Thursday, January 13, 2011

HIV ဝေဒနာရှင်များကို အလှူရှင်များ ပိုမိုအာရုံစိုက်လာ

ခင်ဦးသာ Thursday, 13 January 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ လူမှုအထောက် အကူပြုအဖွဲ့မှ ကူညီဆောင်ရွက် ပေးနေသော HIV/ AIDS ဝေဒနာရှင်များအား ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့များက အာရုံစိုက်မှု ပိုမိုများလာကြောင်း သိရသည်။

“နိုင်ငံတကာရဲ့အာရုံစိုက်မှု ရလာသလို၊ လူနာတွေလည်း တိုးပွား လာပါတယ်” ဟု ဝေဒနာသည်များအား ဦးဆောင်ကူညီပေးနေသူ မဖြူဖြူသင်းက ဧရာဝတီ ကိုပြောသည်။

နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပ လူမှုရေး အဖွဲ့များ၏ အာရုံစူးစိုက်လာခြင်းသည် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှစ်ရှည်ထောင်ဒဏ် ကျခံရာမှ ပြန်လည် လွတ်မြောက်လာပြီး ၎င်းကိုယ်တိုင် HIV/ AIDS ဝေဒနာ ရှင်များထံ သွားရောက် အားပေး ကူညီမှု ပြုလုပ်ခဲ့သည့် နောက်ပိုင်းတွင် ပိုမို များလာသည်ဟု မဖြူဖြူသင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သွားရောက်၍ ဝေဒနာရှင်များကို တွေ့ဆုံကူညီခဲ့ပြီး နောက်ပိုင်းတွင် စာပေ၊ ဂီတ အနုပညာရှင်များ၊ အဆိုတော်များ၊ ပြည်တွင်း ဂျာနယ်များမှ အယ်ဒီတာ၊ သတင်းထောက်များက သွားရောက်ကာ ငွေကြေး၊ စားသောက်စရာများ ပေး၍ အားပေးကူညီမှုများ ဆက်တိုက်ရှိလာခဲ့သည်။

စေတနာရှင်များသည် HIV/ AIDS ဝေဒနာရှင်များအား ကူညီပေးလိုသော်လည်း NLD က တည်ထောင်ထားသော ဂေဟာ ဖြစ်သောကြောင့် အများစုက ကူညီမှု ပေးရန် ထိတ်လန့်နေကြကြောင်း သိရသည်။

NLD ပါတီကို စစ်အစိုးရက တရားမ၀င် ပါတီအဖြစ် ကြေညာခဲ့သောကြောင့် တရားဝင် ပါတီ ဖြစ်ရေးကို အယူခံဝင်ထားဆဲ ဖြစ်သည်။

ဝေဒနာရှင်များအား ကူညီမှု ပေးနေခြင်းသည် နိုင်ငံရေးနှင့် ပတ်သက်မှု မရှိဟု NLD ၏ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

လူနာများ၏ ကျန်မာရေး အခြေအနေမှာလည်း ယခင်ထက် ပိုမို တိုးတက်ကောင်းမွန်လာကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လူနာများအား စေတနာအပြည့်ဖြင့် ခွဲခြားဆက်ဆံမှု မရှိ၍ ၀မ်းသာ ဂုဏ်ယူမိကြောင်း HIV ဝေဒနာရှင် အမျိုးသမီး တဦးက ဆိုသည်။

“မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံမှာ နေခဲ့ရတုန်းက တရက်မှ စိတ်မချမ်းသာခဲ့ရဘူး။ ဆရာဝန်တွေက မတူမတန်သလို ဆက်ဆံတယ်၊ အားပေးရမယ့်အစား ခွဲခြားဆက်ဆံလို့ ပိုပြီးတော့ ခံစားရတယ်၊ အားငယ်ရတယ်” ဟု သူက ပြောသည်။

ထိုအမျိုးသမီးသည် တောင်ဒဂုံမြို့ရှိ NLD လူမှုအထောက်အကူပြု အဖွဲ့က တည်ထောင်ထားသော သုခရိပ်မြုံဂေဟာသို့ ရောက်ရှိခဲ့သည်မှာ ၂ နှစ်နီးပါး ရှိပြီ ဖြစ်ကြောင်း၊ သုခရိပ်မြုံသို့ မရောက်မီ ကူးစက်ရောဂါရှင်များအား ကုသထားရှိသည့် ဝေဘာဂီ ဆေးရုံ၌ ၁ နှစ်နီးပါး နေခဲ့ရကြောင်း ရှင်းပြသည်။

ယခုအခါ အသက် ၃၂ နှစ်ရှိပြီဖြစ်သော အဆိုပါ ဝေဒနာရှင် အမျိုးသမီးသည် ဒေးဒရဲမြို့သူ တဦး ဖြစ်ပြီး သူ၏ ခင်ပွန်းသည်ထံမှ ဝေဒနာ ကူးစက် ခံခဲ့ရကြောင်း၊ ခင်ပွန်းသည်မှာ လွန်ခဲ့သော ၃ နှစ်က ဆုံးပါးသွားခဲ့ကြောင်း၊ ကလေး ၂ ဦးရှိသည့် အနက် သားငယ်ဖြစ်သူလည်း HIV ကူးစက် ခံနေရကြောင်း ဆက်ပြောသည်။

“ကျမနဲ့အတူ ၄ နှစ်အရွယ် သားလေးပါ HIV ပိုး ကူးစက် ခံထားရတယ်။ ကလေးက ခဏခဏ ဖျားလေ့ရှိတယ်” ဟု သူက ဆိုသည်။

သုခရိပ်မြုံဂေဟာသို့ ရောက်ပြီး နောက်ပိုင်းတွင် ၎င်းတို့ သားအမိသည် ကျန်းမာရေး ကောင်းမွန်လာပြီး သာမန်လူများကဲ့သို့ ၀ဖြိုး လာသည်ဟု ပြောသည်။

အဆိုပါ အမျိုးသမီးသည် ဒေးဒရဲတွင် နေခဲ့စဉ်ကလည်း ပတ်ဝန်းကျင်၏ အထင်အမြင်သေးမှု၊ ခွဲခြားဆက်ဆံမှုများ ခံခဲ့ရကြောင်း၊ ထို့ကြောင့် မိမိဒေသသို့ မပြန်တော့ဘဲ သုခရိပ်မြုံ၌သာ ဝေဒနာရှင်များကို ကူညီပေး၍ ဘ၀ကို ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် HIV/ AIDS ဝေဒနာရှင်ပေါင်း ၂ သိန်း ၄သောင်းကျော်ရှိပြီး ဝေဒနာရှင် ၅ ဦးလျှင် ၁ ဦးသာ ဆေးဝါးကုသမှု ခံယူခွင့် ရရှိကြောင်း၊ ထို ၁ ဦး သည်ပင် ဆေးဝါးအပြည့်အ၀ ကုသမှု မခံရသေးကြောင်း ကမ္ဘာ့ကုလသမဂ္ဂ (UN) မှ ထုတ်ပြန်သည့် ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ AIDS အစီရင်ခံစာတွင် ရေးသားထားသည်။

ဆေးဝါးလုံလောက်မှု မရှိသေးသော မြန်မာနိုင်ငံမှ ဝေဒနာရှင်များ အတွက် UN က ARV ဆေးဝါး ထောက်ပံ့မှုကို ၂၀၁၅ ခုနှစ်အထိ ထောက်ပံ့ ပေးသွားမည်ဟု သိရသည်။

တောင်ဒဂုံရှိ NLD လူမှုကူညီရေးဂေဟာ၌ ယခင်က ဒေ၀နာရှင် ၈၀ ခန့်သာရှိခဲ့ရာမှ ယခု ရက်ပိုင်းတွင် လူ ၁၂၀ ကျော်အထိ တိုးပွားလာကြောင်း၊ တရက်လျှင် ဝေဒနာရှင် ၅ ဦးမှ ၁၀ ဦးအထိ လာရောက် ခိုလှုံနေကြောင်း ၎င်းအဖွဲ့က ပြောသည်။

ဝေဒနာရှင်တိုးလာခြင်းနှင့်အတူ အခက်အခဲများ ပိုမိုရှိလာသော်လည်း အကောင်းဆုံး အနေအထားကို တွေးတော၍ လုပ်ဆောင်သွားမည်ဟု မဖြူဖြူသင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် HIV/ AIDS ရောဂါ ရရှိလာပါက ထိုလူနာအား လူမှုအသိုင်းအဝန်းက ပစ်ပယ် ထားတတ်သည့် သဘာဝသည် ကျေးလက် ဒေသများ၌ သာမက မြို့ပြဒေသများတွင်လည်း ရှိနေဆဲ ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဒေသခံကျန်းမာရေးဌာနများသည် အဆိုပါ ရောဂါနှင့်ပတ်သက်၍ ပညာပေးမှု အားနည်းသေးသည့်အပြင် ဝေဒနာရှင်များသည်လည်း အာဏာပိုင်များ၏ ခြိမ်းခြောက်မှုများကို ခံနေကြရသည်။

No comments: