Wednesday, January 5, 2011

မဲရုံမူးများ မဲမသမာလုပ်သည်ဟု စွပ်စွဲခြင်းမှာ မိမိနှင့် မသက်ဆိုင်ကြောင်း ရတပ ဦးလှမောင်သိန်းပြော

ရခိုင်ပြည်နယ် ရသေ့တောင် အမှတ် ၁ မဲဆန္ဒနယ်မြေမှ ပြည်နယ် လွှတ်တော် နေရာတွင် အနိုင်ရသူ ရတပ ပါတီမှ ကိုယ်စားလှယ် ဦးလှမောင်သိန်းက ရွေးကောက်ပွဲတွင် မဲရုံမှူးများ မဲမသမာ လုပ်မူမှာ သူနှင့် တစုံတရာ မသက်ဆိုင်ကြောင်း ထုတ်ဖေါ် ပြောကြားလိုက်သည်။

ဦးလှမောင်သိန်းအား ကြံ့ခိုင်ရေး ပါတီမှ ဦးသိန်းမောင်က မဲမသမာမူများရှိသည်ဆိုကာ အနိုင်ရစာရင်းမှ ပယ်ဖျက်ပေးရန် ရွေးကောက်ပွဲ ကော်မရှင်အား တိုင်ကြားထားရာ အဆိုပါ တိုင်ကြားစာထဲတွင် ရသေ့တောင် အမှတ် ၁ မဲဆန္ဒနယ်မြေတွင် မဲရုံမှူး တချို့မဲမသမာမူများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲ ဖေါ်ပြထားသည်။

“ ကျွန်တော်က အဲဒီမဲရုံမှူးတွေကို ခန့်ထားတာ မဟုတ်ဘူး။ ခန့်ထားတာက ရွေးကောက်ပွဲ ကော်မရှင်က ခန့်ထားတာ ဖြစ်ပါတယ်။ အခု သူတို့ မဲရုံမှူးတွေ မဲသမာမူတွေ လုပ်တယ်ဆိုပြီး ကျွန်တော်ကို တိုင်ကြားစာထဲမှာ ပါတဲ့ အတွက် ရွေးကောက်ပွဲ ကော်မရှင်ကို မတိုင်ကြားဘဲ ကျွန်တော်ကို တိုင်ကြားတဲ့ အပေါ် နားမလည်ဘဲ ဖြစ်နေပါတယ်။ သူတိုင်ကြားတာကို ကျွန်တော်လုံးဝကိုနားမလည် ပါဘူး” ဟု ဦးလှမောင်သိန်းက ပြောသည်။

ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ် ဦးသိန်းမောင်မှ ဦးလှမောင်သိန်းအား တိုင်ကြားရာတွင် အချက် ၁၅ ချက် ပါရှိပြီး အများစုမှာ အချက်များမှာ ဦးလှမောင်သိန်းနှင့် တိုက်ရိုက် သက်ဆိုင်ခြင်း မရှိကြောင်း သူက ပြောသည်။

“ ကျွန်တော်နဲ့ ပတ်သက်တာက တချက်ဘဲ ပါဝင်ပါတယ်။ အဲဒါလည်း သဘာဝ မကျတဲ့ စွပ်စွဲချက်ပါ။ ကျွန်တော်က ရွေးကောက်ပွဲနေ့က အမှတ် (၂) နယ်မြေက မဲရုံ အမှတ်(၁)ကို သွားလည်တာပေါ့ဗျာ။ အဲသလို သွားတာဟာ ကိုယ်စားလှယ်လောင်း တစ်ဦးအနေနဲ့ စည်းကမ်းချိုးဖေါက်တာပေါ့ဗျာ။ ကျွန်တော်က အမှတ်(၁)က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့ အတွက် အမှတ် (၂) နယ်မြေကို မသွားရဘူးပေါ့။ အဲသလို စွပ်စွဲတယ်ဆိုရင် ဦးသိန်းမောင်လည်း အမှတ် (၁) နယ်မြေက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ပါဘဲ။ သူလည်း အဲဒီရွေးကောက်ပွဲနေ့က အမှတ် (၂) နယ်မြေက အမှတ်(၁) မဲရုံကို လာတာပါဘဲ။ သူအဲသလို တိုင်ကြားတဲ့ အတွက် တော်တော်ကို စဉ်းစားရကျပ်ပါတယ်။”

ဦးလှမောင်သိန်းအား တိုင်ကြားသူ ဦးသိန်းမောင်မှာ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာ ဇာတိဖြစ်ပြီး စစ်တပ်တွင် ဒုဗိုလ်မှူးကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အမှတ် (၁) စက်မူ ၀န်ကြီးဌာနတွင် ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။ ရွေးကောက်ပွဲတွင် အနိုင်ရရေး အတွက် ဦးသိန်းမောင်သည် ကျပ်သိန်း ၁၀၀၀ ချီပြီး အသုံးပြုခဲ့သည်ဟု ဒေသအတွင်းကလာသော သတင်းများအရ သိရသည်။

“ သူက အခုလို တိုင်ကြားတာဟာ ကျွန်တော်ကို သာမက ရွေးကောက်ပွဲ ကော်မရှင်ကိုရော၊ နိုင်ငံတော်ကိုပါ မရေမရာ စော်ကားသလိုမျိုး ဖြစ်နေတယ်။ ကလေးကစားသလို လုပ်တယ်လို့ မြင်ပါတယ်” ဟု ဦးလှမောင်သိန်းက ပြောသည်။

ဦးလှမောင်သိန်းကို ရွေးကောက်ပွဲကော်မရှင်က ယခုလ ၁၇ ရက်နေ့တွင် နေပြည်တော်ကို အရောက် လာရန် အကြောင်းကြားထားပြီး ၄ရက်အလိုတွင် ထုချေလွှာတင်ရန် ညွန်ကြားထားကြောင်း သိရသည်။ ၁၇ ရက်နေ့တွင် အချိန်မှီ မရောက်ပါက တိုင်ကြားထားခြင်းကို ကွယ်ရာတွင် ဆုံးဖြတ်မည်ဟု ရွေးကောက်ပွဲ ကော်မရှင်က သူ့ဆီကို အကြောင်းကြားထားကြောင်း ဦးလှမောင်သိန်းက ပြောသည်။

No comments: