အိန္ဒိယ သမ္မတ ပရာတီဘာ ပတေးလ်၏ ဖိတ်ကြား မှုအရ အိန္ဒိယ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်မည့် သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် နှစ်နိုင်ငံလုံခြုံရေး ကိစ္စ ရပ်များကို အဓိက ထား ဆွေးနွေးပြီး ကူးသန်း ရောင်းဝယ် ရေးနှင့် နည်းပညာ ဖလှယ်ရေး စာချုပ် များ ချုပ်ဆိုဖွယ် ရှိကြောင်း အိန္ဒိယ - မြန်မာ အရေး လေ့လာ သူများက ဆိုသည်။“ဒီ ခရီးစဉ် မှာတော့ နယ်စပ် ဒေသ လုံခြုံရေး ကိစ္စကိုပဲ အဓိက ထားပြော မယ်လို့ ကျနော် ထင်ပါတယ်။ ပြီးတော့ နယူးဒေလီက ချမှတ် ထားတဲ့ အရှေ့ မျှော်ဝါဒ အတိုင်း မြန်မာ နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်မယ့် စီးပွားရေး ကိစ္စတွေ ကိုပဲ ပြောဖို့ များပါတယ်”ဟု နယူးဒေလီ အခြေစိုက် တောင်အာရှ ရေးရာ သုတေသန အဖွဲ့မှ အတိုင်ပင်ခံပုဂ္ဂိုလ် ကုပူးဆွာမိ က ဧရာဝတီသို့ ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် စက်မှုဖွံ့ဖြိုး တိုးတက် ရေးဝန်ကြီးဌာန ၀န်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၀န်ကြီး စသည့် ၀န်ကြီး ၁၀ ဦးခန့်လည်း လိုက်ပါလာမည် ဖြစ်ရာ စီးပွား ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ နယ်စပ် လမ်းပန်းဆက်သွယ်ရေး၊ နည်းပညာဖလှယ်ရေးများအတွက် နားလည်မှု စာချွန်လွှာများ ကို လက်မှတ်ရေးထိုးဖွယ်ရှိသည်ဟု ၎င်းက ဆိုသည်။
သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် အောက်တိုဘာ ၁၂ ရက်နေ့တွင် ဗီဟားပြည်နယ် ဂယာမြို့သို့ စတင်ရောက်ရှိမည် ဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်နေ့တွင်မှ နယူးဒေလီသို့ ရောက်လာမည်ဖြစ်ကြောင်း သိရသည်။
သူ၏ ခရီးစဉ်အတွင်း ဗုဒ္ဓ ပွင့်တော်မူရာ ဗုဒ္ဓ ဂယာ၊ ပရိနိဗ္ဗာန်စံတော်မူရာ ကုဿိနာရုံ၊ ဓမ္မစကြာ တရားဦးဟောရာ ဗာရာဏသီ တို့သို့ သွားရောက်ဖွယ်ရှိကြောင်း၊ ဂယာတွင် ကထိန်သင်္ကန်း ကပ်ဖွယ်ရှိကြောင်း၊ နယူးဒေလီရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက ခရီးစဉ်အတွင်း လိုအပ်သည်များကို လာရောက်ပြင်ဆင်နေကြကြောင်း ဂယာရှိ မြန်မာ သံဃာ အသိုင်းအ၀ိုင်းက ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ ဤခရီးစဉ်မှာ မြစ်ဆုံရေကာတာ တည်ဆောက်ရေးကို ရပ်ဆိုင်းလိုက်မှုနှင့် ပတ်သက်၍ တရုတ်-မြန်မာ အစိုးရနှစ်ရပ်တို့ အကြိတ်အနယ် ပြန်လည်ဆွေးနွေးနေသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ဦးသိန်းစိန်သည် သမ္မတ ဖြစ်ပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မေလအတွင်းက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ယခု အိန္ဒိယ ခရီးမှာ ဒုတိယ အကြိမ် ပြည်ပ ခရီးစဉ် ဖြစ်သည်။
မြန်မာအစိုးရသစ်သည် တရုတ်အစိုး၏ အမျက်ဒေါသကို မျက်ကွယ်ပြု၍ လုံခြုံရေးကိစ္စရပ်များဆွေးနွေးရန် အိန္ဒိယ ခရီးစဉ်ကို လာမည်ဖြစ်ကြောင်း အိန္ဒိယ သတင်းစာ တစောင်ဖြစ်သည့် The Pioneer သတင်းစာက ရေးသားထားသည်။
ထို့အပြင် နယူးဒေလီ အစိုးရအနေဖြင့် တရုတ်၏ လွှမ်းမိုးလာနေမှုများကို ယှဉ်ပြိုင်နိုင်ရေးအတွက် အိန္ဒိယ၏ အရှေ့မျှော် ၀ါဒ အစီအစဉ်အတွင်း မြန်မာနိုင်ငံကိုသွတ်သွင်းရန် စိတ်ပြင်းပြနေသည်ဟု သတင်းစာက ဆိုသည်။
တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုရှိနေသော အရှေ့တောင်အာရှနိုင်ငံ တခုဖြစ်သည့် ဗီယက်နမ် နိုင်ငံမှ သမ္မတသည်လည်း ဦးသိန်းစိန် နှင့် မရှေးမနှောင်းတွင် အိန္ဒိယသို့ လာရောက်မည်ဖြစ်ရာ တောင်အာရှတွင် တရုတ်နှင့် အားပြိုင်လျက် ရှိသော အိန္ဒိယအတွက် ထိုနိုင်ငံများကို ချဉ်းကပ်ရန် အခွင့်ကောင်းတခုဖြစ်နေကြောင်း အိန္ဒိယ သတင်းစာများက ရေးသားကြသည်။
The Times of India သတင်းစာက မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတွင် မပြေလည် မှု တချို့ရှိနေသော်လည်း နက်ရှိုင်းသည့် ဆက်ဆံရေး ရှိနေကြောင်း၊ သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံရေကာတာ ရပ်ဆိုင်း ရေး ထုတ်ပြန်ချက်မှာ တရုတ်နိုင်ငံလွှမ်းမိုးမှုမကင်းသော အရှေ့တောင်အာရှနိုင်ငံများအတွက် အံ့အားသင့်ဖွယ် အပြု အမူတခုဖြစ် ကြောင်း ရေးသားသည်။
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ ပြီးခဲ့သည့်နှစ်က အိန္ဒိယခရီးစဉ်တွင် ၀န်ကြီးချုပ် မာမိုဟမ်ဆင်းက မြန်မာနိုင်ငံ သည် အိန္ဒိယ၏ အရှေ့မျှော်ဝါဒအရ အာဆီယံနှင့် အိန္ဒိယကို ဆက်သွယ်ပေးမည့် အရေးပါသော ပေါင်းကူး တံတားဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဦးသိန်းစိန်၏ မြစ်ဆုံရေကာတာ ရပ်ဆိုင်းရေးကြောင့် တရုတ်မြန်မာဆက်ဆံရေး ထိခိုက်သွားမည်လားဟု မေးခွန်း ထုတ်မှုများ၊ အိန္ဒိယ-မြန်မာချစ်ကြည်ရေးခရီးစဉ်ကြောင့် အိန္ဒိယအပေါ် တရုတ်နိုင်ငံ၏ ငြိုငြင်မှု ခံရနိုင်မည်လားဟူသော မေးခွန်းထုတ်မှု များ ကလည်း ရှိနေသည်။
တောင်အာရှအရေးလေ့လာသူ ကုပူးဆွာမိကမူ ဤကိစ္စတခုတည်းနှင့် ကာလကြာမြင့်စွာ ရှိခဲ့သော နက်ရှိုင်းလှသည့် တရုတ်မြန်မာ ဆက်ဆံရေးကို ထိခိုက်နိုင်လိမ့်မည်မဟုတ်ဟု ဆိုသည်။
“တရုတ်-မြန်မာ ဆက်ဆံရေးက အိန္ဒိယ-မြန်မာဆက်ဆံရေးလို မဟုတ်ဘူး။ သူတို့ဆက်ဆံရေးက အင်မတန် နက်ရှိုင်း တော့ ဒီတချက်တည်းနဲ့ ပျက်သွားလိမ့်မှာမဟုတ်ဘူး”ဟု သူက ပြောသည်။
ကုပူးဆွာမိကဆက်၍ “မြစ်ဆုံအရေးက တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံတည်းရဲ့ ပြဿနာပဲ။ ၀န်ကြီးချုပ် မာမိုဟမ်ဆင်း အနေနဲ့ ဦးသိန်းစိန်နဲ့တွေ့တဲ့အခါ ဒီကိစ္စကို ပြောလိမ့်မှာမဟုတ်တော့ အိန္ဒိယနဲ့ တရုတ်ဆက်ဆံရေးကလည်း ထိခိုက်စရာမရှိပါဘူး”ဟု ပြောဆိုသည်။
ဒေသတွင်း နိုင်ငံများနှင့်တရုတ်နိုင်ငံ ဆက်ဆံရေးတွင် ထိခိုက်မှုတစုံတရာရှိနိုင်သည့် အရေးကိစ္စများ မရှိသော်လည်း မြန်မာ့ အရေး နှင့် ပတ်သက်၍မူ အမေရိကန်နှင့် တရုတ် ဆက်ဆံရေးများ ထိခိုက်ဖွယ်ရာ ရှိနေသည်ဟု ထင်မြင်ကြောင်း ကုပူးဆွာမိက ဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် အိန္ဒိယနှင့် သဘောတူညီထားသော ချင်းတွင်းမြစ်အထက်ပိုင်းတွင် တည်ဆောက်မည့် ထမံသီ ရေအားလျှပ်စစ် စီမံကိန်း၊ ကုလားတန် စီမံကိန်းနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းကို ဆက်သွယ်မည့်လမ်းများ ဖောက် လုပ်ရေး စီမံကိန်းတို့ကို အကောင်အထည်ဖော်နိုင်ရေး၊ စီမံကိန်းများ ကြန့်ကြာမှုများတွင် အချက်တခုဖြစ်သော နယ်စပ် ဒေသမှ အိန္ဒိယခွဲထွက်ရေးသူပုန်များကို ရှင်းလင်းရေးတို့ကို ဆွေးနွေး အကောင်အထည်ဖော်၍ နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့် နိုင်လိမ့် မည်ဟု မျှော်လင့်ကြောင်း လေ့လာသူများက ဆိုသည်။
No comments:
Post a Comment