Friday, January 7, 2011

ဘိန်းခင်းဧက ၇၃၀၀ ကျော် ဖျက်ဆီးခဲ့ဟု နအဖ ထုတ်ပြန်

သျှမ်းသံတော်ဆင့်

မြန်မာနိုင်ငံတစ်ဝှမ်း၌ နအဖစစ်အစိုးရက ၂၀၁၀ - ၂၀၁၁ ဘိန်းစိုက်ရာသီအတွင်း ဘိန်းခင်း ၇၃၀၉.၉၃ ဧက ဖျက် ဆီးခဲ့ကြောင်း ယနေ့ထုတ် နအဖသတင်းစာတွင် ဖေါ်ပြ သည်။

၂၀၁၀ ဒီဇင်ဘာလ ၁၃ ရက်အထိ ဖျက်ဆီးဧက ၅၇၄၅.၀၃ နှင့် ဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း ၁၅၆၄.၉ ဧက ရှိသဖြင့် စုစုပေါင်း ၇၃၀၉.၉၃ ဧက ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ထပ်မံဖျကဆီးသည့် ၁၅၆၄.၉ ဧကအနက် သျှမ်းပြည် (တောင်ပိုင်း) ဖယ်ခုံ ၊ ပင်လောင်း ၊ ဆီဆိုင်နှင့် ကလောမြို့နယ်များ အတွင်းမှ ၁၂၇၀ . ၃၅ ဧက ၊ သျှမ်းပြည် (မြောက်ပိုင်း) လားရိုး ၊ တန့်ယန်း ၊ သိန်းနီ ၊ နမ့်ခမ်းနှင့်ကွတ်ခိုင်မြို့နယ်များ အတွင်းမှ ၁၅၆၄.၉ ဧ က နှင့် သျှမ်းပြည် (အရှေ့ပိုင်း) မိုင်းဆတ် ၊ မိုင်းခတ် ၊ မိုင်းပျဉ်း ၊ ကျိုင်းတုံ ၊ တာချီလိတ်နှင့် မိုင်းတုံမြို့နယ်များအတွင်းမှ ၁၉၉. ၁ဧက ဖျက်ဆီးခဲ့ကြောင်း ဖေါ်ပြထား၏။

မိုင်းတုံမြို့နယ်အတွင်း မူးယစ်ဆေးဝါးစောင့်ကြည့်လေလာသည့် သျှမ်းပြည်မူးယစ်စောင့်ကြည့်ရေးအဖွဲ့ဝင်တဦးက- “ နအဖ ၀ါဒဖြန့်သတင်း စာမှာ ဘိန်းခြံတွေ ဖျက်ထားတဲ့ ဧကတွေက အရှေ့အနောက် မညီဘူး။ နောက်ပြီး ကျနော်သိတာက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ခလရ ၆၅ က မိုင်းတုံမြို့နယ် လွယ်ခီလိတ်ဘက်၊ ဒီဇင်ဘာ ၂၈ ရက် က ခမရ ၅၁၉ က ရွှေတောင်တောင်ကြောဘက် ဘိန်းခြံတွေသွားဖျက်တယ်။ အဲဒါတွေ ဘိန်းခြစ်ပြီးသား (အစောပိုင်းထွက် ) ဘိန်းခြံတွေဘဲ။” ဟု သျှမ်းသံတော်ဆင့်သို့ ထောက်ပြ၏။

ထိုသို့ ဘိန်းခင်းများဖျက်ဆီးနေသည်ဟု နအဖက ဆိုသော်လည်း ယခုနှစ်ဘိန်းရာသီတွင် သျှမ်းပြည် (မြောက်ပိုင်း) ၌ ရွာတိုင်းနီးနီး ဘိန်းစိုက်ပျိုးနေကြောင်း ဒေသခံများက ပြောသည်။

ယခုနှစ်ဘိန်းစိုက်ပျိုးမှုသည် ယခင်နှစ်များထက် အဆပေါင်းများစွာ များပြားလာသည့် အပြင် ကျေးရွာများအတွင်း၌ အမျိုး သားများသာမက အမျိုးသမီးများပါ ဘိန်းသုံးစွဲမှုများရှိနေသည်ဟုဆိုသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇ၀တ်မှုဆိုင်ရာ ရုံး UNODC ၏ ၂၀၁၀ ဂျွန်လအစီရင်ခံစာအရ သျှမ်းပြည် (မြောက် ပိုင်း) အတွင်း၌ ဘိန်းစိုက်ပျိုးမှု ၁၀၀ ရာခိုင်နှုန်းတိုးတက်လာရာ ဟက်တာ ၈၀၀ မှ ၁၆၀၀ အထိ မြှင့်တက်လာသည်ဟုဆိုသည်။


ပလောင်အမျိုးသမီးအဖွဲ့၏ အစီရင်ခံစာက UNODC ထုတ်ပြန်ထားသည်ထက် ၃ ဆ ပိုများပြီး သျှမ်းပြည် (မြောက်ပိုင်း) ၂၃ မြို့နယ်တွင် ၄၅၄၅ ဟက်တာရှိကြောင်း ထောက်ပြသည်။

No comments: