Sunday, January 2, 2011

(၂၂၆) နှစ်မြောက် ရခိုင်အချုပ်အချာကျဆုံးနေ့အခမ်းအနား ဘင်္ဂလာ- မြန်မာနယ်စပ်တွင် ပြုလုပ်

မောင်အေး

ရခိုင်နိုင်ငံတော် အချုပ်အချာကျဆုံးသည့်(၂၂၆) နှစ်မြောက် အခမ်းအနားကို ကော့စ်ဘဇား ခရိုင် နွားရုပ်တောင်ကျေးရွာရှိ ရခိုင်အမျိုးသားများ အဆောက်အဦး ခန်းမတွင် ရခိုင်အမျိုးသမီးများ အစည်းအရုံး(RWU)မှ ဦးဆောင်ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။

အခမ်းအနားသို့ ရဟန်းတော်များနှင့် ဖိတ်ကြားထားသည့် အဖွဲ့စည်းများမှ ကိုယ်စားလှယ် ၄၀ ခန့် တက်ရောက်ပြီး ရခိုင်နိုင်ငံတော် အချုပ်အချာ ကျဆုံးရခြင်းနှင့် ပတ်သတ်ပြီး တက်ရောက်လာ သူများက မိန်းခွန်းပြောကြား ခဲ့ကြသည်။

ယခုကဲ့သို့ အခမ်းအနားပြုလုပ်ရခြင်းနှင့်ပတ်သတ်ပြီး ရခိုင်အမျိုးသမီးများအစည်းအရုံး ဥက္ကဌ ဒေါ်မြ ရာဇာလင်းက ယခုကဲ့သို့ပြောသည်။


“ဒီအခမ်းနားကို ကျင်းပ ရတာ ကျမတို့ ရည်ရွယ်ချက် ၃ ချက်ရှိပါတယ်။ ရခိုင်လူမျိုးတွေ ကိုယ့်ထီး ကိုယ့် နန်းနဲ့ နှစ်ပေါင်းများစွာ နေလာတယ်ဆိုတာကို ရခိုင်လူငယ်တွေသိစေချင်တယ်။ ဘာကြောင့် ရခိုင်တွေ အချုပ်အခြာကျဆုံးရလဲဆိုတာကို သင်္ခန်းစာ ရစေချင်တယ်။ နောက်ပြီး အချုပ်အခြာ အာဏာ မရှိတဲ့ လူမျိုးဟာ တန်ဖိုးမရှိဘူး။ ဒါကြောင့် အချုပ်အခြာအာဏာကိုပြန်ရယူဖို့ ရခိုင်လူမျိုးတွေ ဘယ်လိုကြိုး စားရမယ်ဆိုတာကို လူကြီးလူငယ်တွေ အားလုံးသိစေချင်လို့ ကျင်းပရတာဖြစ်တယ်။”

၎င်းသဘာပတိ အဖြစ် ဆောင်ရွက်သူ ဦးအာဏာနီက ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့ ရှုံးနိမ့်တာကို ခေါင်းမှာထည့်ပြီးမသွားပါနဲ့။ ဒီလိုရှုံးနိမ့်သွားတာကို သင်ခန်းစာယူပြီး ဘယ်လိုနည်းနဲ့ အစားပြန်ပြီး ရမှာလည်းဆိုတာကို ခေါင်းမှာ ထည့်သွားရမှာ ဖြစ်တယ်။ အချုပ်အချာကျ ဆုံးတယ်ဆိုတာ။ တရားစီရင်ပိုင်ခွင့်အာဏာ၊ အုပ်ချုပ်ပိုင်ခွင့်အာဏာ၊ ဥပဒေပြုမှုအာဏာ ဒီအာဏာသုံး ရပ်လုံး ကျဆုံးသွားတာ ဖြစ်တယ်။”

ရခိုင်အမျိုးသမီးအစည်းအရုံးမှ ၂၂၆ နှစ်မြောက် ရခိုင်အချုပ်အချာ အာဏာကျဆုံးနေ့ အထိမ်းအမှတ် အနေဖြင့် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကျေညာချက်တွင် ရခိုင်တို့၏ အချုပ်အချာ အာဏာကို ရခိုင်တို့အားလုံး ညီညွတ်စွာကြိုးပမ်းမှ ရရှိနိုင်မည်ဟု ဖော်ပြသည်။

အခမ်အနားကို နေ့လည် ၂ နာရီတွင် RWU အဖွဲ့ဝင်များမှ ရခိုင်နိုင်ငံတော် သီးချင်းကိုသီးဆို ဖွင့်လှစ် ခဲ့ပြီး ညနေ ၄ နာရီတွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ကြသည်။

ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းက မကြေငြာသောစစ်ဖြင့် ရခိုင်နိုင်ငံတော်ကို ၁၇၈၄ ခုနှစ် ၀င်ရောက် တိုက်ခိုက်ခဲ့ သည့်အတွက် ပြာသိုလ်လ ဆန်း ၁ ရက် စနေနေ့တွင် မြောက်ဦးမြို့ကျ ဆုံးခဲ့ရပြီး ရခိုင် ဘုရင့်နန်းတော်လည်း မီးတိုက်ခံခဲ့ရသည်။

မြောက်ဦးမြို့ကျဆုံးပြီးနောက် ရခိုင်ပြည်မှ မဟာမုနိဘုရားအပါ အ၀င် အဖိုးမဖြတ်နိုင်သည့် နန်းစဉ် သုံးပစ္စည်းများ၊ မင်းညီမင်းသား ရဟန်းပြည်သူ တသိန်းကျော်ကို ဗမာပြည်သို့ ခေါ်ဆောင် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ဒီဇင်္ဘာလ ၃၁ ရက်နေ့ကိုရောက်တိုင်း ပြည်တွင်းပြည်ပရှိ ရခိုင်အမျိုးသားများက နှစ်စဉ်နှစ် တိုင်း ၀မ်းနည်း သတိရ အောက်မေ့ဖွယ်နေ့ အဖြစ် ကျင်းပလေ့ရှိကြသည်။

No comments: