Wednesday, January 5, 2011

မူစယ် ဈေးလယ်ခေါင်မှာ စည်ပင်အရာရှိကြီးက လက်အောက်ဝန်ထမ်းများကို ဆဲဆို ထိုးကြိတ်

သျှမ်းသံတော်ဆင့်

မူစယ်မြို့နယ် စည်ပင်အရာရှိဖြစ်သူ ဗိုလ်ကြီးဋ္ဌေးဝင်းက ဈေးခေါင်းနှင့်စည်ပင်ဦးစီးအရာရှိ နှစ်ဦးအား ရိုင်းပြစွာဆဲဆို ကြိမ်း မောင်း၍ ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့သည့် ဖြစ်ရပ် ယခုလ ၂ ရက်နေ့ ညနေ ၃ နာရီခန့်က မူစယ်ဈေးအတွင်း ဖြစ်ပွားခဲ့သည်။

ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် မူစယ်မြို့၌ လာရောက်ဖြေဖျော်မည့် အဆိုတော်အာဇာနည်၏ စတိတ်ရှိုးဆိုင်းဘုတ်ကို ဈေး အတွင်းချိတ်သည့် ကိစ္စနှင့် ပတ်သက်၍ စည်ပင်အရာရှိက လက်အောက်ဝန်ထမ်းများဖြစ်သည့် ဈေးခေါင်းနှင့် ဦးစီးအရာရှိ ကို ဆဲဆိုထိုးကြိတ်ခဲ့ခြင်း ဖြစ်ကြောင်း စည်ပင်ဝန်ထမ်းအသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အဆိုတော် အာဇာနည် ၊ အေသင်ချိုရွေ စတဲ့အဆိုတော်တွေ စတိတ်ရှိုး ဆိုင်းဘုတ်ထောင်တဲ့ ကိစ္စဗျ ရုံးမှာ စာတင်ပြီးပါပြီ ဆိုင်ဘုတ်တတ်ဆင်ခွင့်ကျပြီးသားပါ အဲဒီဗိုလ်ကြီးရဲ့ မှတ်ချက်ကျပြီးသားပါ အဲဒီကိုသူအရက်မူးလာပြီး တော့ ဦးစီးအရာရှိနဲ့ ဈေးခေါင်းကို ခေါ်ပြီးထိုးကြိတ်တာပေါ့နော်” ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

အဆိုပါ စည်ပင်အရာရှိ၏ လုပ်ရပ်ကြောင့် တစ်ဈေးလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပြီး ဈေးပတ်ဝန်းကျင်မှ လူအများ လာရောက် ကြည့်ရှုကြသဖြင့် ယာဉ်ကြောပိတ်ဆို့သည် အထိ ဖြစ်ခဲ့ရကြောင်း ဈေးသည် တစ်ဦးကလည်း ပြောသည်။

“ညဈေးခင်းတဲ့အချိန် လူရှုပ်နေတဲ့အချိန်ဆိုတော့ လူတွေက တအားဝိုင်းကြည့်နေတာပေါ့ ဗိုလ်ကြီးကလည်း အသံက တော်တော်စွာတယ်ဗျ တအားအော်ဟစ် ဆဲဆိုနေတာဆိုတော့ မိုက်မိုက်ရိုင်းရိုင်း မကြားဝံ့မနာသာ ပေါ့နော် သူတို့ရုံးခန်းမှာ ဖြေရှင်းလို့ရတဲ့ဟာကို ဈေးလည်ခေါင်မှာဖြေရှင်းတော့ လူတွေကပိတ်ပြီး ယာဉ်ကြောတောင် ပိတ်သွားတယ်” ဟု ဈေး သည်က ဆိုသည်။

ဖြစ်ပွားပုံကို စောစောက စည်ပင်နှင့်နီးစပ်သူတစ်ဦးက ဆက်ပြောရာတွင် “ ဆိုင်းဘုတ်ကို ဈေးမှာ မချိတ်ရဘူးလို့ ဗိုလ်ကြီး က ပထမတစ်ခေါက်ပြောတော့ ဆိုင်းဘုတ်ကို ဈေးခေါင်းက ဖြုတ်ချလိုက်တယ် နောက်တစ်ရက်ကျတော့ ဦးစီးအရာရှိက သူဗိုလ်ကြီးကို ပြောပြီးပြီ ဆိုင်းဘုတ်ချိတ်လို့ရပြီ ဆိုတော့ ဈေးခေါင်းက ပြန်ချိတ်ပေးပါတယ် အဲဒါကို အရက်မူးလာတဲ့ အခါကျတော့ ဖြုတ်ချခိုင်းတာကို တတ်ရကောင်းလားဆိုပြီး ဦးစီးနဲ့ ဈေးခေါင်းကို ဆဲဆိုထိုးကြိတ်တာ ” ဟု ပြောသည်။

စစ်ဘက်အရာရှိများကို အရပ်ဘက်အုပ်ချုပ်ရေးဋ္ဌာနသို့ ပြောင်းရွေ့နေရာ ချထားမှုများ ပြုလုပ်လျှက်ရှိရာ အဆိုပါ စစ်ဘက်အရာရှိများသည် အရပ်ဘက်ဝန်ထမ်းများအပေါ် အနိုင်ကျင့်မှုများရှိနေကြောင်း သိရသည်။

No comments: