Thursday, January 13, 2011

စားသောက်ကုန်ဈေးမြင့်မှုကြောင့် နယ်စပ်ပြည်သူများ ဒုက္ခဖြစ်

မင်းတော်လ၀ီ

ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ပြည်တွင်းစားကုန်များကို မှီခိုအားထားနေကြသည့် နယ်စပ်ပြည်သူများ စားဝတ်နေရေး ပိုကျပ်တည်းလာသည်ဟု နယ်စပ်ဒေသနေသူများက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းပိတ်ထားခြင်း ကရပ်တပ်များကို စစ်အစိုးရတပ်တို့က ထိုးစစ်ဆင်နေခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်ထားရကာ ကုန်ပြတ်လပ်နေခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်နေသည်ဟု ဘုရားသုံးဆူမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

ဘုရားသုံးဆူဒေသခံများသည် ထိုင်းစားသောက်ကုန်များထက် ဈေးသက်သာသည့် ပြည်တွင်းမှ စားသောက်ကုန်များကို ပိုမိုမှီခိုအားထားနေကြသည်ဟု ၄င်းကုန်သည်က ပြောသည်။

“အဓိကစားကုန် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြု ၊ ငပိ၊ ငြုပ်သီးနဲ့ အချိုမှုန့်တွေဆို အားလုံးဈေးတက်တယ်။ ကြက်သွန်နဲ့ဆီဆိုရင် ဒီဇင်ဘာလကတည်းက အခုထိ ဈေးတစ်ဆမြင့်သွားပြီ စားအုန်းဆီက ၃၀ ဘတ်ကနေ ၅၅ ဘတ်၊ ကြက်သွန်က ၂၅ ကနေ ၅၅ ဘတ်ဖြစ်သွားပြီ” ဟု ၄င်းကုန်သည်က ပြောသည်။

ဘုရားသုံးဆူ-သံဖြုဇရပ်ကားလမ်းကို နိုဝင်ဘာလတွင် မြန်မာစစ်တပ်နှင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်အစိုးရတပ်နှင့် ကရင်တပ်တို့အကြား ပြေလည်မှုမရှိသည့်အတွက် ယနေ့အချိန်အထိ လမ်းခရီးပိတ်ပင်ထားခဲ့သည်။

ပြည်တွင်းမှ နယ်စပ်သို့ ဆန်တင်ပို့မှုများ ရပ်တန့်ထားရပြီးနောက် နယ်စပ်ဒေသခံများ မြန်မာဆန်ထက် ဈေးကြီးသည့် ထိုင်းမှ ဝင်လာသည့်ဆန်များ ဝယ်ယူစားသုံးရန် နေ့စားအလုပ်သမားများအတွက် ပိုပြီး အခက်အခဲဖြစ်စေသည်။

“ဆီ၊ အချိုမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြုနဲ့ တခြားစားကုန်တွေ ဈေးတအားမြင့်နေတော့ မုန့်ဟင်းခါးတောင် ရောင်းမကောင်းတော့ဘူး၊ ကိုယ့်ဖို့မကျန်ဘူး၊ ဖောက်သည်တွေကို ဈေးတင်ကလည်းမဖြစ်၊ အလုပ်လက်မဲ့ ဖြစ်မသွားအောင် ဆက်လုပ်နေရတယ်” ဟု ဘုရားသုံးဆူ မြို့ရှိဈေးတွင် မုန့်ဟင်းခါးရောင်းနေသူတစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့ရှိဒေသခံများ စက်ရုံ အလုပ်ရုံများတွင် အလုပ်လုပ်ရက် ရနည်းမှု၊ လုပ်ငန်းပြတ်လပ်မှုနှင့် တချို့ စက်ရုံ သစ်လုပ်ငန်းများ ပိတ်ထားလိုက်ခြင်းကြောင့် နေ့စားအလုပ်သမားများအတွက် အလုပ်အကိုင်မရှိ၍ စားဝတ်နေရေး အခက်အခဲနှင့် ကြုံတွေ့ကြရသည်။

“ဒီကုန်ဈေးနှုန်းတက်နေပုံမျိုးနဲ့ အလုပ်အကိုင်ပြတ်နေပုံနဲ့၊ နောက် နယ်စပ်တစ်လျှေက်မှာ တဘက်နဲ့တဘက် စစ်ရေးတင်းမာနေတဲ့အခြအနေတွေဟာ သင်္ကြန်မတိုင်ခင်မှာပဲ ဒေသအခြေအနေ အဆိုးဆုံးကို ရောက်ရှိ သွားနိုင်မယ်” ဟု နယ်စပ်ရှိ နိုင်ငံရေးလေ့လာသုံးသပ်တစ်ဦးက သုံးသပ်သွားသည်။

မြန်မာနိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသာမက ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများပါ ဈေးမြင့်တက်နေသည့်အတွက် ၄င်းအကျိုးဆက်ကြောင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုမရှိခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုဖြစ်လာလျှင် နယ်စပ်ပြည်သူများ အခက်အခဲနှင့် ပိုကြုံတွေ့လာနိုင်မည်ဟု ၄င်းက ပြောသည်။

No comments: