Wednesday, October 12, 2011

နိုင်ငံရေးအကျဉ်းသား ဆက်လွှတ်ရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

ဧရာဝတီ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က အစိုးရသစ်က နိုင်ငံရေး အကျဉ်းသား တချို့ လွှတ်ပေး လိုက်သည်ကိုကြိုဆို ကျေးဇူး တင်ကြောင်း ပြောဆိုပြီး နိုင်ငံရေး အကျဉ်း သားများ ဆက်လွှတ် ပေးရ မည်ဟု တောင်းဆို လိုက်သည်။

ယနေ့နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့တော်ဝင်နှင်းဆီ ခန်းမတွင်ကျင်းပသော နိုင်ငံရေးအကျဉ်းသားဟောင်းများ ကန်တော့ပွဲအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းထောက်များကပြောပြ သည်။

“နိုင်ငံရေးအကျဉ်းသား တယောက်လွှတ်လည်း ကျေးဇူးတင်တယ်။ လောလောဆယ်သိထားတာ ၁၀၀ လောက်လွှတ်ပြီလို့ သိထား တယ်။ ဘာပဲပြောပြောလွှတ်တာ ကျေးဇူးတင်တယ်။ အားလုံးကို ဆက်လွှတ်ပေးရမယ်။ လွှတ်ပေးမယ်လို့လည်း မျှော်လင့်တယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

သတင်းစာဆရာကြီးဦးဝင်းတင်ကမူ အကျဉ်းသားများလွှတ်ပေးမှုကို ကြိုဆိုသော်လည်း နိုင်ငံရေးအကျဉ်းသားများကို အခြားပြစ်မှုအကျဉ်းသားများနှင့်အတူ တစ်တန်းတည်းထား လွှတ်ပေးမှုကို မကျေနပ်မှုမရှိကြောင်း ပြောကြားသည်။

ရန်ကုန် အင်းစိန်ထောင်နှင့် ရန်ကုန်တိုင်းအတွင်းရှိ အလုပ်စခန်းများမှ အကျဉ်းသား ၆၄၂ ဦး လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်
ပြီး နိုင်ငံရေးအကျဉ်းသား ၇ ဦး ပါဝင်ကြောင်း အင်းစိန်ထောင် တာဝန်ခံ အရာရှိ ဦးကျော်ခင်က ပြောသည်။

ထိုသို့ လွှတ်ပေးရာတွင် ပြစ်ဒဏ်ကျခံနေရသော တပ်မတော် ထောက်လှမ်းရေးများ မပါဝင်ကြောင်း ဦးကျော်ခင်က ဆိုသည်။

လူရွှင်တော် ဇာဂနာ လွတ်မြောက်ပြီဟု မိသားစု ၀င်များ အဆိုအရ သိရ သော်လည်း ယခု အချိန်အထိ လွတ်မြောက် လာသော နိုင်ငံ ရေး အကျဉ်းသား စာရင်း အပြည့်အစုံကို မသိရှိရသေးပေ။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ စာရင်းအရ မြန်မာနိုင်ငံ အကျဉ်း ထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားပေါင်း ၂၀၀၀ ၀န်းကျင်ရှိကြောင်း သိရသည်။

No comments: