Friday, January 14, 2011

နိုင်ငံရေးအကျဉ်းသားများအခြေအနေ နှစ်ချုပ်အစီရင်ခံစာ ထုတ်ပြန်

ရိုးမ ၃

မြန်မာစစ်အစိုးရ အကျဉ်းထောင်များတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ အခြေအနေများနှင့်ပတ်သက်၍ နှစ်ပတ်လည် အစီရင်ခံစာ တစောင်ကို ယခုလ (၃) ရက်နေ့က ထုတ်ဝေခဲ့သည်။

အဆိုပါ အစီရင်ခံစာကို ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ခုနှစ်အတွင်း မှတ်တမ်းပြုစုခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေများကို အစီရင်ခံစာတွင် အနှစ်ချုပ်သုံးသပ် တင်ပြထားသည်။

မြန်မာပြည်အတွင်းမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့သူများ၊ ပါဝင်လုပ်ဆောင်ခဲ့သူများ၊ ဝိုင်းဝန်းကူညီခဲ့သူများနှင့် ရဟန်းသံဃာတော်များကို ဖမ်းဆီးထောင်ချထားသည့်အပြင် အကျဉ်းထောင်ဥပဒေတွင်ပါရှိသည့် အခွင့်အရေးများကို ပိတ်ပင်ချိုးဖောက်၍ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပမ်းနှိပ်စက်မှုများကို တရားဝင်လုပ်ပိုင်ခွင့်တခုကဲ့သို့ ပြုမူလုပ်ကိုင်နေခြင်းများကို ၂၀၀၉ ခုနှစ် အခြေအနေများနှင့် နှိုင်းယှဉ်ကာ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အေအေပီပီ စာရင်းများအရ မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၂၁၈၉ ဦးရှိပြီး ၂၀၁၀ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၅၂ ဦးကို စစ်အစိုးရအာဏာပိုင်းများက မိသားစုများနှင့် ဝေးလံသည့် အကျဉ်းထောင်များသို့ ပြောင်းရွေ့မှုများပြုလုပ်ခဲ့သည့် အခြေအနေနှင့် နိုင်ငံရေးအကျဉ်းသား ၁၄၂ ဦး ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့် ထောင်တွင်းအခြေအနေများ ဖော်ပြပါရှိသည်။

No comments: