Tuesday, December 21, 2010

သုံးဆူ ထိုင်းနယ်စပ်ဂိတ် အချိန်နှင့်ဖွင့်၊ ထိုင်းလူမျိုးသာ သွားများ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

ထိုင်းမြန်မာ နယ်ခြားကော်မတီမှ နယ်စပ်ဂိတ်ဖွင့်ရန် တောင်းဆိုပြီးနောက်ပိုင်းတွင် မြန်မာအာဏာပိုင်တို့မှ အချိန်ပိုင်းနှင့်သာ ဖွင့်ပေးခဲ့သော်လည်း ထိုင်းလူမျိုးများသာ ဖြတ်သန်းသွားလာများသည်။
“ထိုင်းလူမျိုးတွေပဲ အခုအချိန်ပိုင်းနဲ့ဖွင့်ထားတဲ့ ဂိတ်ကနေ ဖြတ်ကြတာများတယ်။ သုံးဆူကားတွေဆိုရင် တစ်စီးကို ဘတ်ငွေ ၁၀၀ အနည်းဆုံးပေးရတယ်။ အဲဒီတော့ သုံးဆူဒေသခံတွေက မဖြတ်ကြဘူး။ ထိုင်းတွေပဲ ဖြတ်ကြတယ်” ဟု သုံးဆူစီးပွားရေးသမားတစ်ဦးက ပြောသည်။

၎င်းဂိတ်မှာ တစ်နေ့လျှင် ၄ ကြိမ် (နံနက် ၆ နာရီ၊ နံနက် ၁၀ နာရီ၊ မွန်းလွှဲ ၃ နာရီနှင့် ညနေ ၆ နာရီ) ဖွင့်ပြီး ကျန်သည့်အချိန်များတွင် ၄င်းဂိတ်ကိုစောင့်သည့် မြန်မာအာဏာပိုင်မှ စစ်တပ်နှင့် လဝကတို့က ပိတ်ထားသည်ဟု ၄င်းစီးပွားရေးသမားက ပြောသည်။

“ဒေသခံတွေက ဖြတ်သွားရင် ပိုက်ဆံပေးရတော့ အဲဒီဂိတ်ကို မသုံးချင်ကြဘူး။ တခြားဖြတ်လမ်းကိုပဲ သုံးကြတယ်” ဟု သုံးဆူဒေသခံတစ်ဦးက ပြောသည်။

ထိုဂိတ်ကိုဖြတ်သန်းသွားလာသူတို့၏အဆိုအရ ယခုဖွင့်ထားသော နယ်စပ်ဂိတ်မှ ဖြတ်သန်းသွားလာသည့်ယာဉ်များအား အခွန်တိုးကောက်သည်ဟု ဖြတ်သန်းသွားသည့် ဒေသခံတို့က ပြောသည်။ “အခု ကားတစ်စီးကို ထိုင်းဘတ် ၃၀၀ လောက်ပေးရတယ်။ အရင်တုန်းက ဘေးကဖြတ်လမ်းကသွားရင် ၁၀၀ လောက်ပဲ ပေးရတယ်“။

၎င်းနယ်စပ်ဂိတ်ဖွင့်သည့်အချိန်သာ ဖြတ်သန်းခွင့်ရသည့်အတွက် ဒေသခံများနှင့် ခရီးသွားများမှာ ဂိတ်ဖွင့်ချိန်ကို စောင့်ကြရသည်ဟု အထက်ပါ စီးပွားရေးသမားက ပြောသည်။

၎င်းနယ်စပ်ဖြတ်ဂိတ်မှာ ထိုင်းအစိုးရမှ ဒီဇင်ဘာ ၅ ရက်နေ့တွင်ကျရောက်သည့် ထိုင်းဘုရင်မွေးနေ့၌ ခရီးသွားများလည်ပတ်သွားလာရန်အတွက် မြန်မာအစိုးရအား တောင်းဆိုခဲ့ပြီး ဒီဇင်ဘာ ၆ ရက်နေ့တွင် သုံးဆူအခြေစိုက် ဗျူဟာမှူးမှ နားလည်မှုဖြင့် ဖွင့်လှစ်ပေးခဲ့သည်။

ထိုင်းနှင့် မြန်မာအာဏာပိုင်တို့မှ နယ်စပ်ဂိတ်မဖွင့်ချိန်တွင် ထိုင်းခရီးသွားများသည် ထိုင်း ရှမ်းကုန်းရှိ ဈေးမလျှိုပေါက်မှတဆင့် သုံးဆူမြို့သို့ ဝင်ရောက်လည်ပတ်ကြသည်။

ယခုနယ်စပ်ဂိတ်ပြန်လည် ဖွင့်သည်မှာ ယာယီဖွင့်ခြင်းလာ သို့မဟုတ် အမြဲဖွင့်ခြင်းလာဆိုသည်မှာ မသေချာကြောင်း သုံးဆူစီးပွားရေးသမားတို့က ပြောသည်။

သို့သော် ထိုင်းနှင့် ကုန်သွယ်နိုင်ရန်အတွက် မြိတ်၊ မောတောင်၊ ဘုရားသုံးဆူ၊ ထားဝယ်၊ နတ်အိမ်တောင်၊ အိန္ဒိယနှင့် ပလက်ဝ (ရှုလက်ဝ) တို့ပါဝင်ပြီး တရုတ်နှင့် ပန်ဝါ စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်မည့်အကြောင်းကို ရန်ကုန်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဇော်မင်းက ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်ကို ကိုးကား၍ သည်ရန်ကုန်တိုင်းမ်တွင် ဖော်ပြထားသည်။

No comments: