Friday, January 7, 2011

နှစ်ဆန်းပိုင်း၌ မောင်းသူမဲ့ UAV လေယာဉ် သျှမ်းပြည်လေတပ်စခန်းဌာနချုပ်နယ်မြေပေါ် ထပ်မံပျံသန်း

သျှမ်းသံတော်ဆင့်

ကျိုင်းတုံမြို့နယ် လွယ်မွေအခြေစိုက် နအဖရေဒါ တပ်စခန်းမှဒီဇင်ဘာလအတွင်း အမည်မသိ UAV Unmanned Aerial Vehicle လေယာဉ် တွေ့ရှိပြီး နောက်ပိုင်း ယခုလ ၁ ရက်ကလည်း သျှမ်းပြည် တောင်ပိုင်း (နအဖ ၏ သျှမ်းပြည်လေတပ် စခန်းဌာနချုပ် တည်ရှိရာ) နမ့်ဇန်မြို့ ၌ အဆိုပါ လေယာဉ်မျိုးထပ်မံ တွေ့ရှိရကြောင်း SSA ခေါင်းဆောင်က ပြောဆိုသည်။

“ပြီးခဲ့တဲ့ ၂၁ ရက်က ကျိုင်းတုံလွယ်မွေမှာတခါ၊ အခုလ ၁ ရက်က နမ့်ဇန် မှာတခါထပ်တွေ့တယ်။ အမြင့်ပေ ၅၀၀၀ လောက်မှာဘဲ။ UAV အမျိုးအစား အဖြူရောင်။ ကျိုင်းတုံမှာတွေ့တဲ့ဟာနဲ့အတူတူဘဲ။ နမ့်ဇန်မှာလဲနအဖရဲ့ရေဒါစခန်း ရှိတာကိုး။ လေယာဉ်က ဘယ်သူ့ဟာ လဲဆိုတာတော့ မသိဘူး” ဟု ဒုဗိုလ် ချုပ်ကြီး ယွက်စစ်က သျှမ်းသံ တော်ဆင့်သို့ ပြောပြ သည်။

အဆိုပါ UAV Unmanned Aerial Vehicle စက်ဖြင့်ထိန်းချုပ်မောင်းနှင်သော လေယာဉ်မျိုး ထိုင်းနိုင်ငံ၌ ရှိသော်လည်း ထိုင်းအစိုးရက မသုံးဖြစ်သေးဟု နယ်စပ်လုံခြုံရေး ထိုင်းအရာရှိတဦးက ပြောပြသည်။

“ကျနော်တို့မှာ UAV လေယာဉ်တွေရှိပါတယ်။ ဒါပေမယ့် မသုံးရသေးဘူး။ လွန်ခဲ့တဲ့ ၄-၅ နှစ် ဒီလိုလေယာဉ်မျိုး သျှမ်းပြည် တောင်ပိုင်း ဟိုမိန်းမှာတခါ ဗမာအစိုးရက ပစ်ချခဲ့ဖူးတယ်။ အဲဒါလဲ ထိုင်းဟာမဟုတ်ဘူး။ ဗမာနဲ့အိမ်နီးချင်းဆိုရင် လာအို(လော) ကလွဲလို့ တရုတ် ရှိတယ်။ အိန္ဒိယရှိတယ်။ ဘယ်သူ့ဟာလဲတော့မသိဘူး” ဟု ပြော၏။

အဆိုပါလေယာဉ်မှာ သတင်းရယူဖို့သက်သက်သာသုံးပြီး နအဖစစ်စခန်း/စစ်ရေးပြင်ဆင်မှုအခြေအနေထောက်လှမ်း လိုခြင်း(သို့မဟုတ်) သျှမ်းပြည်အတွင်းဘိန်းစိုက်ခင်းများစုံစမ်းသိရှိခြင်းအတွက် လေယာဉ်ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သျှမ်းပြည် မူးယစ်ဆေးစောင့်ကြည့် လေ့လာရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းက သုံးသပ်ပြောဆိုကြသည်။

မြန်မာနိုင်ငံ၌ ရေဒါစခန်း ၇ ခုရှိရာ သျှမ်းပြည်အရှေ့ပိုင်း တြိဂံတိုင်း - လွယ်မွေတောင်၊ ကန်းရိုးတန်းတိုင်း - ငွေဆောင်၊ မြိတ်၊ အလယ် ပိုင်းတိုင်း - နတ်ရေကန်တောင်၊ တံတားဦး၊ နေပြည်တော်စစ်တိုင်း တောင်ညို နှင့် မြောက်ပိုင်းတိုင်း ကချင်ပြည်နယ် မိုးညှင်းတို့ဖြစ်သည်။ အဆိုပါ ရေဒါများမှာ ရုရှား၏ Second Hand ဖြစ်သော 1L117အမျိုးအစားများ ဖြစ်ကြ သည်ဟု နအဖလေကြောင်းအရာရှိများနှင့် နီးစပ်သည့် ကျိုင်းတုံဒေသခံတဦးက ပြောပြသည်။

UAV Unmanned Aerial Vehicle စက်ဖြင့်ထိန်းချုပ်မောင်းနှင်သော လေယာဉ်ကို ၁၉၈၀ ပြည့်လွန်နှစ်များက British Inventor က စတင်ဒီဇိုင်းရေးဆွဲခဲ့ပြီး အမေရိကန်နိုင်ငံ General Atomics Aeronautical Systems Inc. က စတင်တီထွင် တည် ဆောက်ခဲ့ သည်ဟု ၀ီခီပီဒီးယား၌ရေးသားဖော်ပြထားသည်။

၁၉၉၀ ပြည့်တွင် အမေရိကန်လေကြောင်း USAF နှင့် CIA တို့ စတင် စမ်းသပ်ပျံသန်းခဲ့ပြီး အမေရိကန်စစ်တပ်က ၁၉၉၅ မှစ၍ တိုက် ပွဲများ၌ အသုံးပြုလာခဲ့သည်။ ထို့ပြင် အာဖဂန်နစ္စတန်၊ ပါကစ္စတန် ၊ဘော့စနီးယား၊ ဆားပီးယား၊ အီရတ်နှင့် ရေမင်တိုက်ပွဲများ၌ဆက် တိုက်အသုံးပြုလာခဲ့သည်။

လေယာဉ်တစီး၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄့၅ သန်းဝန်းကျင်ရှိပြီး စက်အမျိုးအစားအလိုက်လေယာဉ်ပျံသန်းချိန် ၃၈ နာရီမှ ၃၃၆ နာရီအထိကြာမြင့်သည်ဟုလည်းဖော်ပြထားသည်။

UAV Unmanned Aerial Vehicle လေယာဉ်ရှိသောနိုင်ငံများမှာ Argentina /Australia /Brazil /Canada /France /Germany/ Hong Kong / India/ Indonesia/ Italy /Japan/ Malaysia/ Mexico /New Zealand /Philipines /Québec /Singapore /South Korea/ Spain Taiwán /Thailand /United Kingdom/ United State /Vietnam တို့ဖြစ်ကြောင်း ၀ီခီပီဒီးယား၌ဖော်ပြထားပါသည်။

No comments: