Friday, December 2, 2011

SSA တောင်ပိုင်းနှင့် အစိုးရ ကိုယ်စားလှယ်များ ထပ်တွေ့မည်

သန်းထိုက်ဦး on December 2, 2011


အစိုးရ တာဝန်ရှိသူများနှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) အဖွဲ့ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးအတွက် ယခုရက် ပိုင်း ထပ်မံ ဆွေးနွေးကြမည်ဟု SSA-S နှင့် နီးစပ်သူတဦးက ပြောသည်။

SSA-Sမှ ဗိုလ်ချုပ် စိုင်းလု ဦးဆောင်သော ကိုယ်စားလှယ် ၈ ဦးသည် အစိုးရနှင့် ငြိမ်းချမ်းရေး အစီအစဉ်ကို ထပ်မံ ဆွေးနွေးရန် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ယမန်နေ့က ရောက်ရှိနေပြီဟု SSA-S နှင့် နီးစပ်သူက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တနေရာ၌ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နောက်ဆုံး တွေ့ဆုံခဲ့ကြသည်။

SSA-S နှင့် နီးစပ်သူကမူ အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည့် ကိစ္စနှင့်ပတ်သက်ပြီး လတ်တလော မသိရှိရသေးသော် လည်း နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ် ငြိမ်းချမ်းရေး သဘောတူလက်မှတ်ရေးထိုးရန် ဦးအောင်မင်းက ပြောကြားခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

“SSA ဘက်ကတော့ နေပြည်တော်ကတင်ပြချက် လေးချက်ကို လက်ခံတယ်လို့ပြောပြီပြီး၊ သူတို့ဘက်က တင်ပြချက် လေးချက် ကို ဘယ်လိုမြင်လဲ ဆိုတာ ဆွေးနွေးကြမှာပေါ့”ဟု ၎င်းက ဆိုသည်။

နှစ်ဘက် တွေ့ဆုံပွဲ၌ သဘောတူ လက်မှတ်ရေးထိုးရန် အတွက် အစိုးရ ကိုယ်စားလှယ်များအပေါ် မူတည်ကြောင်း SSA-S နှင့် နီးစပ်သူက ဆက်ပြောသည်။

အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရနှင့် SSA-S ထိန်းချုပ်ထားသော နယ်မြေများတွင် နှစ်ဘက် တပ်ဖွဲ့ ၀င်များ လက်နက်ကိုင်ဆောင်၍ သွားလာခွင့် မပြုရေး၊ ဗဟိုအစိုးရနှင့်တွေ့ဆုံဆွေးနွေးရေး စသည့် အချက်များကို အစိုးရ ကိုယ်စားလှယ်များက ချပြကြောင်း သိရသည်။

SSA-Sဘက်က အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေး၊ မိမိ ထိန်းချုပ် နယ်မြေတွင် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ လုပ်ဆောင်နိုင်ရေး၊ အစိုးရနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး တိုက်ဖျက် ရေး စသည့် အချက်များကို တောင်းဆိုထားခြင်း ဖြစ်သည်။

သြဂုတ်လဆန်းပိုင်းတွင် အစိုးရက ငြိမ်းချမ်းရေး ဖော်ဆောင်လိုသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရများနှင့် ဆက်သွယ်ဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။

ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း SSA-S တပ်ဖွဲ့ဝင်များ အနေနှင့် အစိုးရထံသို့ ငြိမ်းချမ်းရေးဆွေးနွေးရန် အကြောင်းကြားခဲ့သောကြောင့် ယခုကဲ့သို့ တွေ့ဆုံနိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဤအတောအတွင်း အစိုးရ ကိုယ်စားလှယ်များကလည်း ကချင်လွတ်လပ်ရေး အဖွဲ့(KIO)မှ ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပြီး အင်္ဂါနေ့က တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

KIO ဘက်က ဥက္ကဌ ဦးဇောင်းဟရား (Zawng Hra) ဦးဆောင်၍ ၆ ဦး ပါဝင်ပြီး အစိုးရဘက်က ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဦးအောင်သောင်း၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အမတ် ဦးခက်ထိန်နန်တို့ ပါဝင်သည်။

သို့သော် ယင်းဆွေးနွေးချက်များကို နှစ်ဘက် သဘောတူ လက်မှတ်ထိုးခြင်း မရှိကြောင်း၊ ကချင်ဒေသ စစ်ပွဲများရပ်စဲရေး အတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အဓိက တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ကြောင်း KIO က ဆိုသည်။

SSA-S တပ်က ယခင် မြန်မာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မယူရသေးသည့် တိုင်းရင်းသားတပ်ဖွဲ့ အနည်းစုတွင်ပါဝင်သည့် လက်နက်ကိုင်အဖွဲ့ တခုဖြစ်သည်။

SSA-S သည် ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ်(SURA)မှ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ဖြစ် သည်။ SURA သည် ၁၉၉၆ ခုနှစ်တွင် မြန်မာ စစ်အစိုးရထံ လက်နက်ချခဲ့သော ခွန်ဆာဦးဆောင်သည့် မော်ထိုင်း တပ်မတော် (MTA)မှ ခွဲထွက် အဖွဲ့ဖြစ်သည်။

No comments: