Tuesday, January 11, 2011

ကြံ့ဖွံ့ပါတီတောင်းဆိုချက် RNDP မလိုက်လျောနိုင်ဟု ဆို

ခင်ဦးသာ Tuesday, 11 January 2011

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ဆက်တိုက် တရားစွဲဆိုကာ မဲများပြန်လည် ရေတွက်ရန် တောင်းဆို နေခြင်းကို လိုက်လျောပေးမည် မဟုတ်ဟု RNDP ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

ကြံ့ဖွံ့ပါတီသည် RNDP ပါတီအား ပြီးခဲ့သည့် ရက်ပိုင်းမှ စတင်၍ တရားစွဲဆိုခဲ့ရာ ယနေ့အထိ ၉ ဦးရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

“တရားစွဲတဲ့ အချက်တွေထဲမှာ အများစုက မဲတွေကို ပြန်လည် ရေတွက်စေချင်တဲ့ ကိစ္စက အဓိက ဖြစ်နေတယ်။ ဒီအချိန်မှာ မဲတွေအားလုံးက ကော်မရှင် လက်ထဲမှာပဲရှိနေတယ်။ ဒီမဲတွေကို ကျနော်တို့က ဘယ်လိုလုပ်ပြီး ယုံကြည်လို့ ရတော့မှာလဲ”ဟု ဒေါက်တာအေးမောင်က ဆိုသည်။

“ရွေးကောက်ပွဲ ပြန်လုပ်ပြီး ထပ် ယှဉ်ပြိုင်ကြမယ် ဆိုရင်တော့ အကောင်းဆုံးပဲ။ တရားသော နည်းလမ်းနဲ့ ပြည်သူတွေ ရှေ့မှာ ပြိုင်ရဲတဲ့ သတ္တိ ရှိကြမယ်ဆိုရင် အချိန်မရွေးပါ” ဟု ဒေါက်တာ အေးမောင်က ဆက်ပြောသည်။

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ ကျင်းပစဉ်ကလည်း ဥပဒေမဲ့ လုပ်ရပ်များကို ကျင့်သုံး၍ အာဏာကို အလွဲသုံးစား လုပ်ဆောင်ခဲ့မှုများရှိပြီး လက်ရှိ တရားစွဲဆိုမှုသည် အနိုင်ရ ရခိုင်ကိုယ်စားလှယ်များကို လုံးဝ ဘေးဖယ်လိုက်ရန် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု မြေပုံ မြို့နယ်ရှိ RNDPပါတီ မှ အနိုင်ရ ကိုယ်စားလှယ် တဦးက ပြောသည်။

“ရွေးကောက်ပွဲအပြီး မဲတွေကို ရေတွက်တဲ့အခါတုန်းက မဲရုံမှူးတွေ၊ မဲရုံတာဝန်ရှိသူတွေ၊ ပြည်သူတွေ ရှေ့မှောက်မှာ ရေတွက်ခဲ့တဲ့ မဲတွေပဲ။ မဲရုံမှူး အများစုဟာလည်း ကြံ့ဖွံ့နဲ့ နီးစပ်သူတွေပဲ များတယ်။ ကျနော်တို့မှာ ကြိုတင်မဲ ဆိုတာလည်း မရှိဘူး။ ကိုယ့်ဒေသခံ တွေက တခဲနက် ထောက်ခံပေးခဲ့တဲ့ မဲတွေနဲ့ပဲ နိုင်ခဲ့တာပါ” ဟု ၎င်းက ဆက်ပြောသည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတသော ရွေးကောက်ပွဲ တခုမဟုတ် ဆိုသည်ကို ပြည်တွင်းနှင့် နိုင်ငံတကာ ကပါသိရှိထားပြီး ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ဆိုသည်။

“ကြံ့ဖွံ့ရဲ့ လုပ်ဆောင်ချက်က ကိုယ့်လူမျိုးချင်းကို ရန်တိုက်သွေးခွဲနေတာပါ။ ကြံ့ဖွံ့ကိုယ်စားလှယ်တွေ အများစုဟာလည်း ဒေသခံတွေပါပဲ။ ဒီကိစ္စတွေဟာ ကြံ့ဖွံ့ပါတီ ညီလာခံ အပြီးမှာ ပေါ်လာတာ ဖြစ်ပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ အကွက်ချ လုပ်ဆောင်တာ၊ တိုက်ခိုက်နေတာလို့ ကျနော်တို့ မြင်တယ်” ဟု သူက ပြောသည်။

RNDP ပါတီသည် မကြာမီပေါ်လာမည့် လွှတ်တော်အတွက် ပြင်ဆင်မှုများကို စနစ်တကျ လုပ်ဆောင်ရန် ခက်ခဲနေပြီး ကြံ့ဖွံ့၏ တရားစွဲဆိုမှုများကို ဖြေရှင်းရန် ကိစ္စကို အဓိက လုပ်ဆောင်နေရကြောင်း၊ ထို့ကြောင့် လွှတ်တော်အတွက် ကိစ္စများကို တရားရင်ဆိုင်ရင်းနှင့်သာ လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ကြံ့ဖွံ့ပါတီက တရားစွဲဆိုထားသည့် RNDP ပါတီမှ ကိုယ်စားလှယ်များမှာ ရသေ့တောင်မြို့နယ်မှ ဦးလှမောင်သိန်း၊ ပေါက်တော မြို့နယ်မှ ဦးကျော်ထွန်းအောင်၊ ဦးအောင်ကျော်ဇံ၊ ဦးမောင်ကျော်သိန်း၊ မြေပုံမြို့နယ်မှ ဦးဖေသန်း၊ ဦးအောင်ဝင်း၊ ဦးမောင်လုံး၊ ကျောက်ဖြူ မြို့နယ်မှ ဦးအုန်းတင်၊ ဦးကျော်လွင်တို့ ဖြစ်သည်။

RNDP သည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်စလုံးအတွက် ကိုယ်စားလှယ်လောင်း ၄၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၃၅ ဦး အနိုင်ရထားသည့် ပါတီဖြစ်ကာ ရာခိုင်နှုန်း အများဆုံးအနိုင်ရထားသည့် တိုင်းရင်းသား ပါတီတခုဖြစ်သည်။

တိုင်းရင်းသားပါတီများအနက် ကိုယ်စားလှယ်အများဆုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီ၏ ကိုယ်စားလှယ် တချို့သည်လည်း ကြံ့ဖွံ့ပါတီ၏ တရားစွဲဆိုခြင်းကို ခံထားရပြီး ဆုံးဖြတ်ချက်ကို စီရင်ချက်မချ သေးကြောင်း၊ ကြံ့ဖွံ့၏ စွပ်စွဲချက်၊ တရားစွဲဆိုချက်များသည် ခိုင်လုံမှု မရှိ၍ မိမိတို့ ကိုယ်စားလှယ်သာ အနိုင်ရမည်ဟု မျှော်လင့်ထား ကြောင်း SNDP ၏ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မည်ဟု ကြွေးကြော်နေသော ကြံ့ဖွံ့ပါတီ၏ လုပ်ရပ်သည် ဒီမိုကရေစီ မကျသည့်အပြင် တပါတီ ကြီးစိုးရေး၊ တိုင်းရင်းသား ပါတီများအား အင်အားနည်းသွားစေရေး တို့ကို လုပ်ဆောင်နေသည်နှင့် တူသည်ဟု ၎င်းက ဆက်ပြောသည်။

SNDP သည် ကိုယ်စားလှယ် ၁၅၆ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၅၆ ဦး အနိုင်ရခဲ့သည်။

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ၌ လွှတ်တော် သုံးရပ်စလုံး၏ မဲဆန္ဒနယ်စုစုပေါင်း ၁၁၅၄ နေရာအနက် ၈၈၂ နေရာအနိုင်ရခဲ့ကြောင်း စစ်အစိုးရ မီဒီယာများက တရားဝင်ကြေညာထားသည်။

လာမည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် လွှတ်တော်ခေါ်ယူမည်ဖြစ်ကြောင်း အစိုးရ မီဒီယာများတွင် ကြေညာထားသည်။

No comments: