Tuesday, January 18, 2011

စစ်အစိုးရတပ်နှင့် ဒီကေဘီအေတို့ ဆက်လက်တိုက်ပွဲဖြစ်ပွါးနေဆဲ

နော်အဲနီ၊ ကောင်းဝါသတင်းဌာန

မြ၀တီခရိုင် ကဆောဝါးလေးတောင်ကုန်း အရှေ့ဘက် သရက်ပင်စခန်းတွင် ရောက်ရှိနေသော စစ်အစိုးရ တပ်များက ဒီကေဘီအေစခန်းချသော တာနဲအုဖျားစခန်းကို လက်နက်ကြီးများဖြင့် မနေ့မနက် (၁၀) နာရီ (၄၅) မိနစ်အချိန်မှ စတင်ပြီးပစ်ခတ်ခဲ့သည်ဟု ဒီကေဘီအေမှ ပြောပါသည်။

“နအဖတွေက ကျနော်တို့အခုနေတဲ့ တာနဲအုဖျားစခန်းကို လက်နက်ကြီးနဲ့လှမ်းပစ်နေတာ အလုံး ၃၀ နီးပါးရှိနေပြီး၊ သူတို့ကပစ်လိုက်နားလိုက်နဲ့ပေါ့၊ အခုထိပဲ” ဟု ဒီကေဘီအေ တပ်ခွဲမှူး တောကျိက ပြောပါသည်။

မနေ့ကမနက် (၆) နာရီခွဲအချိန်တွင်လည်း မြ၀တီခရိုင် ၊ ဝေါ်လေကျေးရွာ ၊ သုခမြိုင် ဘုန်းကြီး ကျောင်းတွင် အခြေချနေသော စစ်အစိုးရတပ်ရင်းကို ဒီကေဘီအေ နှင့် ကေအဲန်ယူ ပူးပေါင်းပြီး ပျောက်ကျားစနစ်ဖြင့် ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု ဒီကေဘီအေဘက်မှ ပြောပါသည်။

သုခမြိုင်ဘုန်းကြီးကျောင်းတွင် အခြေချနေသော စစ်အစိုးရတပ်ရင်းခမရ(၄၀၉)ကို ဗိုလ်စောသန်းထွန်း ဦးဆောင်သော ဒီကေဘီအေတပ်ရင်း (၉၀၉) နှင့် ဗိုလ်စောခုဝါး ဦးဆောင်သော ကေအဲန်ယူ တပ်ရင်း (၁၀၁)တို့ ပူးပေါင်းပြီး မနေ့မနက် (၆)နာရီခွဲ အချိန်တွင်လည်း နာရီဝက်ခန့်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒီကေဘီကေ ဘက်မှပြောပါသည်။

“မနေ့မနက်ကဆိုရင် အစောကြီး နအဖက ကျနော်တို့ကို လာပစ်တာ၊ သူတို့ဆုတ်သွားတော့ ကျနော်တို့ လည်းသူတို့နောက်ကနေ လိုက်တိုက်တာ၊ သူတို့ဘက်က တပ်စုမှူး တစ်ယောက်ကျတယ်လို့ ကျနော်တို့ ကြားတယ်၊ ဘယ်နှစ်ယောက် ဒါဏ်ရာရလဲတော့မသိဘူး၊ ကျနော်တို့ဘက်ကတော့ ဘာမှမဖြစ်ဘူး” ဟု ကလို့ထူးဘောဌာနချုပ်မှ ဗိုလ်မှူးရွေဝက ပြောပါသည်။

အလားတူ ဇန်န၀ါရီလ (၁၄) ရက်နေ့တုန်းကလည်း မြ၀တီခရိုင် အူကလေ့ထရွာတွင် တပ်ခွဲမှူး ချစ် ဆန်း ဦးဆောင်သော ဒီကေဘီအေ (၉၀၉) တပ်ရင်း၊ နှင့်တပ်ခွဲမှူး တီးစိန် ဦးဆောင်သော ကေအဲန်ယူ (၁၀၃)တပ်ရင်း တို့ပူးပေါင်းအဖွဲ့နှင့် စစ်အစိုးရတပ်တို့အကြား ပျောက်ကြားတိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောပါသည်။ ထို့အပြင် ဝေါ်လေကျေးရွာရှိ စစ်အစိုးရတပ်၏ ဗျူဟာကုန်းစခန်းကို ဒီကေဘီအေဘက်က ၀ိုင်းထားသည်ဟုလည်း ဆိုပါသည်။

ဝေါ်လေစခန်းအတွက် လိုအပ်နေသော ရိက္ခာများကို ပို့ဆောင်နိုင်ရန် စစ်အစိုးရတပ်များက ၄င်းတို့သွား ရာ လမ်းကို လက်နက်ကြီးများဖြင့် အရင်ပစ်ခတ်ပြီးလမ်းကြောင်းရှင်းပါသည်။ အလားတူ စစ်အစိုးရတပ်များ ဝေါ်လေစခန်းသို့ ခရီးမဆက်နိုင်အောင် ဒီကေဘီအေဘက်ကလည်း ပျောက်ကျားနည်းဖြင့် တိုက်ခိုက်နေခဲ့ပါ သည်၊၊ ပြီးခဲ့တဲ့ နိုဝင်ဘာလက စခဲ့သည့် ဒီကေဘီအေနှင့် စစ်အစိုးရတပ်တို့တိုက်ပွဲများသည် ဆက်လက်ဖြစ်ပွား ရန်ရှိနေသေးကြောင်း နယ်စပ်စစ်ရေးအကဲခတ်များမှပြောပါသည်။

No comments: