Friday, December 2, 2011

ကချင်ပြည်နယ်တွင် အရပ်သားများကို ရထားသံလမ်းကင်း စောင့်ခိုင်း

သျှမ်းသံတော်ဆင့်

KIA နှင့် အစိုးရ တပ်တို့ တိုက်ပွဲများ ဖြစ်ပွား နေသည့် ကချင်ပြည် နယ်အတွင်း မိုးကောင်းနှင့် ဟိုပင်မြို့ နယ်များတွင် ကျေးရွာ သားများ အားမီးရထားသံလမ်း လုံခြုံရေး ကင်းစောင့်ခိုင်းနေကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့က စ၍ ကျေးရွာအုပ်ချုပ်ရေးအာဏာပိုင် အမိန့်ဖြင့် ကင်းစောင့်ခိုင်းခြင်း ဖြစ်ကြောင်း မိုးကောင်းမြို့နယ် ကုန်းတန်း ကြီးရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးပြောတာ သံလမ်းကင်းကို ပြည်သူ့စစ်နဲ့မီးသတ်ပဲစောင့်ခိုင်းမယ်တဲ့ကျေးရွာအုပ်ချုပ် ရေးမှူးကျတော့ သံလမ်း ကင်း ကိုရွာသားတွေကို စောင့်ခိုင်းတယ်ဗျာ မိုးကောင်းနဲ့ ဟိုပင်သံလမ်းဘေးကရွာတွေ အကုန်လုံးပဲ နန်းခွင် ၊ ပွင့်ဖြူ ၊ ကုန်းတန်းကြီး ၊ ပင်းဘော ၊ မရမ်းအထိပေါ့ဗျာ ” ဟု သူက ပြောသည်။

တစ်ည တစ်ရွာလျှင် ၁၀ ဦးနှုန်းဖြင့် သံလမ်းနံဘေး တဲထိုး၍ ည ၆ နာရီမှ နံနက် ၆ နာရီအထိ အလှည့်ကျ စောင့်ရကြောင်း သိရသည်။

ထိုသို့ ကင်းစောင့်နေစဉ် အစိုးရစစ်တပ်မှ ကင်းသမား နံမယ်များကို မှတ်ယူထားကာ ဗုံးကွဲပါက ကင်းသမား တာဝန်ဖြစ် သည် ဟု ဆိုသဖြင့် စိုးရိမ်နေရကြောင်းလည်း သူက ဆိုသည်။

“ည ၈နာရီထိုးလောက်ဆို စစ်တပ်က ဆိုင်ကယ်နဲ့ရောက်လာပြီး ကင်းသမား နံမယ်တွေလိုက် မေးတယ် စကားဝှက်နဲ့ သူ တို့ တပ်ရင်းကို ဖုန်းဆက်ပို့တယ် တကယ်လို့ မိုင်းကွဲလို့ မသိဘူးဆိုရင် တရားခံဖြစ်နေပြီပေါ့” ဟု ဆိုသည်။

အဆိုပါ သံလမ်းနံဘေးတွင် ည ၈ နာရီကျော်လျှင် လူမဖြတ်ရဟု နိုဝင်ဘာလ ၂၈ ရက်နေ့ကစ၍ အမိန့်ထုတ်ပြန် ထားပြီး သံလမ်းနံဘေးရှိ လယ်ကွင်းများအတွင်းမှ လူနေတဲများကိုလည်း ဖျက်ဆီးခိုင်းထားကြောင်းသိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်အဝင် တံတားများတွင် ဆိုင်ကယ်ဖြတ်မစီးရအမိန့် ထုတ်ပြန်ထား သော ကြောင့် ဆိုင်ကယ်များ ကွင်းလမ်းမှတဆင့်သွားလာနေရကြောင်း ကားများသွားလာ နိုင်သော် လည်း စစ်တပ်မှ ကားသမားများ ထံမှ ပေါ်ပေါ် ထင်ထင် ငွေတောင်းယူနေကြောင်း သိရသည်။

No comments: