Friday, January 14, 2011

သျှမ်းတပ်နှင့် ၀ တပ် ထိန်းချုပ်နယ်မြေကြားရှိ ကျေးရွာတစ်ခုအား မြို့အဆင့်နှင့်အတူ စစ်ဗျူဟာ တစ်ခုထားမည်

မွေခေါဝ်

ဝ တပ်ဖွဲ့ထိန်းချုပ်လှုပ်ရှားသောဒေသနှင့် သျှမ်းပြည် တပ်မတော် လွယ်တိုင်းလျဲန်းဌါနချုပ်အနီးရှိမိုင်းတုံ မြို့နယ် မိုင်းထားကျေးရွာအား မြို့အဆင့်တိုးမြင့်ပြီး စစ်ဗျူဟာ တစ်ခုတိုးချဲ့ ထားရှိမည်ဟု ခိုင်လုံသော သတင်းရပ်ကွက်မှသိရပါသည်။

မိုင်းထားကို မြို့အဆင့်တိုးမြင့်ဖို့ ကျိုင်းတုံတိုင်းမှူးကိုယ်တိုင် မြေနေရာလာစစ်ဆေးတယ်လေ။ လူနေရပ်ကွက်တိုးချဲ့ ဖို့ အစိုးရဌါနဆိုင်ရာရုံးစိုက်ဖို့ တပ်မြေအတွက် စတာတွေ မြို့ဖွဲ့စည်းပုံအနေအထားကို လာရောက်ကြည့်ရှုသတ်မှတ် ပေးသွားတယ်” ဟု ထိုင်းနယ်စပ်ဒေသခံတစ်ဦးက ပြောပါသည်။

ဂျန္န၀ါရီ ၁၁ ရက်မှ ၁၃ ရက်ထိ သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ်ဘက် တြိဂံတိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး ခရီးလှည့်ခဲ့ကြောင်း၊ ၁၂ ရက်နေ့ မိုင်းတော့-မိုင်းထားဘက်၌ ညအိပ်၍ မြို့အဆင့်နှင့် စစ်ဗျူဟာသစ်တစ်ခုတိုးချဲ့ထား ရှိရန် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

“ပုံပါကျင်နဲ့မိုင်းတုံက ဒေသခံတွေ မိုင်းထားမှာသွားနေဖို့ တိုင်းမှူးက တိုက်တွန်းစည်းရုံးတယ်။ မြေကွက်တွေလဲ ရောင်း တော့မယ်။ ဒါပေမဲ့ ဒေသခံတွေရဲ့ ဆန္ဒကိုတော့မသိရသေးဘူး။ သူတို့လဲစဉ်းစားနေကြတုန်းဘဲ။ ဆုံးဖြတ်ချက်မချနိုင် သေးဘူး” ဟု ၎င်းကဆက်လက်ပြောပါသည်။

မြို့အဆင့်မီလူဦးရေ အိမ်ခြေပြည့်မီရေးအတွက် မြေကွက်တစ်ခုလျှင် ကျပ်ငွေ ၄ သောင်းခွဲဖြင့် ရောင်းချမည်ဖြစ် ကြောင်း၊ မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲအတွင်းရှိ ဒေသခံများ မည်သူမဆိုဝယ်ယူ၍ လာရောက်နေထိုင်နိုင်ကြောင်း ဆိုင်ရာအာဏာပိုင်များက သတင်းဖြန့်ထားသည်ဟု ကြားသိရပါသည်။

“ကျနော်တို့ ကြားသိရတာကတော့ မိုင်းထားကို မြို့အဆင့်အပြင်၊ တပ်ရင်း၃ ခု(ဗျူဟာတစ်ခုနှင့်ညီမျှ) အနည်းဆုံး တိုးချဲ့မယ်။ အဲဒီဘက်မှာရှိတဲ့ ၀ တပ်မိသားစုတွေတော့ သူတို့ရဲ့ တပ်မဟာ ၇၇၈ ရှိတဲ့ ဆန်ကန်-ခိုင်းလုံဘက် ကားတွေနဲ့ဆက်တိုက်ပြောင်းရွှေ့ နေတာ ဒီလဆန်းပိုင်းကတည်းကဘဲ” ဟု အမည်မဖော်လို ထိုင်းနယ်စပ်ဆိုင်ရာ လုံခြုံရေးအရာရှိတစ်ဦးက ပြောပါသည်။

“မိုင်းထားကို မြို့အဆင့်တိုးမြင့်ပြီး စစ်ဗျူဟာလဲထားမယ်။ မိုင်းတုံနဲ့ ပုံပါကျင်က ဒေသခံတွေကိုလဲ မိုင်းထားမှာ လာ နေဖို့ တိုက်တွန်းတယ်ဆိုတော့ အချက်နှစ်ချက်ရှိတယ်။ နံပါတ်တစ် လူထုက သူတို့ကို ၀န်းရံပြီး အကာအကွယ်ပေးဖို့။ သူတို့အတွက် လုံခြုံရေးပေါ့။ နံပါတ်နှစ် လူထုရဲ့လုပ်အားကို ခိုင်းစားမယ်။ သျှမ်းပြည်တောင်ပိုင်းက ကျေးသီးမြို့နယ် က ၀မ့်စိမ်းရွာလိုပေါ့။ ၁၉၉၆-၉၈ မှာ ကျေးရွာပေါင်း ၁၅၀၀ က ကျေးလက်လူထု ၃ သိန်းကို အတင်းအဓမ္မရွှေ့ပြောင်း ခိုင်းခဲ့တာ ၀မ့်စိမ်းရွာပါတယ်။ ဒါပေမဲ့ဝမ့်စိမ်းမှာ ခလရ ၂၈၇ တိုးချဲ့ထားရှိတဲ့အခါ ဒေသခံတွေကို ပြန်ခေါ်တဲ့အပြင် သျှမ်းပြည်မြောက်ပိုင်းနေ လားဟူပြည်သူတွေကိုလဲ ခေါ်လာပြီး နေခိုင်းတယ် ” ဟု ထိုင်းနယ်စပ်နေ သျှမ်းတော်လှန် ရေးသမားဟောင်းတစ်ဦးက ပြောပါသည်။

မိုင်းထားကျေးရွာသည် သျှမ်းပြည်အတွင်း တရုတ်ဖြူ မ၀င်မီအထိ မြို့အဆင့်ရှိနေကြောင်း၊ နောက်ပိုင်းရွာပျက်ပြီး တော်လှန်ရေးစတင်သောခေတ်၌ နောက်တစ်ကြိမ်ပြန်လည်စည်ကားလာကြောင်း၊ ၂၀၀၁-၂၀၀၂ နအဖနှင့် ၀ တပ်ဖွဲ့ တို့စုပေါင်းပြီး သျှမ်းပြည်တပ်မတော် လွယ်တိုင်းလျဲန်းဌါနချုပ်အား ချီတက်တိုက်ခိုက်စဉ်မှစ၍ ယနေ့အထိရွာပျက်ကြီး အဖြစ် ၉-၁၀ အိမ်ခန့်သာကျန်တော့ကြောင်း ၎င်းကဆက်လက်ပြောပြပါသည်။

မိုင်းတုံမြို့ အနောက်တောင်ဘက်ရှိ မိုင်းထားကျေးရွာသည် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ၀ိန်းဟဲန်(င်)မြို့နယ် လတ်တိုင် ကျေးရွာအုပ်စုနှင့် ၄၄ ကီလိုမီတာ (၂၇ မိုင်ကျော်)သာ ကွာဝေးသည်ဟု သိရှိရပါသည်။

No comments: