ဆန်းသစ်
မြန်မာပြည် MRTV မှ ကိုရီးယားရုပ်ရှင် Secret Sunshine အကြောင်း အကျဉ်းရေးရလျှင်
ခင်ပွန်းဖြစ်သူ ဆုံးသွားပြီး ဇာတိနေရပ်ကိုပြန်လာ အခြေချသော မုဆိုးမယောက်နှင့် သားကလေးတယောက်။ မြို့ရောက်ပြီး မကြာသေးခင် ပြန်ပေးတယောက်က သူ့ရဲ့သားလေးကို ဖမ်းပြီးငွေ ညှစ်သည်။ တောင်းသည့်ငွေပမာဏကို မရသောအခါ သားဖြစ်သူကို သတ်ပစ်လိုက်သည်။ အမျိုးသမီးမှာ အရူးမီး ဝိုင်းတော့သည်။ ထိုအချိန်မှာ ခရစ်ယာန် အုပ်စုတစုနဲ့ သွားတွေ့သည်။ အခြေအနေ ပိုဆိုး သွား ခဲ့သည်။ နောက်ဆုံး ကိုယ့်ကိုကိုယ် လက်မှာ ဓါးနဲ့လှီးပြီး ကောင်းကင်ကို မော့ကြည့်ကာ ဘုရားသခင်တကယ်ရှိလို့ရှိရင် ကျမ ဒီလိုဖြစ်နေတာကို လက်ပိုက် ကြည့်နေမှာလားဆိုပြီး အော်ဟစ်သည်။ ဘာမှ ထူးထူးခြားခြား မဖြစ်လာ။ နောက်ဆုံးတော့ စိတ်ရောဂါ ကုဆေးရုံရောက်သွားပြီး ကုသရသည်။ ကောင်းသွားသောအခါ သူ့ကို ဒီမြို့ မှာ စရောက်ကတည်းက တောက်လျောက် အကူ အညီ ပေးခဲ့သောလူက လာကြိုသည်။ နောက်ဆုံးခန်းတွင် မြေကြီးကို တမိနစ်ခန့် ရိုက်ပြပြီး ရုတ်တရက် အဆုံးသတ်သွားသည်။
ကိုရီးယားရုပ်ရှင်ဆိုလျှင် လွန်ခဲ့တဲ့နှစ်များစွာက မြန်မာ့ရုပ်သံကြောင့် မြန်မာပြည်မှာ အလွန်စွဲလန်းစွာ ကြည့်ရှုခဲ့ကြ
သည်။ အခုထိလည်း ကြည့်ရှုဆဲဖြစ်သည်။ ထိုသို့သော ကောင်းမြတ်သည့်၊ လောကသဘာဝနှင့် စိတ်နေသဘော
ထား Attitude များကို စတင်မိတ်ဆက်ပေးခဲ့ပါသည်။ အထူးသဖြင့် ၂ဝဝ၅ တွင် ဒေဝူးကုမ္ပဏီမှ ရခိုင်ကမ်းရိုးတန်းတွင် ဧရာမဓါတ်ငွေ့သိုက်ကြီး တွေ့ရှိပြီးနောက် ယခင်ပြနေသော MRTV တရုတ် ရုပ်ရှင်ကားများနေရာ၊ ကိုးရီးယားကား များဖြင့် အစားထိုးခဲ့ပါသည်။
မြန်မာနှင့် တောင်၊မြောက် ကိုရီးယား နှစ်နိုင်ငံ
၁၉၇ဝ ပတ်ဝန်းကျင်က၊ မြန်မာဘောလုံးအသင်း အာရှဘောလုံးပွဲ ဗိုလ်စွဲခဲ့စဉ်၊ တောင်ကိုရီးယားနှင့် မြန်မာ
ဘောလုံးအသင်းတို့ အကြိတ်အနယ် ဖြစ်ခဲ့ပါသည်။ တောင်ကိုရီးယားသမ္မတ ပတ်ချုန်ဟီးဖလား ပြိုင်ပွဲတွင်
မြန်မာဗိုလ်စွဲခဲ့သော ကာလဖြစ်ပါသည်။ ယခုတွင် တောင်ကိုရီးယားမှာ အာရှအဆင့်မှ ကမ္ဘာ့အဆင့်သို့ တက်လှမ်းသွားပါသည်။
၁၉၈၃ခု တောင်ကိုရီးယားသမ္မတ ချွန်ဒူးဝမ်အဖွဲ့ မြန်မာပြည်ခရီးစဉ်တွင်၊ မြောက်ကိုရီးယား သူလျှိုများမှ အာဇာနည် ဗိမာန်ကို အောင်မြင်စွာဖောက်ခွဲမှုကြောင့် တောင်ကိုရီးယား အစိုးရဝန်ကြီးများ အပါအဝင် ၁၇ဦး သေဆုံးခဲ့သည်။ သမ္မတမှာ နောက်ကျရောက်လာသောကြောင့် လွတ်မြောက်သွားခဲ့သည်။ မြန်မာအစိုးရက မြောက်ကိုရီးယားကို သံတမန်အဆက်သွယ် ဖြတ်တောက်သည်။ တောင်ကိုရီးယားအဖို့လည်း အထိနာသွားခဲ့သည်။ ထိုအချိန် ကတည်း က တောင်ကိုရီးယားမှ ဒေဝူးကုမ္ပဏီကြီးသည် မြန်မာကုန်တိုက်နှင့် ဖက်စပ် ခေတ်ပေါ် လျှပ်စစ်ပစ္စည်းဆိုင်ကြီးများဖြင့် စတင်နေပြီဖြစ်သည်။
အိမ်နီးချင်း၊ တရုတ်၊ အိန္ဒိယ အင်အားကြီး နိုင်ငံနှစ်ခုကြားတွင် ပထဝီအနေအထားဖြစ်နေသော မြန်မာနိုင်ငံလိုပင် အာရှတိုက်အင်အားကြီး နှစ်နိုင်ဖြစ်သော တရုတ်နှင့်ဂျပန် နှစ်နိုင်ငံကြား ရပ်တည်ရသော ကိုရီးယားနိုင်ငံ အခြေအနေမှာလည်း အင်မတန်ရှုပ်ထွေးပါသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းကဆိုလျှင် ကိုရီးယားနိုင်ငံသည်မြန်မာနိုင်ငံထက် ပိုမိုကြာမြင့်စွာ ဂျပန်လက်အောက်မှာ ဖိနှိပ် အုပ်ချုပ်ခံခဲ့ရသည်။ ယခင် ရုရှား၊ တရုတ် ကွန်မြူနစ်များ အင်အားကြီးစဉ်က အမေရိကန်၊ ဂျပန်များနှင့် အင်အားပြိုင်ရာတွင် ကိုရီးယား နှစ်နိုင်ငံကွဲပြီး ပြည်တွင်း စစ်ကြီး ဖြစ်ခဲ့ရသည်။ စူပါပါဝါ နိုင်ငံကြီး နှစ်ခုကြား ရပ်တည်ရခြင်းတွင် ပြည်တွင်းညီညွတ်မှု မရပါက၊ တိုင်းပြည် နစ်နာမည်သာ ဖြစ်သည်။
ကိုရီးယား၊ မြန်မာ နှစ်နိုင်ငံ တူညီမှုတခုမှာ တိုက်တိုက်ဆိုင်ဆိုင်၊ ကုလသမဂ္ဂအကြီးဆုံး ရာထူးရရှိသူမှာ အာရှတိုက် သား နှစ်ဦးသာ ရှိသေးသည်။ မြန်မာ- ဦးသန့်နှင့် ကိုရီးယား- ဘန်ကီမွန်း (လက်ရှိ) တို့ဖြစ်သည်။ မြန်မာနိုင်ငံမှ ဦးသန့်က ပထမဆုံး အာရှတိုက်သားအဖြစ် ၁ဝ နှစ်၊ ၁၉၆၁ မှ ၁၉၇၁ ထမ်းဆောင်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံမှ ဘန်ကီမွန်းသည် ၂ဝဝ၇မှ စတင် ထမ်းဆောင်ခဲ့ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး၏ ထိပ်ဆုံးရာထူးကို မြန်မာလူမျိုး ထမ်းဆောင်ခဲ့ခြင်းမှာ ဂုဏ်ယူဖွယ်ဖြစ်သည်။ နိုင်ငံကြီးများကြားတွင် နေထိုင်အသက်ရှင်ရသော အာရှတိုက်မှမြန်မာနှင့် ကိုရီးယားတို့၏ အရေးပါမှုဟု ဆိုနိုင်ပါသည်။
ဒေဝူးကုမ္ပဏီမှာ ယခုအခါ မြန်မာ့ စီးပွားရေးတွင် အထူးပါဝင်နေပါသည်။ ၂ဝဝ၅ တွင် ကိုရီးယား ဒေဝူးသည် ရခိုင် ကမ်းလွန်ဒေသတွင် ဓါတ်ငွေ့သိုက်ကြီး တွေ့ရှိပြီးနောက် ကိုရီးယား ရင်းနှီးမြှုပ်နှံမှုများစွာ မြန်မာပြည်တွင် ရောက် လာပါသည်။ ဓါတ်ငွေ့သိုက်ကြီး တွေ့ရှိပြီး၊ ဒေဝူးက သူကိုယ်တိုင် ရင်းနှီးငွေရှာဖွေကာ စီမံကိန်းကို ဦးစီးသည်။ ဓါတ်ငွေ့ရောင်းရန် ကိုရီးယား၊ ထိုင်း၊ တရုတ် ကုမ္ပဏီများနှင့် လိုက်ညှိနှိုင်းရာ၊ နောက်ဆုံး တရုတ်ကုမ္ပဏီသို့ အရောင်းစာချုပ် ရရှိခဲ့သည်။ တရုတ်ကလည်း ဓါတ်ငွေ့သာမက၊ရေနံပိုက်လိုင်းပါဆောက်ရန် ရင်းနှီးမြှုပ်နှံခဲ့သည်။
ရွှေဓါတ်ငွေ့ လုပ်ငန်းကို ကိုရီးယား ဒေဝူးက ၅၁ ရာခိုင်နှုန်း၊ အိန္ဒိ္ဒိယအစိုးရပိုင် ONGC ကုမ္ပဏီ မှ ၁၇ ရာခိုင်နှုန်း၊မြန်မာ MOGE ကုမ္ပဏီမှ ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယ GAIL မှ ၈.၅ ရာခိုင်နှုန်းနှင့် ကိုးရီးယား Korea Gas Corp ကုမ္ပဏီတို့မှမှ ၈.၅ ရာခိုင်နှုန်းတို့ ပါဝင်ကြသည်။ ပိုက်လိုင်းဆောက်ခြင်းအတွက် တရုတ်ကုမ္ပဏီမှ သီးသန့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ပါသည်။ ဒေဝူးကုမ္ပဏီမှာ မြန်မာနိုင်ငံသို့ ဓါတ်ငွေ့လုပ်ငန်းလုပ်ရင်း၊ တရားမဝင်၊ လက်နက် ပစ္စည်းများ တင်ပို့ပေးမှုဖြင့် တရားရင်ဆိုင်နေရပါသည်။ ကုမ္ပဏီအကြီးအကဲက ၂ဝဝ၇ အတွင်း တရားရုံးတွင် ဝန်ခံခဲ့သည်။ ထိုသို့ တရားမဝင်လုပ်ခြင်းသည် တောင်ကိုရီးယားနိုင်ငံ အကျိုးစီးပွားအတွက်ဖြစ်သည်ဟု ထုချေလွှာ တင်ခဲ့သည်။
ဒေဝူးအကြောင်း အနည်းငယ်ဖေါ်ပြလျှင်၊ ဒေဝူးမပြိုကွဲမီက ကိုရီးယား ထိပ်တန်းကုမ္ပဏီလေးခု ဟွန်ဒိုင်း၊ ဒေဝူး၊ အယ်လ်ဂျီ၊ ဆန်မ်ဆောင်း တို့တွင် ဒေဝူးသည် ဒုတိယအကြီးဆုံးဖြစ်သည်။ ၁၉၆၇တွင် စတင်တည်ထောင်ပြီး၊ ၁၉၉၉တွင် အာရှငွေကြေး၊ စီးပွားပျက်ချိန်တွင် ဒေဝါလီ ခံလိုက်ရသည်။ တောင်ကိုရီးယား အစိုးရကိုယ်တိုင် ဆက်လက်ဦးစီးပေးရသည်မှာ ယခုတိုင်ဖြစ်သည်။ ထိုအချိန်တွင် ဒေဝူးကုမ္ပဏီသည် နိုင်ငံ ၁ဝဝ တွင် လုပ်ငန်းတိုးချဲ့ထားပြီး ဖြစ်သည်။ တာဝန်ရှိသူများသည် ကုမ္ပဏီပိုင်ဆိုင်မှုများကို တရားမဝင် နိုင်ငံခြားသို့ လွှဲပြောင်းယူကြပြီး ကုမ္ပဏီ ဥက္ကဋ္ဌကြီး Kim Woo-Choong ကိုယ်တိုင်၊ ပြင်သစ်ပြည်သို့ ထွက်ပြေးသွားသည်။
သို့သော် သူသည် ၂ဝဝ၅ တွင် တိုင်းပြည်သို့ ပြန်လာသည်။ နိုင်ငံခြားတွင် ချမ်းသာ၊ မကြောင့်မကျ နေထိုင်နိုင်သော်လည်း ဖြစ်ရပ်များကို ကိုရီးယားပြည်သူများ သင်ခန်းစာယူနိုင်ရန် အဖမ်းခံ၊ တရားရုံးတင်ခံပြီး ထောင် ၁ဝ နှစ် ကျခံခဲ့ပါသည်။ တရားရုံးတွင် Kim က မိမိမှားယွင်းစွာ လုပ်ဆောင်ခဲ့မှုများအတွက် မျက်ရည်ဖြင့် တိုင်းပြည်ကို တင်ပြခဲ့ပါသည်။ ထိုစဉ်က တောင်ကိုရီးယားသမ္မတ ရိုတေဝူးနှင့် ရေတပ်၊ ရေငုတ်သင်္ဘော ဆိပ်ကမ်း ဆောက်လုပ်ရေး အတွက် အပေးအယူလုပ်ခဲ့မှုကိုလည်း အမှုတမှုအဖြစ် အပြစ်ပေးခံခဲ့ပါသည်။
နိုင်ငံတကာ အပယ်ခံဖြစ်သော၊ မြောက်ကိုးရီးယားနိုင်ငံသည် ၂ဝဝ၆ တွင် နြူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲပြခြင်းဖြင့် ကမ္ဘာ့နိုင်ငံများ၊ အထူးသဖြင့်၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့ကို တုန်လှုပ်၊ ဒေါသထွက်စေခဲ့သည်။မြန်မာ စစ်အစိုး ရကလည်း နြူကလီးယား ဓါတ်ပေါင်းဖိုပညာ ရလိုသည့်အတွက် ရုရှားနိုင်ငံကို အားကိုးခဲ့သည်။ အခြားရနိုင်သောနေရာများ တရုတ်၊ ပါကစ္စတန် စသဖြင့် ကြိုးစား ရင်း၊ မြောက်ကိုရီးယားနှင့် ပြန်လည် ပေါင်းမိခဲ့သည်။ မြောက်ကိုရီးယားမှ မြန်မာပြည်သို့ လက်နက်များ သယ်ဆောင်ဖွယ်ရာ မသင်္ကာသည့် မြောက်ကိုရီးယား ကုန်သင်္ဘောများကို အမေရိကန်ရေတပ်မှ ပြန်လှည့်စေသည့်ဖြစ်ရပ် ဇူလိုင်၂ဝဝ၉ နှင့် ဇွန် ၂ဝ၁၁ တို့တွင်နှစ်ကြိမ်ဖြစ်ခဲ့သည်။
မြောက်ကိုရီးယားနှင့် ဆက်ဆံခြင်းဖြင့် မြန်မာပြည်အတွက်၊ အကျိုးနည်းစေသော်လည်း၊ စစ်အစိုးရ၊ အာဏာမြဲရေး အတွက်မူ၊ အသုံးကျမည်ဖြစ်သည်။ မြန်မာပြည်အတွက် စံနမူနာထားပြီး ဆက်ဆံ၊ အတုယူရမည်မှာ၊ တောင်ကိုရီးယားနိုင်ငံဖြစ်သည်။ မှန်ကန်သော မျိုးချစ်စိတ်ဓါတ်ဖြင့် နိုင်ငံခေါင်းဆောင်များ ကြိုးစားကြပုံ၊ မလွဲမရှောင်သာသော စစ်တပ်အာဏာသိမ်းမှုများ ဖြစ်ရပုံ၊ ခေါင်းဆောင် များလည်း လာတ်စားမှုများ၊ မလွဲမရှောင်သာ ဖြစ်ပေါ်လာသော်လည်း၊ ခေါင်းဆောင်ဖြစ်သူများ တာဝန်ခံ၊ အပြစ်ကျခံသွားကြပုံများမှာ အတုယူရမည့် ကိုရီးယား စိတ်ဓါတ် ဖြစ်သည်။
ကိုးရီးယားအစိုးရ လာဘ်စားမှု အရေးအခင်းများ
ကိုရီးယားနိုင်ငံသည် တရုတ်ပြည် အိမ်နီးချင်း လွတ်လပ်သောနိုင်ငံအဖြစ် နေခဲ့သော်လည်း ဂျပန်ကျူးကျော်မှုကို ခံခဲ့ရပါသည်။ နောက်ပိုင်းတွင် စူပါပါဝါ ရုရှား၊ တရုတ်၊ အမေရိကန်တို့ အားပြိုင်ဆိုင်မှုကြောင့် ၁၉၅၂ တွင် ပြည်တွင်း စစ်ဖြစ်ပြီး စိစိညက် ကြေခဲ့ရှာ ပါသည်။ ကြံ့ကြံ့ခံ ရပ်တည်ရင်း ယခုအခါ ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ်သို့ ဘက်စုံချဉ်းနင်း ဝင်ရောက်လျက်ရှိပါပြီ။
ကိုရီးယားခေါင်းဆောင် သမ္မတများကို လေ့လာကြည့်ပါက ဂျပန်များစတင်အုပ်စိုးသည့် ကိုးရီးယားအစိုးရတွင် Syngman Rhee ပထမဆုံး သမ္မတဖြစ်သည်။ ၁၉၄၈ အထိ ၁၁ဦး ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ဒုတိယကမ္ဘာစစ်အပြီး ထပ်မံရွေးချယ်ခံရသည်။
၁၉၄၈ - ၁၉၆ဝ ဒုတိယကမ္ဘာစစ်အပြီး Syngman Rhee သမ္မတ အရွေးခံခဲ့ရသည်။ သူ့ခေတ် ၁၉၅ဝ- ၅၁ ကွန်မြူနစ် ကိုရီးယားနှင့် စစ်ပွဲဖြစ်သည်။ ၁၉၆ဝ- ၁၉၆၂ ခုနှစ်တွင် အရပ်သားနိုင်ငံရေးသမားဖြစ်သူ Yun Bo-seon တက်လာပြီး အာဏာသိမ်းခံရသည်။ အတိုက်အခံအဖြစ် သမ္မတ နှစ်ကြိမ်ထပ်မံပြိုင်ရာ ရှုံးခဲ့သည်။ ၁၉၉ဝတွင် ကွယ်လွန်သည်။
၁၉၆၂ သမ္မတ ဖြစ်လာပြီး ၁၉၇၉ တွင် Park Chung-hee လုပ်ကြံခဲ့ရသည်။ ၁၉၇၉- ၁၉၈ဝ တွင် Choi Kyu-hahသည် Park Chung-hee ၏ သမ္မတသက်တမ်းကို ဆက်ခံသူဖြစ်သည်။ စစ်အာဏာ သိမ်းခံရပြီးနောက် ၂ဝဝ၆ တွင် ကွယ်လွန်သည်။ ၁၉၈ဝ- ၁၉၈၈ တွင် စစ်ဗိုလ်ချုပ်ဖြစ်ခဲ့သူ Chun Doo-hwan သည် ၁၉၈၃ ရန်ကုန် အာဇာနည် ဗိမာန်တွင် မြောက်ကိုရီးယား သလျှိုများမှ ဗုံးခွဲလုပ်ကြံရာတွင် လွတ်မြောက်ခဲ့သည်။
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ဖြစ်သူ Kim Dae-jung သည် နှစ်ပေါင်းများစွာ အတိုက်ခံအဖြစ်မှ သမ္မတအဖြစ် ၁၉၉၈ - ၂ဝဝ၃ ထိတာဝန်ယူခဲ့သည်။ ၂ဝဝ၉ ခုနှစ်တွင် ကွယ်လွန်သည်။ စစ်ဗိုလ်ချုပ် သမ္မတဟောင်းနှစ်ဦးဖြစ်သည့် Chun Doo-hwan နှင့် Roh Tae-woo ကို အာဏာအလွဲသုံးမှု၊ လာတ်စားမှုများဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားခြင်းမှ လွတ်ငြိမ်းချမ်းသာပေးခဲ့သည်။
၂ဝဝ၃ မှ ၂ဝဝ၈ Roh Moo-hyun သမ္မတ ငါးနှစ်သက်တမ်းအပြီး၊ အနားယူချိန်တွင် အာဏာအလွဲသုံးမှု လာဘ်စားမှုဖြင့် အရေးယူခံရချိန်တွင် မိမိကိုယ်ကို သတ်သေသွားသည်။ ၂ဝဝ၈ ခုနှစ်တွင် Lee Myung-bak သမ္မတဖြစ်လာသည်။
အတိုက်အခံ လူထုခေါင်းဆောင် Kim Dae-jung
အထက်ပါ ကိုရီးယားခေါင်းဆောင်များတွင် အားလုံးမှာ စစ်မှန်သော မျိုးချစ်များဖြစ်သည်ကို ငြင်းမရနိုင်ပါ။ သို့သော် အာဏာရ လာပြီး နောက်တွင် ကြာလာသောအခါ အာဏာရှင်ဖြစ်လာသည်။ ၁၉၆၂ မှ ၁၉၉၇ အထိ စစ်ဗိုလ်ချုပ်ဟောင်း များနှင့် ပါတီက နိုင်ငံကို အုပ်ချုပ် ခဲ့သည်။ ထိုကာလများတွင် အတိုက်အခံအဖြစ် တောက်လျှောက် ရပ်တည် ခဲ့သော Kim Dae-jung မှာ အဖမ်းခံ၊ ထောင်ကျ၊ ဖိနှိပ် မှုကြားမှ သမ္မတရွေးပွဲ ၁၉၈၈၊ ၁၉၉၂ တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ကိုးရီးယား စစ်အာဏာရပါတီကို မယှဉ်နိုင်ခဲ့ပါ။
အသက် ၆၈နှစ် ရှိပြီဖြစ်သော Kim Dae-jung သည် အင်္ဂလန်နိုင်ငံ ကင်းဘရိတ်တက္ကသိုလ်တွင် သုခမိန်ရာထူးဖြင့်သွားရောက် လုပ်ကိုင် သောအခါ နိုင်ငံရေးသမားဘဝ နိဂုံးချုပ်ပြီဟု ယူဆကြသည်။ သို့သော် ၁၉၉၇တွင် ပြန်လာပြီး အာဏာရပါတီနှင့် ထပ်မံယှဉ်ပြိုင်သော Kim Dae-jung ၇၄နှစ် အရွယ်သည် ၁၉၉၈ တွင် သမ္မတ အရွေးခံခဲ့ရသည်။ အာဏာရပါတီကလည်း အမျိုးသားရေးကိုငဲ့ညှာကာ အာဏာလွဲပေးခဲ့ပါသည်။
၁၉၉၈ မတိုင်မီကတည်းက ယခင်စစ်ဗိုလ်ချုပ်သမ္မတဟောင်း နှစ်ဦးမှာ (ချွန်ဒူးဝမ် နှင့် ရိုတေဝူး) အာဏာ အလွဲသုံးမှု၊ လာတ်စားမှုများဖြင့် အကျဉ်းကျခံနေရချိန်ဖြစ်သည်။ ထိုအခါ မိမိအတိုက်အခံဘဝက နှိပ်ကွပ်ခဲ့သူ သမ္မတဟောင်းနှစ်ဦးကို နိုင်ငံအကျိုးအတွက် အပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ သူ့နောက် အရွေးခံခဲ့ရသူ ကင်ယုန်ဆန်းမှာလည်း ဇနီး၊ မိသားစု၏ အာဏာအလွဲသုံးခြင်း၊ လာတ်စားခြင်း အမှုအရေးများကို မိမိကိုယ်ကို သတ်သေခြင်းဖြင့်၊ ပြီးတာတွေ ပြီးပါစေဟု ဖြေရှင်းခဲ့သည်။ တရားတဘောင်၊ အမှုအခင်းတွင် ပါဝင်သူအားလုံး ဝမ်းနည်းစွာ ကျေအေးသွားကြသည်။ နမူနာကောင်း မဟုတ်သော်လည်း ခေါင်းဆောင်၏ တာဝန်ယူမှုကို ပြသခြင်း ပင်တည်း။
ပါတီနိုင်ငံရေးသည် အလွန်ရှုပ်ထွေးပါသည်။ နိုင်ငံတိုးတက်လာပါက အစိုးရအာဏာ၊ လွှတ်တော်အာဏာ၊ ဥပဒေ အာဏာ သုံးရပ်ကို ချိန်ခွင်လျှာ မျှတလေ့ရှိသည်။ ထိုအာဏာ သုံးရပ်ကို အုပ်ချုပ်သူ အစိုးရခေါင်းဆောင် တဦး လက်ထဲသို့ မရောက်စေရပါ။
မြန်မာနိုင်ငံ နေပြည်တော်မြို့သစ်
တရုတ်နိုင်ငံသည် မြန်မာစစ်အစိုးရကို နိုင်ငံတကာမှ ပစ်ပယ်ထားစဉ်၊ ၁၉၉ဝ နောက်ပိုင်း စစ်လက်နက်၊ ကြည်း၊လေ၊ ရေ အကုန် လျှော့ဈေးဖြင့် အဟောင်းများ ထုတ်ရောင်းခဲ့ပါသည်။ စက်ရုံများစွာလည်း အကြွေးစနစ်ဖြင့် တရုတ်မှ တည်ဆောက်ပေးခဲ့ပါသည်။ ငါးနှစ်ခန့်အကြာတွင် ထိုတရုတ်ထုတ်ကုန်အားလုံး နိဂုံးချုပ်သောအခါ ၂ဝဝဝ နောက်ပိုင်းတွင် မြန်မာစစ်အစိုးရအဖို့ အခက်အခဲများစွာ ဖြစ်ရသည်။
၁၉၉၅ တွင် ပြင်သစ် (တိုတယ်) ကုမ္ပဏီမှ ရတနာဓါတ်ငွေ့ ရင်းနှီးမြှုပ်နှံမှုနှင့် ၂ဝဝ၅ တွင် ကိုရီးယား ဒေဝူး ကုမ္ပဏီမှရွှေဓါတ်ငွေ့ ရင်းနှီးမြှုပ်နှံမှုတို့မှ ဒေါ်လာ ဘီလီယံများစွာဖြင့် နေပြည်တော်ကို အပြီးသတ်၊ ဆောက်နိုင်ခဲ့သည်။ လွှတ်တော်တွင် ကျပ် ဘီလီယံ ၂,၇ဝဝ လိုငွေပြနေခြင်းကိုလည်း လွှတ်တော်ကိုယ်စားလှယ် တဦးမှ ဆွေးနွေးရန် မရှိဖြစ်နေသည်။ ပြီးတာတွေလည်း ပြီးပါစေ။ မြိုတော်သစ် လည်း ရန်ကုန်ပြန် ရွှေ့နေလျှင် စရိတ်ထပ်ထောင်းနေဦးမည်။
တရုတ်အရင်းအနှီး အလုံးရင်းလာပါပြီ
၂ဝ၁၁ စရင်းထုတ်ပြန်ချက်အရ အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ ရေအားလျှပ်စစ် စီမံကိန်းများတွင် တရုတ်နိုင်ငံက ရင်နှီးမည်ဟု ဆိုသည်။ ရေအားလျှပ်စစ်တွင် အထူးသဖြင့် မြစ်ဆုံဆည်ကို အထူးရင်းနှီးမြှုပ်နှံနေပါသည်။ တရုတ် ရင်းနှီးမြှုပ်နှံမှုများမှာ သတိ ထားရ မည်ဟု မြန်မာအစိုးရလည်း သိပါသည်။ မည်သို့မည်ပုံ ထိုစီမံကိန်းများ အတည်ပြု သွားခြင်းကို နောင်လေးနှစ်ကြာမှ ဆွေးနွေးခွင့်ရမည် ဖြစ်သည်။
တရုတ်ရင်းနှီးမြှုပ်နှံသော စီမံကိန်းများ အထူးသဖြင့် ကချင်ပြည်မှ၊ ကျောက်စိမ်း၊ သစ်၊ ရွှေ၊ ရေကာတာ လုပ်ငန်း များတွင် အစိုးရသစ်မှ မည်သို့ကိုင်တွယ်မည်မှာ စိတ်ဝင်စားစရာဖြစ်သည်။ ငွေကြေး တည်ငြိမ်ရန်လည်း အိုင်အမ်အက်ဖ်နှင့် နိုင်ငံတကာမှ အကူညီ၊ အကြံပေး ရေးအဖွဲ့များ ရောက်လာမည်ဖြစ်သည်။ အကောင်တထည်ဖေါ်ရန်အတွက်မူ သင့်တော်သော အစိုးရခေါင်းဆောင် (ဝန်ကြီးများ) ဖြစ်ရန် အလွန်အရေးကြီးနေပါသည်။
မြန်မာပြည်၏ နိုင်ငံခြား ရင်းနှီးဝင်ငွေ (FDI) ရှစ် ဘီလီယံသည် ရေအားလျှပ်စစ်သက်သက် တရုတ်အစိုးရ၏ CPI China Power Investment မှ ရင်းနှီးထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ယူနန်အရေးတင် မဟုတ်ပါ။ တရုတ်ပြည်မကြီး အရေးဖြစ်သည်။ တရုတ်နိုင်ငံပိုင် ငွေများစွာ ရင်းနှီးခြင်းဖြစ်သည်။ ဂျပန်ကုမ္ပဏီကြီးတခု Kansai Electric Power ကိုပင် ဆွဲထည့်ထားသည်။
နိုင်ငံခြား ရင်နှီးမြှုပ်နှံမှုများနှင့် အကူညီ
မြန်မာနိုင်ငံ FDI ကိုကြည့်လျှင် ၂ဝ၁၁ အတွက် အားရစရာဖြစ်သည်။ သို့သော် တရုတ်မှ ရေအားလျှပ်စစ်၊ ရေနံ၊ ဓါတ်ငွေ့၊ ကြေးနီ စသည်များတွင်၊ ရင်းနှီးမြှုပ်နှံခြင်းများ ဖြစ်သည်။ မည်သည့် ကဏ္ဍသည် တိုင်းပြည်ကို အကျိုးပြု သည်ကို တိုင်းပြည်ခေါင်းဆောင်များ သိမည်ဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုကြောင့် တရုတ်နှင့် အိန္ဒိယနိုင်ငံကြီးနှစ်နိုင်ငံ တဟုန်ထိုး တိုးတက်ရာတွင်၊ မြန်မာနိုင်ငံသည် အမျိုးသားရေးဖြင့်၊ ညီညွတ်စွာ ကြိုးစားနိုင်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုငွေများကို အကျိုးရှိစေမည်ဖြစ်သည်။ ၂ဝ၁၁ တွင် ကျပ်ငွေတန်ဖိုး ၂၅ ရာနှုန်းမျှ မြင့်တက်လာခြင်း ကိုလည်း အမျိုးသားရေးအနေဖြင့် အစိုးရ၊ အတိုက်ခံ၊ နိုင်ငံတကာအကူညီများဖြင့် ဖြေရှင်းနေကြပါသည်။
သင်ပုန်းချေ၊ ပြုပြင်ပြောင်းလဲရေး
ဦးနေဝင်း အာဏာသိမ်းသည့် ၁၉၆၂ ခုနှစ်မှ အနှစ်၅ဝအတွင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်၊ နှစ်ပေါင်းများစွာ အနှောင်၊အချုပ် ခံခဲ့ရသည်။ အသက်၊ အိုးအိမ်၊ စည်းစိမ် ပျက်စီးရသူများစွာ ဒီမိုကရေစီ ဘက်သားများစွာ ရှိသလို၊ စစ်အစိုးရ ဖြုတ်ချခံရသူများလည်း ရှိပေသည်။ တိုင်းရင်းသား လက်နက်ကိုင်များတွင်လည်း နာကျည်းမှုများစွာ ရှိကြသည်။ သင်ပုန်းချေခြင်းမှာ အင်အားကြီးမားသူ အစိုးရဘက်မှ စတင်လျှော့ပေးရသည်။ လက်ရှိ အစိုးရသစ်ခေါင်းဆောင်များနှင့် လူထုနိုင်ငံရေး အဖွဲ့အစည်းများတွင်၊ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပုံမှန်တွေ့ဆုံမှုသည်၊ အထူးအရေးကြီးလှပေသည်။ အတိတ်တရားခံ ရှာဖွေ၊လက်ညိုးထိုးခြင်းမှ အနာဂါတ်သို့ ချီတက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ မြန်မာ၊ကမ္ဘာ အားလုံးလေးစားရသူက သင်ပုန်းချေပြခြင်းဖြင့်၊ ကြားခံပေးမှု လိုအပ်ပါသည်။
အမျိုးသားရေး (Attitude)
A=1, B=2, ...Y=25, Z=26 စသဖြင့်သတ်မှတ်ပါက၊ Hardwork= 98, Knowledge= 96, Love= 54, Lucky= 47, Money= 89 ရရှိမည်ဖြစ်ကာ Attidute= 100% ရမည်ဆိုသော ကျော်ကြားသည့်၊ ဖေါ်မြူလာမှာ အလွန်ရေပန်းစားလှပါသည်။ လူကိုဖိနိုင်ပြီး အုပ်ချုပ်သော စစ်အုပ်ချုပ်ရေးအကျင့်ဆိုးများမှ ကောင်းမွန်သော အကျင့်ကောင်းများ Good Attitude သို့ ပြောင်းလဲရန်၊ ကိုရီးယားရုရှင် မပြတ်တမ်းကြည့်ကြသော မြန်မာပြည် လူကြီးကတော်များမှ၊ မိမိခင်ပွန်းသည်ကို ထိမ်းသိမ်းနိုင်မည်ဟု မျှော်လင့်ပါသည်။
ပြုပြင်ပြောင်းလဲရေးတွင် ဦးသိန်းစိန်မှ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် ဖိတ်ခေါ် တွေ့ဆုံခြင်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းမှ ဒီမိုကရေစီနေ့တွင် သူလည်း ဒီမိုကရေစီ ဘက်တော်သား ဖြစ်ကြောင်း ကြေညာခြင်းများမှာ အားရဖွယ်ရာများဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အလွန်ထက်မြက်သူ ဖြစ်သည်ဟုမြောက်ပင့်ပြောသံများလည်း အစိုးရအရာရှိကြီးများထံမှ ကြားရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသား ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းသော်လည်း လက်မခံသေးပါ။
စစ်တပ်နည်းအတိုင်း ခပ်မာမာကိုင်တွယ်လိုသူများမှာ အရိုးစွဲနေသည်များကို ပြင်ရန် ခက်သော်လည်း၊ နိုင်ငံအကျိုး ကို မျှော်ကြည့်ပြီး သည်းခံ၊ ပြောင်းလဲရပါမည်။ အဓိက ပြောင်းလဲရန်မှာ ကျွန်ုပ်တို့ မြန်မာပြည်သား တဦးစီဖြစ်သည်။ ထစ်ကနဲရှိ ဒေါသထွက်၊ အော်ဟစ်၊ အတင်းကျပ်လုပ်တတ်သော ပင်ကိုယ်စိတ်ထားမှ၊ စိတ်ရှည်၊ ချိုသာစွာပြောဆို၊ နားထောင်၊ ညှိနှိုင်းတတ်သော ဒီမိုကရေစီစရိုက်များသို့ မိမိတဦးချင်း မိသားစုတွင်း ဆက်ဆံရေးမှ စတင် ပြောင်းလဲ ရမည်ဖြစ်သည်။
တောင်ကိုးရီးယားနိုင်ငံတွင် အလုပ်သွားလုပ်သော မြန်မာများသည် ကိုးရီးယား စိတ်ဓါတ်ကောင်းများ ရရှိသူ များစွာ ရှိပါသည်။ မြန်မာပြည်တွင် MRTV အစီအစဉ်များဖြင့် ကိုရီးယားကားများစွာ လွန်ခဲ့သော ငါးနှစ်ခန့်မှ စတင်ပြသပြီး၊ပြသနေဆဲလည်း ဖြစ်ပါသည်။ ၂ဝဝ၇ သံယာ အရေးအခင်းနောက်ပိုင်းတွင် မြန်မာစစ်ခေါင်းဆောင်များ အပြောင်းအလဲ လုပ်ရန် စစ်အာဏာရှင်စနစ် ရပ်တံ့ရန်၊ ဆုံးဖြတ်ခဲ့သည်ဆိုပါက သံယာအရေးအခင်းတွင် ဦးဆောင်သော၊ သံဃာများ၊ လူပုဂ္ဂိုလ်များကို မှတ်တမ်းတင်ရပေမည်။
ကိုရီးယားရှိ အမေရိကန် စစ်စခန်းများကြောင့် ကိုရီးယားနိုင်ငံ တိုးတက်သည်ဟု ယူဆလျှင် ကိုရီးယားများ၏ စိတ်ဓါတ်ကို လစ်လျုရာ ရောက်ပေမည်။ မြန်မာများ တရုတ်ပြည်ကို အလုပ်သွားမလုပ်ကြပါ၊ (အနောက်အုပ်စု ပိတ်ဆို့မှုကြောင့် တရုတ်ပြည်မကြီးနှင့် တွဲလုပ်ရပါသည်ဟု ကုလသမဂ္ဂ ညီလာခံတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောခဲ့ဖူးသည်)။ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ တိုင်ဝမ် စသည့် နေရာများ သို့သာ အလုပ်သွားလုပ်ကြပါသည်။ မည်သိုပင်ဖြစ်စေ မြန်မာပြုပြင်ပြောင်းလဲမှုများတွင် ထိုင်းလူမျိုး ပုံစံများက ပိုမိုလွမ်းမိုးသော်လည်း၊ ကိုရီးယား အသွင်ပြင်များလည်း ပါဝင်နေပါသည်။
နိုင်ငံခေါင်းဆောင်၊ လူထုခေါင်းဆောင်နှင့် မြန်မာများအားလုံး ညီညွတ်၊ ရွှင်လန်းချမ်းမြေ့ပါစေ။
No comments:
Post a Comment