Tuesday, January 4, 2011

နေပြည်တော် စားသောက်ဆိုင်များ ည ၉ နာရီပိတ်ရန်အမိန့်ထုတ်

စည်သူ Tuesday, 04 January 2011

နေပြည်တော်ခရိုင်ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အပါအ၀င် ဆိုင်များကို ည ၉ နာရီပိတ်ရန် အမိန့် ထုတ်ပြန်ထားကြောင်း ဒေသခံ အာဏာပိုင်များက ပြောသည်။

အဆိုပါ ဒေသန္တရ အမိန့်ကို နေပြည်တော်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထုန်ပြန်ခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁ ရက်နေ့မှ စတင်ကာ အကျိုးသက်ရောက်ခဲ့ကြောင်း သိရသည်။

“ဇန်န၀ါရီ ၁ ရက်နေ့ကစပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်ပါမကျန် ည ၉ နာရီ ပိတ်ရမယ်။ ဇန်န၀ါရီ ၄ ရက်နေ့ကတော့ ည ၆ နာရီပိတ်ရမယ်” ဟု သတင်းတပ်ဖွဲ့ (ပျဉ်းမနား) မှ အရာရှိ တဦးက ပြောသည်။

ထိုကဲ့သို့ သတ်မှတ်ချိန် ကျော်လွန်ရောင်းချသည့် ဆိုင်များကို လိုင်စင် ပိတ်သိမ်းသည်အထိ အရေး ယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုကဲ့သို့ ဆိုင်များကို အချိန် သတ်မှတ် ပိတ်ခိုင်းခြင်းကို ယမန်နှစ် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ အပြီးတွင်လည်း ထုတ်ပြန်ခဲ့သေးကြောင်း သိရသည်။

“ရွေးကောက်ပွဲတုန်းကတော့ လုံခြုံရေး အကြောင်းပြချက်ကြောင့်ပါ။ အခု ပိတ်ခိုင်းတာက ဘာကြောင့် ဆိုတာ မသိပါဘူး။လွတ်လပ်ရေးနေ့မှာတော့ ဒီလိုလုပ်ခဲပါတယ်” ဟု ယင်းက သတင်းတပ်ဖွဲ့ အရာရှိက ဆိုသည်။

ယမန်နှစ် နိုဝင်ဘာလက ယခုကဲ့သို့ ဆိုင်ခန်းများ ပိတ်ခိုင်းစဉ် သတ်မှတ်ချိန်အမီ မပိတ်သည့် လက်ဖက်ရည်ဆိုင် တဆိုင်အား အရေးယူခဲ့ကြောင်း ပျဉ်းမနား အခြေစိုက် ရယက တဦးက ပြောသည်။

“နိုဝင်ဘာ ၆ ရက်နေ့က ည ၆ နာရီ ပိတ်ခိုင်းတာကို နောက်ကျတဲ့ ပေါင်းလောင်း အားကစားရုံ ရှေ့က ရာစုသစ် လက်ဖက်ရည် ဆိုင်ကို ပိတ်သိမ်းတဲ့အထိ အရေးယူခဲ့ပါတယ်” ဟု သူက ဆိုသည်။

ယင်း ရာစုသစ် လက်ဖက်ရည်ဆိုင်သည် ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ပျဉ်းမနားလာစဉ်က မိန့်ခွန်း ပြောခဲ့သည့် ဆိုင်ဖြစ်သည့်အတွက် အာဏာပိုင်များက အငြိုးဖြင့် ပိတ်ခိုင်းခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောကြသည်။

No comments: