Monday, January 10, 2011

ရခိုင်ပါတီမှ နောက်ထပ်အမတ်လောင်း ၃ ဦးကို ကြံ့ဖွံ့က တရားစွဲ

မင်းဆက်ခိုင်

ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီမှ နောက်ထပ် ကိုယ်စားလှယ် သုံးဦး ကို ကြံ့ခိုင်ရေး ပါတီမှ တရားစွဲ လိုက်ကြောင်း သတင်း ရရှိသည်။

စွဲဆိုခံရသူ အမတ်လောင်း ၃ဦးမှာ မြေပုံမြို့နယ်က ပြည်သူ့လွှတ် တော်အမတ် ဦးမောင်ဖေသန်း၊ ပြည်နယ်လွှတ်တော် (၁) အမတ် ဦးအောင်ဝင်းနှင့် ပြည်နယ်လွှတ်တော် (၂) အမတ် ဦးမောင်လုံးတို့ ဖြစ်ကြသည်။

ယခု တရားစွဲဆိုခံရသူ ၃ ဦးနှင့် ဆိုလျှင် တရားစွဲခံရသူ ရတပ အမတ်အရေအတွက်မှာ စုစုပေါင်း ၉ဦးရှိ သွားပြီ ဖြစ်ပြီး လက်ရှိ အနိုင်ရပါတီများထဲတွင် အမတ် အများဆုံး တရား အများဆုံး စွဲခံရသည့် ပါတီ ဖြစ်သည်။

တရားစွဲခံထားရသူ အမတ်၉ဦး ရှိသွားပြီးဖြစ်ကြောင်းကို ပါတီဥက္ကဌ ဒေါက်တာအေးမောင်က ယခုကဲ့သို့ အတည်ပြုပြောကြားသည်။

“ နောက်ထပ် မြေပုံ မြို့နယ်က အမတ်တွေ တရားစွဲခံရတယ်ဆိုတော့ စုစုပေါင်း တရားစွဲခံရတာ ၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ တရားရင်ဆိုင်ဖို့ ရခိုင်ဘက်ကလည်းပြင်ဆင်ထားပါတယ်။ ရန်ကုန်မှာလည်း ဥပဒေ အတိုင်ပင်ခံအဖွဲ့တဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးနေပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေ စုပြီးတော့ တုန့်ပြန် ချေပသွားမှာပါ။ တရားစွဲဆိုထားတဲ့ အချက် တော်တော်များများကတော့ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေများပါတယ်။”

ယခင် တရားစွဲခံထားရသူ အမတ် ၆ ဦးမှာ ရသေ့တောင်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေမှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်း၊ ပေါက်တောမြို့နယ်မှ အမျိုးသားလွှတ်တော်အမတ် ဦးကျော်ထွန်းအောင်၊ ပြည်သူ့လွှတ်တော် အမတ် ဦးအောင်ကျော်ဇံ၊ ပြည်နယ်လွှတ်တော်အမတ် ဦးမောင်ကျော်သိန်း၊ ကျောက်ဖြူ/မာန်အောင် အမျိုးသားလွှတ်တော် အမတ် ဦးအုံးတင်၊ ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်(၂) အမတ် ဦးကျော်လွင် တို့ဖြစ်သည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်တွင် အမတ်နေရာအများဆုံးအနိုင်ရရှိခဲ့သော ရတပပါတီမှ အမတ်များကို တယောက် ပြီးတယောက် စစ်အစိုးရကျောထောက်နောက်ခံပြုပါတီဖြစ်သော ကြံ့ဖွံ့ပါတီမှ တရားစွဲဆိုနေမှုအပေါ် ရခိုင်ပြည်သူများအကြား အမျိုးမျိုး ဝေဖန်မှုများထွက်ပေါ်နေကြကြောင်း သိရသည်။

မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ကြံ့ဖွံ့မှ တရားစွဲဆို နေကြောင်း အတိအကျ မသိရသေးကြောင်းနှင့် အချက်အလက်များကို လိုက်လံ ရှာဖွေ စုဆောင်းနေတုန်း ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။

No comments: