Tuesday, January 4, 2011

ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီHRP အာဏာသိမ်းမှုဖြစ်ပေါ်

မင်းထက်အောင်၊ ကောင်းဝါ

။ မွန်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီHRP ဗဟိုဌာနချုပ်၌ ဥက္ကဌနိုင်ပန်းညွန့်အပေါ် အာဏာသိမ်းမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့၊ ညပိုင်းတွင် ထိုင်းမြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ ချောင်ချိဒေသအနီးရှိ ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီHRP ဗဟိုဌာနချုပ်၌ ထိုကဲ့သို့အာဏာသိမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါအာဏာသိမ်းမှုဖြစ်ပွားခဲ့စဉ်တွင် ၄င်းတို့၏ဗဟိုဌာနချုပ်ပြင်ပထိုင်းနိုင်ငံတစ်နေရာ၌ နိုင်ပန်းညွန့်ရောက်ရှိနေသည်ဟု ယင်းအာဏာသိမ်းမှုတွင်အဓိကပါဝင်ခဲ့သူ ဗိုလ်မှူးတမော့ချမ်းက ကောင်းဝါသတင်းဌာနသို့ ပြောကြားပါသည်။

“အရင်ကျနော့လက်အောက်က ဒုရင်းမှူးဗိုလ်မှူးစတိုက်ချမ်းက အဲဒီဌာနချုပ်ကိုသိမ်းပိုက်လိုက်ပါပြီ၊ မကြာခင် ကျနော် အဲဒီဌာန ချုပ်စခန်း ကိုရောက်ပါမယ်၊ အဲဒီတော့မှ ရှေ့လုပ်ငန်းစဉ်တွေပြောပြနိုင်မယ်”ဟု ဗိုလ်မှူးတမော့ချမ်းက ပြောသည်။

အဆိုပါဖြစ်စဉ်တွင် သေနတ်ပစ်ခတ်မှုအနည်းငယ်ဖြစ်ပေါ်ခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရရှိခဲ့ရာ ထိုင်းနိုင်ငံဆေးရုံတစ်ရုံ၌ ဆေးကုသခံနေရသည်ဟု နီးစပ်သူများပြောကြားချက်အရ သိရသည်။

၎င်းဖြစ်စဉ်များနှင့်ပတ်သက်၍ ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီHRP ဥက္ကဌနိုင်ပန်းညွန့်အား ဆက်သွယ်မေးမြန်းရာတွင် သူ၏လက်ကိုင်ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ်မရဖြစ်နေသည်။

နိုင်ပန်းညွန့်သည် မွန်ပြည်သစ်ပါတီမှဗိုလ်မှူးကြီးတစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် မွန်ပြည်သစ်ပါတီမှခွဲထွက်ခဲ့ကာ ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီကို တည်ထောင်ခဲ့သူဖြစ်သည်။

No comments: