Tuesday, September 21, 2010

ရန်ကုန်မြို့တော်ဝန် မဲဆွယ်စည်းရုံးမှု တိုးမြှင့်

ဧရာဝတီ Tuesday, September 21, 2010

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အတွက် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် မဲဆွယ် စည်းရုံးမှုများကို တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းနှင့် ကြံ့ဖွံ့ပါတီဝင်များသည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် အင်းစိန်မြို့နယ် မီးရထား စက်ခေါင်းပြင် စက်ရုံဝင်းအနီးရှိ ဗဟိုသင်တန်းကျောင်းခန်းမ၌ မီးရထားဌာနမှ အရာရှိ ၀န်ထမ်းများ၊ မိသားစုများကို ခေါ်ယူ၍ ကြံ့ဖွံ့ပါတီကို မဲပေးကြရန် မဲဆွယ်စည်းရုံးမှု ပြုလုပ်သွားကြောင်း ၀န်ထမ်းများက ဆိုသည်။

“အင်းစိန်နဲ့ မင်္ဂလာဒုံက ၀င်ပြိုင်ကြမယ့် ကြံ့ဖွံ့ပါတီဝင် ၃ ယောက်နဲ့ မိတ်ဆက် ပေးတယ်။ ပြီးတော့ သူတို့ကိုပဲ အမှန်ခြစ်ပြီး မဲပေးဖို့၊ သူတို့တက်လာရင် အင်းစိန်မြို့နယ်ကို မည်သို့မည်ပုံ လုပ်ပေးမယ်ဆိုပြီး နာရီဝက်လောက် ပြောသွားတယ်” ဟု မီးရထား ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

မိတ်ဆက်ပေးသည့် ကြံ့ဖွံ့ပါတီဝင် ၃ ဦးမှာ ရန်ကုန်တိုင်း ပညာရေးမှူး ဦးနု၊ ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီအတွင်းရေးမှူး ဦးအေးမြင့်နှင့် ကရင်အမျိုးသားတဦးတို့ ဖြစ်ကြောင်း သိရသည်။

ဦးအောင်သိန်းလင်းသည် ကြံ့ဖွံ့ပါတီကိုယ်စားပြု၍ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက် ယှဉ်ပြိုင် အရွေးခံမည်ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တော် နေရာအများအပြားသို့ သွားရောက်ကာ ပြည်သူများနှင့် ၀န်ထမ်းများအား ကြံ့ဖွံ့ပါတီကို မဲပေးကြရန် ပြောဆိုစည်းရုံးနေကြောင်း ရန်ကုန်ဒေသခံများက ဆိုသည်။

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို အသုံးမပြုရဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း ၃၊ ပုဒ်မ ၁၂ (က-၅) တွင် ဖော်ပြထား သော်လည်း ကြံ့ဖွံ့ပါတီက ဥပဒေကို ချိုးဖောက်နေကြောင်း သိရသည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာတွင် ငွေကြေးပေး စည်းရုံးခြင်း၊ ပစ္စည်းဥစ္စာများ ပေးကမ်း၍ မက်လုံးပေး စည်းရုံးဟောပြော ခြင်းများ မလုပ်ရဟု ရွေးကောက်ပွဲ ဥပဒေက ဆိုထားသော်လည်း ကြံ့ဖွံ့ပါတီသည် လမ်းခင်းပေး၍ စည်းရုံးခြင်း၊ ချေးငွေများ ထုတ်ချေးခြင်း၊ တယ်လီဖုန်းများ ချပေးခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးခြင်း၊ သက်ကြီးရွယ်အိုများကို ထောက်ပံ့ငွေ ပေးခြင်း စသည့် နည်းလမ်းပေါင်းစုံ သုံး၍ စည်းရုံးရေး များလုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

“ပြောတုန်းကတော့ ကြံ့ဖွံ့ပါတီက လမ်းအခမဲ့ ခင်းပေးမယ်ဆိုပြီး မြို့နယ် ကြံ့ဖွံ့လူကြီးက လာပြောတယ်။ အဲဒီလို လမ်းအခမဲ့ ခင်းပေးတဲ့အတွက် မဲပေးတဲ့ အခါ ရွှေခြင်္သေ့ကိုပဲ မဲပေးရမယ်လို့ ပြောတယ်။ အခု လမ်းတောင် မပြီးသေးဘူး၊ လမ်းခင်းခ ဆိုပြီး တအိမ်ကို ပိုက်ဆံ ကျပ် ၅ သောင်းစီ မပေးမနေရဆိုပြီး လိုက်ကောက်နေပြီ” ဟု တောင်ဥက္ကလာပမြို့နယ်၊ ၄ ရပ်ကွက်နေ ရပ်ကွက်သားတဦးက ဧရာဝတီသို့ ပြောသည်။

တောင်ဥက္ကလာပမြို့နယ်၊ ၄ ရပ်ကွက်ရှိ လမ်းများကို မြို့တော်ဝန်၏ တာဝန်ပေးချက်အရ မြို့နယ်အဆင့် စည်းရုံးရေးမှူးများက စက်တင်ဘာ လဆန်းပိုင်းတွင် လာရောက်၍ လမ်းများအခမဲ့ ခင်းပေးမည်ဟု ပြော၍ ဒေသခံများက လက်ခံခဲ့ကြကြောင်း၊ ထိုသို့ပြောဆိုပြီး နောက်ရက်တွင် လမ်းခင်းရန် ပြင်ဆင်မှုများစတင်၍ ကြံ့ဖွံ့ပါတီမှ ပြည်သူများအတွက် အခမဲ့ခင်းပေးသော လမ်းဖြစ်သည်ဟု ချက်ချင်း ဆိုင်းဘုတ်တင်ကြောင်း ဒေသခံများက ဆိုသည်။



ယခုအခါ လမ်းအများစုမှာ အကြမ်းထည် ခင်းပြီးနေပြီဖြစ်ပြီး မျက်နှာစာ အကျယ် ပေ ၂၀ တအိမ်လျှင် ကျပ်ငွေ ၅ သောင်း၊ ၁၀ ပေ တအိမ်လျှင် ၃ သောင်းကျပ် ကောက်ခံနေသည့် အပြင် လမ်းခင်းပေးနေ သူများကိုလည်း အလှည့်ကျစနစ်ဖြင့် ထမင်းကျွေးရ သေးကြောင်း သိရသည်။

“ကြံ့ဖွံ့ပါတီက ဘာပဲ လုပ်ပေး လုပ်ပေး သူတို့ကို ဘယ်သူကမှ မထောက်ခံဘူးလေ။ မဲလည်း မပေးချင်ကြဘူး။ ဒါပေမယ့် သူတို့က အာဏာသုံးပြီး အနိုင်ရအောင် မဲတွေလိမ်ယူမယ် ဆိုတာလည်း လူတိုင်းကသိတယ်” ဟု ရန်ကုန်မြိုခံ တဦးက ဆိုသည်။

ဦးအောင်သိန်းလင်းသည် ရွေးကောက်ပွဲ မဲဆွယ်သည့်အနေဖြင့် ရန်ကုန်တတိုင်းလုံးရှိ လမ်းအများအပြားကို အမြန်ပြီး စနစ်ဖြင့် ခင်းပေးနေကြောင်း၊ ကြံ့ဖွံ့ပါတီအနေဖြင့် လယ်သမားများအတွက်လည်း ကျပ်ငွေ သိန်းပေါင်း ၈ သောင်းကျော်ကို အတိုးနှုန်း တကျပ်ခွဲဖြင့် ချေးပေးထားကြောင်း ပြည်တွင်းထုတ် ဂျာနယ်များတွင် ရေးသားထားသည်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည်လည်း ယခု ရက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ ရုပ်ရှင် အစည်းအရုံးဝင်များ၊ သတင်းနှင့် စာနယ်ဇင်းမှ ၀န်ထမ်းများထံ သွားရောက် စည်းရုံးနေကြောင်း အစိုးရပိုင် သတင်းစာများ ဖော်ပြချက်အရ သိရသည်။

ကြံ့ဖွံ့ပါတီဝင် ၀န်ကြီးများသည် ရွေးကောက်ပွဲ၌ အနိုင်ရရေးအတွက် နည်းလမ်းစုံ ဖြင့်စည်းရုံးနေသည့်အပြင် ကြံ့ဖွံ့ပါတီ ခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန်ကလည်း အစိုးရ ၀န်ထမ်းအားလုံးကို ကြံ့ဖွံ့ပါတီအား မဲထည့်ရမည်ဟု ညွှန်ကြားထားကြောင်း ၀န်ထမ်းများက ပြောသည်။

စစ်အစိုးရက ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပေးမည်ဟု ကြေညာထားသည်။

ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၃၇ ပါတီ ရှိပြီး ၃၄ ပါတီမှာ ၎င်းတို့၏ ပါတီဝင်အင်အား စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားပြီး ဖြစ်ကြောင်း သတင်းစာများတွင် ဖော်ပြထားသည်။

ဧရာဝတီသတင်းထောက် ခင်ဦးသာနှင့် နယူးဒေလီအခြေစိုက် ဧရာဝတီသတင်းထောက် ဇာနည်မာန်တို့ ပူးပေါင်းရေးသားသည်။

No comments: