသည်။

“အရှင်ဥက္ကံသကို ဒီနေ့ပဲ အီလက်ထရွန်းနစ်ပုဒ်မနဲ့ ထောင် ၁၀ နှစ်၊ ပုံနှိပ်မှုဆိုင်ရာပုဒ်မနဲ့ ထောင် ၄ နှစ်၊ ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅ (ခ) နဲ့က ၁ နှစ်၊ စုစုပေါင်းထောင်ဒဏ် ၁၅ နှစ် ချလိုက်တာပါ။ ဥပဒေကြောင်းအရ တရားလိုဘက်က တရားခံအပြစ်ရှိကြောင်း တိကျ ခိုင်မာတဲ့ အထောက်အထား မတင်ပြနိုင်ဘူးလို့ ပြောရမှာပါ” ဟု အရှင်ဥက္ကံသဘက်မှ ရှေ့နေလိုက်ပေးခဲ့သူ ဒေါ်ခင်ဌေးကြွယ်က ဧရာဝတီသို့ ပြောသည်။

အရှင်ဥက္ကံသကို ယခုနှစ် ဇန်န၀ါရီလ ၁ ရက်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့၌ အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းထားသော သံဃာတော်များအား အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရန် လိုအပ်ကြောင်း အိန္ဒိယနိုင်ငံရောက် မြန်မာသံဃာတော်များက ယမန်နေ့က ကျင်းပသော ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်ပြည့် အခမ်းအနားတွင် တောင်းဆိုလိုက်သည်။

“သံဃာ့မဟာနာယက အဖွဲ့ဆိုတာ သံဃာတွေအရေး၊ သာသနာ့အရေးအတွက် လုပ်ဆောင်ရမယ်။ ဒါပေမယ့် အခုအချိန်အထိ စစ်အစိုးရ အလိုကျပဲ ဆောင်ရွက်နေတော့ ပြည်တွင်းက သံဃာတွေဟာ ရှေ့က ရပ်တည်ပေးမယ့်သူ မရှိတော့ အားကိုးရာမဲ့ ဖြစ်နေတယ်။ လုံခြုံမှုမရရှိကြဘူး” ဟု သာသနာ့ဥသျှောင်အဖွဲ့ အိန္ဒိယ ဌာနခွဲ ဥက္ကဋ္ဌ ဦးပညာဇောတက မိန့်သည်။

၂၀၀၇ သြဂုတ်လအတွင်း လောင်စာဆီဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားများက လမ်းလျှောက်ဆန္ဒပြခဲ့ရာ ပါဝင်သူများကို အာဏာပိုင် များက ဖမ်းဆီးခဲ့သည်။ အဆိုပါ ဖမ်းဆီးလိုက်သူများကို ပြန်လွှတ်ပေးရန် စက်တင်ဘာ ၅ ရက်နေ့တွင် မကွေးတိုင်း ပခုက္ကူမြို့ရှိ သံဃာတော်များက စတင်၍ မေတ္တာပို့ကြွချီ တောင်းဆို ခဲ့သည်။

ထိုသံဃာတော်များကို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် ကြိုးတုပ်၍ ရိုက်နှက်ခဲ့သည်။ ထိုသို့ သံဃာတော် များအပေါ် ကျူးလွန်မှုများကို နိုင်ငံတဝန်းရှိ သံဃာထုက မကျေနပ်၍ သံဃာထု ကျေနပ်သည်အထိ အာဏာပိုင်များက ၀န်ချ တောင်းပန်ရန်နှင့် တောင်းပန်ခြင်း မပြုပါက စက်တင်ဘာ ၁၈ ရက်နေ့မှ စတင်၍ ပတ္တနိက္ကုဇ္ဇန ကံဆောင်မည်ဟု ကြေညာခဲ့သည်။

အာဏာပိုင်များက ၀န်ချတောင်းပန်ခြင်း မပြုခဲ့သောကြောင့် သံဃာတော်များ၏ မေတ္တာပို့ လမ်းလျှောက်ဆန္ဒပြမှုများ နိုင်ငံတဝန်း ရက်ဆက်ဖြစ်ပေါ်ခဲ့ပြီး တောင်ဥက္ကလာရှိ ငွေကြာယံကျောင်းတိုက်ကို စစ်တပ်က ၀င်စီးကာ သံဃာတော်များအား အဓမ္မ ရိုက်နှက် ဖမ်းဆီးမှု ပြုလုပ်ခဲ့သဖြင့် ရဟန်းရှင်လူ ပြည်သူအများ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

စက်တင်ဘာ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှတဆင့် စီတန်းကြွချီလာသော သံဃာများ၊ ပြည်သူများကို စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သည်။ စက်တင်ဘာ ၂၇ ရက်နေ့ ဆူးလေဘုရားအနီး ပစ်ခတ်မှုတွင်မူ ဂျပန် သတင်းထောက် ခန်ဂျီနာဂအိအပါအ၀င် ရဟန်းရှင်လူ ပြည်သူအများ သေဆုံး ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ထိုအတောအတွင်း ဖမ်းဆီးထိန်းသိမ်းခံရသည့် သံဃာတော်များ၊ သီလရှင်နှင့် ပြည်သူအမြောက်အမြား ရှိခဲ့ပြီး အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးလွတ်မြောက်လာသည့် သံဃာတော်များလည်း ရှိသည်။ ဦးဆောင် ဆရာတော်တပါးဖြစ်သည့် ဦးဂမ္ဘီရအပါအ၀င် သံဃာတော်များနှင့် တက်ကြွ လှုပ်ရှားသူတချို့မှာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းခံကြရသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP) ၏ စာရင်းများအရ နအဖစစ်အစိုးရက ထိန်းသိမ်းထားသော သံဃာတော် ၂၅၀ ကျော်နှင့် သီလရှင် ၇ ပါး ရှိနေဆဲဖြစ်သည်။

သံဃာ့လှုပ်ရှားမှု ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများကို ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဂျပန်နိုင်ငံရောက် မြန်မာ အင်အားစုများကလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဒေါ်ခင်အေးနေအိမ်၌ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအတွင်း ကျဆုံးခဲ့သော သံဃာတော်များကို ရည်စူးကာ သံဃာတော် ၅ ပါးကို အရုဏ်ဆွမ်း ကပ်လှူ ရေစက်ချ အမျှပေးဝေမှု ပြုခဲ့ရာ နိုင်ငံရေးလှုပ်ရှားသူ ၄၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments: