Tuesday, October 11, 2011

အကျဉ်းသား ခြောက်ထောင်ကျော် လွှတ်မည်

သဲသဲ | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၁ ရက် ၂၀၁၁

နိုင်ငံတဝှမ်းရှိ အကျဉ်းသား ၆၃၅၉ ဦးကို အောက်တိုဘာ လ ၁၂ ရက် (သီတင်းကျွတ် လပြည့်နေ့) တွင် လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည် ဖြစ်ကြောင်း အစိုးရပိုင် ရုပ်မြင် သံကြားမှ အင်္ဂါနေ့တွင် ကြေညာ လိုက်သည်။

ထုံးစံအတိုင်းပင် နိုင်ငံရေးအကျဉ်းသားဟူ၍ သုံးနှုံးလိုခြင်း မရှိသော အစိုးရက လွှတ်ပေးမည့် သူများတွင် နိုင်ငံရေး အကျဉ်းသား မည်မျှပါမည်ကို ပြောကြားခြင်းလည်း မရှိပေ။

အကျဉ်းထောင် အသီးသီးမှ အသက်အရွယ် ကြီးရင့်သူ၊ ကျန်းမာရေး မကောင်းသူနှင့် ကိုယ်လက် အင်္ဂါချို့တဲ့သူများ အပါအဝင် စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသည့်သူ ၆၃၅၉ ဦးအား မနက်ဖြန်တွင် လွှတ်ပေးမည်ဖြစ်ကြောင်း သမ္မတ၏ အမိန့်ဖြင့် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအကျဉ်းသားတို့အား ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (ခ) အရ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ခြင်း ဖြစ်ကာ “အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့် အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားသည်။

No comments: