Friday, December 2, 2011

ဟီလာရီကလင်တန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

ပီတာအောင်

မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်ဟာ ဒီနေ့ မနက်ပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သားလမ်းရှိ​ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်​ ​ခေါင်းဆောင်​ ​ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဟီလာရီကတင်တန်ဟာ မနက် ၉ နာနရီကနေ ၁၀ နာရီ​ ​ကျော်လောက်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီကြာ သီးသန့်တွေ့ဆုံခဲ့ပြီး နောက်​ ​ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးသန်းထွန်း၊ ဦးညွန့်ဝင်း၊ ဦးဉာဏ်ဝင်း ဗဟို အလုပ် အမှုဆောင်အဖွဲ့​ ၁၁ ဦးနဲ့​ ၁၁ နာရီအထိ တွေ့ဆုံခဲ့တယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဟံသာမြင့်က ပြောပါတယ်။

ဒါပေမယ့် ဆွေးနွေးတဲ့အကြောင်းရာတွေကိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က ရှေ့ကို အတူတကွ ဆက်သွားကြမယ်ဆိုရင် ဒီမိုကရေစီခရီး နောက်ကြောင်း ပြန်လှည့်မှာ မဟုတ်ဘူးလို့ ယုံကြည်တဲ့အကြောင်း၊ ဒါပေမယ့် ဒီမိုကရေစီလမ်းကိုတော့ မရောက်သေးဘူးလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရရဲ့ မြန်မာအစိုးရနဲ့ ထိတွေ့ ဆက်ဆံနေတဲ့ မူဝါဒကို အသိအမှတ်ပြုတဲ့ အကြောင်း၊ ဒါဟာ နှစ်နိုင်ငံစလုံးအတွက် သမိုင်းဝင်အချိန် ဖြစ်တဲ့အကြောင်း၊ ဒီတွေ့ဆုံမှုတွေကနေ လွတ်လပ်ရေးရပြီးကတည်းက ရှိခဲ့တဲ့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးတဲ့ နားလည်မှုရှိတဲ့ ဆက်ဆံရေးအသစ်ဆီ ပြန်လည် သွားနိုင်လိမ့်မယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

မစ္စကလင်တန်ကတော့ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ တိုးတက်ဖို့အတွက် မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ရော အစိုးရနဲ့ပါ အတူပူးတွဲ အလုပ်လုပ်ချင်တဲ့အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တည်ကြည်ခိုင်မာတဲ့ ပြတ်သားတဲ့ခေါင်းဆောင်မှုကို ချီးကျူးတဲ့အကြာင်း ပြောကြားခဲ့ပါတယ်။

ဒီကနေ့ လူရွှင်တော် ဇာဂနာ အပါအ၀င် တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်း သားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အမေရိကန်အစိုးရရဲ့ အဆင့်မြင့်ကိုယ်စားလှယ်တဦးရဲ့ ပထမဆုံး ခရီးစဉ် အဖြစ် မြန်မာ နိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကတည်းက ရောက်ရှိနေတာပါ။

မနေ့ မနက်ပိုင်းက နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့က အဆင့်မြင့်အရာရှိတွေအပြင် လွှတ်တော် အကြီး အကဲတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မနေ့ညနေပိုင်းက ရန်ကုန်ကို ရောက်ရှိလာပြီးတော့ ရွှေတိဂုံဘုရားကို သွားရောက်ဖူးမျှော်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညစာ စားပြီး အလွတ်သဘော တွေ့ဆုံခဲ့ပါသေးတယ်။

No comments: