Tuesday, January 11, 2011

စစ်တပ်အရာရှိတို့ အကြွေးတင်၍မြေရောင်းစား

မင်းချမ်း၊ ကောင်းဝါ

ထိုင်း-မြန်မာနယ်စပ်၊ဘုရားသုံးဆူမြို့နယ် ဂေါက်ကွင်းအနီးရှိ No Men Land ဧရိယာရှိမြန်မာပိုင်နက်မြေကွက်လပ်တစ်ခုကို စစ်တပ်အရာရှိတို့ အကြွေးတင်၍ရောင်းစားလိုက်ကြောင်း စစ်တပ်နှင့်နီးသူများပြောပြချက်အရ သိရသည်။

“ဦးရဲမြင့်ဆီမှာ ဘတ်ငွေရှစ်သိန်းအကြွေးတင်နေလို့ ဗျူဟာမှူးနဲ့တပ်ရင်းမှူးက ဒီမြေကွက်ကိုထိုးပေးလိုက်တယ်” ဟု ဦးရဲမြင့်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိဗျူဟာမှူးဗိုလ်မှူးကြီးသိန်းဇော်နှင့် ခလရ ၂၈၃ တပ်ရင်းမှူးဒုဗိုလ်မှူးကြီးမြတ်ထွန်အေးတို့က ရွှေပန်းကန်စားသောက်ဆိုင်ပိုင်ရှင် ဦးရဲမြင့်ထံ ထိုင်းဘတ်ငွေသိန်း ၂၀ ဖြင့်ရောင်းချခဲ့သည်ဟု သိရသည်။

အဆိုပါ ဦးရဲမြင့်သည် ဘုရားသုံးဆူမြို့၊ အမှတ် ၂ ရပ်ကွက် ဥက္ကဌဖြစ်သည်ဟုလည်း သိရသည်။

ယင်းမြေကွက်ပေါ်၌ တန်းလျားတိုက်ခန်းဆောက်လုပ်ရန် ယမန်နေ့ကပန္နက်ချခဲ့သဖြင့် ထိုင်းအာဏာပိုင်များကန့်ကွက်ခဲ့ရာ ယခုတွင်ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်တန့်လိုက်ရကြောင်း ယင်းဖြစ်စဉ်ကိုပါဝင်ဆောင်ရွက်နေသူ ထိုင်းအာဏာပိုင်တစ်ဦးထံမှ သိရသည်။

ဘုရားသုံးဆူနယ်စပ်သည် ထိုင်း-မြန်မာနှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်များ တရားဝင်သတ်မှတ်စိုက်ထူနိုင်ခြင်းမရှိသေးသဖြင့် နယ်စပ်အငြင်းပွားမှုများ မကြာခဏဖြစ်ပေါ်လေ့ရှိသည်။

No comments: