Friday, January 7, 2011

ကြံ့ဖွံ့က ပါတီဝင်လျင် လမ်းခင်းမည်ဟု ဆို

ဧရာဝတီ Friday, 07 January 2011

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ရပ်ကွက်များတွင် လူငယ် ပါတီဝင် ရရှိရေးအတွက် လမ်းခင်းပေးမည်ဟု ဆိုကာ စည်းရုံးလျက် ရှိကြောင်း သိရှိရသည်။

ကြံ့ဖွံ့ပါတီသည် အဆိုပါရပ်ကွက်များတွင် အခြေခံ အထက်တန်းအောင်ပြီး လူငယ်များနှင့် ဘွဲ့ရ လူငယ်များအား ပါတီဝင်ရမည်၊ ပါတီဝင်မှ လမ်းခင်းပေးမည်ဟု ဆိုကာ တအိမ်တက်ဆင်း ပါတီဝင် ဖောင်များအား ဖြည့်စွက်ခိုင်းလျက်ရှိကြောင်း ရပ်ကွက်တွင်း နေ သူ များက ပြောသည်။

“လမ်းတလမ်းကို အနည်းဆုံးပညာတတ်လူငယ် ၁၀ ဦးက ပါတီဝင်ပေးရတယ်၊ ပါတီဝင်ပေးမှ လမ်းခင်းပေးမယ်ဆိုလို့ ရပ်ကွက် ထဲ က လူငယ်တွေကို မနည်းစည်းရုံးပြီး ၀င်ခိုင်းလိုက်ရတယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်း ၄၄ ရပ်ကွက်မှ လမ်းလူကြီး တဦးက ပြောသည်။
အဆိုပါ ရပ်ကွက်များရှိ လမ်းလူကြီးများအား ကြံ့ဖွံ့ပါတီမှ နေ၍ ဒီဇင်ဘာလဝက်ခန့်မှစတင်ကာ စာရင်းကောက်ယူခိုင်းခဲ့ပြီး ဇန်န၀ါရီလ ၂ ရက်နေ့မှစ၍ လူငယ်များအား ပါတီဝင် ဖောင်ဖြည့်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ဒဂုံမြောက်ပိုင်း ၄၅၊ ၄၆၊ ၄၂၊ ၄၄၊ ၄၉ ရပ်ကွက်များနှင့် ဒဂုံတောင်ပိုင်းရှိ ၁၄၊၂၂၊ ၁၅ ရပ်ကွက်များတွင် ပါတီဝင် ဖောင်များ ကို လိုက်လံဖြည့်ခိုင်းနေကြောင်း ဒေသခံ ကျောင်းသား လူငယ်များက ပြောဆိုသည်။

“ကျနော်တို့ကို ရပ်မိရပ်ဘ တွေက စာရင်းလာကောက်တယ်၊ ပြီးမှ ကြံ့ဖွံ့တွေက ဖောင်တွေလိုက်ဖြည့်ခိုင်းတယ်၊ သူတို့ ဖောင်တွေ ကြည့်တော့မှ ပါတီဝင်ဖောင်တွေ ဖြစ်နေမှန်းသိရတယ်၊ မလှိမ့်တပတ်နဲ့ ပါတီဝင်ခိုင်းတဲ့ ပုံဆန်မျိုးပေါ့၊ မ၀င်ချင်ကြပေမယ့် လမ်းတွေက အရမ်းဆိုးနေတော့ လမ်းခင်းမှ အဆင်ပြေမှာဆိုပြီး လူကြီးတွေက ဇွတ်ဝင်ခိုင်းကြတယ်”ဟု ဒဂုံမြို့သစ် မြောက်ပိုင်း ၄၉ ရပ်ကွက် အတွင်းရှိ ဒဂုံတက္ကသိုလ်ကျောင်းသား တဦးက ပြောသည်။

အဆိုပါ ရန်ကုန်ဒဂုံမြို့သစ်မြောက်ပိုင်းနှင့်တောင်ပိုင်းဒေသတွင်း ရပ်ကွက်များရှိလမ်းများမှာ မြေညီလမ်းများဖြစ်ပြီး မိုးတွင်း ကာလ တလျှောက်လုံး သွားရေးလာရေး အခက်အခဲ ဖြစ်ကြရကြောင်း၊ ယခုလို ကြံ့ခိုင်ရေးပါတီမှ ကွန်ကရစ်လမ်းခင်းပေးမည်ဟု ပြောဆို ခြင်း အပေါ်တွင် ရပ်မိရပ်ဘများမှာ လူငယ်များအား ပါတီဝင်ရန် တိုက်တွန်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူတို့ကဖောင်ကိုဖြည့်ခိုင်းပြီး ချက်ချင်း ယူသွားကြတာပဲ၊ လမ်းခင်း ပေးမပေးတော့မသိဘူး၊ လမ်းထဲက ပညာတတ်လူငယ် ၁၀ ယောက် ကတော့ သူတို့ပါတီဝင်ဖြစ်သွားတယ်”ဟု ဒဂြုံမို့သစ်တောင်ပိုင်း ၁၄ ရပ်ကွက်မှ လူငယ်တဦးက ဆိုသည်။

လူငယ်အများစုက ကြံ့ဖွံ့ပါတီ သို့ မ၀င်လိုကြသော်လည်း ရပ်မိရပ်ဘများ ၏ တိုက်တွန်း ပြောဆိုချက်များ နှင့် ဖိအားများကြောင့် တလမ်းလျှင် လူငယ်၁၀ ဦးနှုန်းဖြင့် ပါတီဝင် ဖောင်ဖြည့်စွက်ခဲ့ရကြောင်း၊ ယင်းရပ်ကွက်တခုလျှင် လူဦးရေ ၁ သောင်း ခန့်ထိရှိပြီး အဆိုပါမြို့နယ်၂ ခုပေါင်းတွင် ရပ်ကွက်ပေါင်း ၁၅၀ ကျော် ရှိကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းတဦး က ပြောပြသည်။

ကြံ့ဖွံ့ပါတီ၏ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားပြီး ဖြစ်သည့် မြို့တော်ဝန် ဦးအောင်သိန်းလင်းက ရန်ကုန်မြို့တော်၏ လမ်းပေါင်း ၄၀၀၀ ကျော်ကို ကွန်ကရစ်လမ်းများအဖြစ် ခင်းကျင်းပေးမည်ဟု ရွေးကောက်ပွဲ မတိုင်မီက ပြည်တွင်း သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ အပြောနှင့် အလုပ် မညီ ဖြစ်နေသည်ဟု သတင်းသမားများက ပြောဆိုနေကြသည်။

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ မတိုင်မီက ရန်ကုန်မြို့အတွင်း ပန်းပဲတန်း မြို့နယ် အပါအ၀င် နေရာများစွာ၌ တခြမ်းတည်းသာ ခင်းထားသော လမ်းများကိုလည်း အပြည့် မခင်းပေးသည့်အတွက် ကားအ၀င်အထွက် အပါအ၀င် ဒေသခံများ သွားရေးလာရေး အခက်အခဲ ဖြစ်ရကြောင်း သိရသည်။

သန်လျင်မြို့နယ်ရှိ ရေနံချက်စက်ရုံ ဝန်ထမ်းရပ်ကွက်တွင် ကွန်ကရစ်လမ်း ခင်းလက်စရှိနေရာ အဆိုပါ ဝန်ထမ်း မိသားစု အများစုက ကြံ့ဖွံ့ပါတီကို မဲမထည့်ဘဲ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီကို မဲပေးခဲ့ ကြသောကြောင့် ရွေးကောက်ပွဲပြီး နောက်တနေ့တွင် ခင်းလက်စလမ်းကို ဆက်မခင်းတော့ဘဲ လမ်းကြိတ်စက်များနှင့် လမ်းခင်း ပစ္စည်းများကို လာရောက် သိမ်းဆည်း သွားကြောင်းလည်း သံလျင်မြို့ခံများက ပြောဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ရန်ကုန်အပါအ၀င် တနိုင်ငံလုံး အတိုင်းအတာဖြင့် ကွန်ကရစ်လမ်း ခင်းပေးခြင်း၊ ရေတွင်း ရေ ကန် တူးဖော်ပေးခြင်း၊ ဈေးသည်များနှင့် တောင်သူများကို အတိုးနှုန်း အနည်းငယ်ဖြင့် ငွေချေးခြင်း၊ မျက်စိဝေဒနာရှင်များအား ဆေး ကုသပေးပြီး မျက်မှန်များ အလကား ပေးဝေခြင်းတို့ကို ကြံ့ဖွံ့ပါတီက လုပ်ဆောင် ခဲ့သော်လည်း ယခုအခါ ထိုကဲ့သို့သော လူမှုရေး လုပ်ငန်းများကို ဆက်လက် မလုပ်ဆောင်တော့ဘဲ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အနယ်နယ် အရပ်ရပ်မှ ဒေသခံများ၏ ပြောဆိုမှုများလည်း ရှိနေသည်။

စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် ကြံ့ဖွံ့ပါတီသည် ပြည်သူများက ရွေးကောက်ပွဲ၌ ၎င်းတို့ပါတီအား ယုံကြည်အားကိုး စွာ ထောက်ခံမဲ ပေးခဲ့ကြ၍ လွှတ်တော်သုံးရပ်၏ မဲဆန္ဒနယ် ၁၁၅၄ နေရာတွင် ၈၈၂ နေရာ အနိုင်ရခဲ့ကြောင်း ထုတ်ပြန် ကြေညာ ထားသည်။

No comments: